Wednesday, November 28, 2018

ဆွေးနွေးပွဲစကားဝိုင်းကို မပျောက်စေချင်သည့် သဘောထား အားလုံးတွင် ရှိခြင်းသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရှေ့ဆက်နိုင်ရန်ကောင်းသော လက္ခဏာ ဖြစ်ဟု UPDJC အတွင်းရေးမှူး အဖွဲ့ဝင်ပြော


ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် ဆွေးနွေးပွဲစကားဝိုင်း မပျောက်စေချင်သည့်  သဘောထားများမှာ အဖွဲ့အစည်း အားလုံးတွင် ရှိနေခြင်းသည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ရှေ့ဆက်သွားနိုင်ရန် ကောင်းမွန်သောလက္ခဏာဖြစ်ကြောင်း ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ(UPDJC) နိုင်ငံရေးပါတီများ အစုအဖွဲ့မှ အတွင်းရေးမှူးအဖွဲ့ဝင် ဦးမင်းဇေယျာဦးက နိုဝင်ဘာလ ၂၈ရက်တွင် ပြောသည်။ 
''အခက်အခဲတွေတော့ ရှိတာပေါ့။ သို့သော် ဆွေးနွေးပွဲစကားဝိုင်းကို မပျောက်စေချင်တဲ့ သဘောထားက အဖွဲ့အစည်းအားလုံးမှာ ရှိနေတော့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ရှေ့ဆက်နိုင်မယ့် ကောင်းတဲ့လက္ခဏာ တစ်ရပ်ရှိနေပါတယ်။ ရှေ့ဆက်သွားမှာပါ'' ဟု ၎င်းက ပြောသည်။ 

ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်များသည် လက်ရှိအချိန်တွင် ရပ်တန့်နေသကဲ့သို့ ဖြစ်သွားကြောင်း ထိပ်သီး ခေါင်းဆောင်များ တွေ့ဆုံမှုအပြီးတွင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်သည် ပိုမိုရှုပ်ထွေးလာကြောင်းကိုလည်း သုံးသပ် ဝေဖန်မှုများ ထွက်ပေါ်နေသည်။ 

''ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဟာ မျှော်လင့်ထားသလောက် ရှေ့မတိုးနိုင်တာမှန်ပါတယ်။ သို့ သော် ဒီလုပ်ငန်းစဉ်ကြီး ရပ်တန့် သွားအောင် ပျက်သွားအောင်အထိတော့ မဖြစ်နိုင်ပါဘူး။ အခက်အခဲတွေရှိနေတဲ့ ကြားက ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဟာ ရှေ့ဆက်နေမှာပါ ''ဟုနိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောသည်။ 

လက်ရှိအချိန် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်သည် ရှေ့ဆက်သွားနိုင်ရန် အခက်အခဲတချို့ဖြစ်ပေါ်နေကာ NCA လက်မှတ်ထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ အတွင်း ဦးဆောင်သူ အပိုင်း အပြောင်းအလဲများ ဖြစ်ပေါ်နေသည်။ 

ကိုဖူးသစ်
Isee Media 

0 comments:

Post a Comment