Sunday, January 6, 2019

ရေအားလျှပ်စစ်စက်ရုံသည် ရေဘေးကာကွယ်ခြင်း၊ ဆည်မြောင်း စသည့်ကဏ္ဍများတွင် အသုံးပြုနိုင်သဖြင့် ဥရောပ၊ အမေရိကန် စသည့်နိုင်ငံများတွင် ကျယ်ပြန့်စွာ အသုံးပြုနေကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ပြောကြား



ရေအားလျှပ်စစ် စက်ရုံသည် ရေဘေးကာကွယ်ခြင်း၊ ဆည်မြောင်း စသည့်ကဏ္ဍများတွင် အသုံးပြုနိုင်သဖြင့် ဥရောပ၊ အမေရိကန်စသည့် နိုင်ငံများတွင် ကျယ်ပြန့်စွာ အသုံးပြုနေကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Mr. Hong Liang က မန္တလေးတိုင်းဒေသကြီးရှိ ရဲရွာရေအားလျှပ်စစ်စက်ရုံသို့ လေ့လာပြီးနောက် မီဒီယာများ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။ 
သံအမတ်ကြီး Mr. Hong Liang က ရဲရွာရေအားလျှပ်စစ် စက်ရုံ၏ စက်တပ်ဆင်အားမှာ ခုနစ်သိန်းကိုးသောင်း ကီလိုဝပ် ရှိကြောင်း၊ လျှပ်စစ်ဓာတ်အား ထုတ်လွှတ်မှုသည် မြန်မာနိုင်ငံ စုစုပေါင်း လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်စွမ်း၏ ၂၅ ရာခိုင်နှုန်းဖြစ်ကြောင်း၊ ၎င်းစက်ရုံ တည်ဆောက်ခြင်းသည် ရန်ကုန်၊ နေပြည်တော်၊ မန္တလေးစသည့် မြို့ကြီးများ၏ လျှပ်စစ်ဓာတ်အား လိုအပ်သည့် ပြဿနာကို ဖြေရှင်းပေးပြီး မြန်မာနိုင်ငံ စီးပွားရေးနှင့် လူမှုအဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်မှု အတွက်လည်း အရေးပါသည့်အကျိုး ထမ်းဆောင်ပေးခဲ့ကြောင်း၊ အဆိုပါစက်ရုံကို တရုတ်ကုမ္ပဏီက တာဝန်ယူ တည်ဆောက်၍ မြန်မာနိုင်ငံအတွက် နည်းပညာရှင် အများအပြားကို လေ့ကျင့်မွေးထုတ်ပေးခဲ့ပြီး တရုတ်-မြန်မာ ရေအားလျှပ်စစ်ကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးအတွက် စံနမူနာစီမံကိန်း ဖြစ်ကြောင်း ပြောကြားသည်။ 

ထို့ပြင် လက်ရှိတွင် မြန်မာနိုင်ငံ အစိုးရသည် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အဓိက လုပ်ငန်းအဖြစ် ဖော်ဆောင်လျက်ရှိကြောင်း၊ သို့သော်လည်း လျှပ်စစ်ဓာတ်အား မလုံလောက်သည့် ပြဿနာသည် မြန်မာနိုင်ငံမှ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ဆွဲဆောင်ရေးနှင့် စက်မှုနိုင်ငံအဖြစ် တည်ထောင်ရေး လုပ်ငန်းစဉ်အတွက် အကန့်အသတ်တစ်ခု ဖြစ်နေကြောင်း ၎င်း၏အဆိုအရ သိရသည်။ 

ရေအားလျှပ်စစ်သည် သန့်စင်၍ ဈေးနှုန်းသက်သာသည့် စွမ်းအင်အနေဖြင့် နိုင်ငံတကာ၏ အသိအမှတ်ပြုခြင်း ခံရကြောင်း၊ ရေအားလျှပ်စစ်စက်ရုံသည် ရေဘေးကာကွယ်ခြင်း၊ ဆည်မြောင်း စသည့်ကဏ္ဍများတွင်လည်း အကျိုးရှိစွာ အသုံးပြုနိုင်သဖြင့် ဥရောပ၊ အမေရိကန် စသည့်နိုင်ငံများတွင်လည်း ကျယ်ပြန့်စွာ အသုံးပြုလျက်ရှိကြောင်း သံအမတ်ကြီး Mr. Hong Liang က ဆက်လက်ပြောကြားခဲ့သည်။ 

ထို့ပြင် မြန်မာနိုင်ငံတွင် ရေအားလျှပ်စစ် အရင်းအမြစ်ကြွယ်ဝပြီး ဧရာဝတီ၊ သံလွင်မြစ် စသည့်မြစ်များတွင် ဖော်ဆောင်နိုင်သည့် အရင်းအမြစ် များစွာရှိကြောင်း၊ ရေအားလျှပ်စစ် ဖော်ဆောင်ခြင်းသည် မြန်မာနိုင်ငံ၏ ပြည်တွင်း လျှပ်စစ်လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်သည့်အပြင် ရင်းနှီးမြှုပ်နှံရေး ပတ်ဝန်းကျင်ကို ကောင်းမွန်စေပြီး နိုင်ငံတော်၏ ယှဉ်ပြိုင်နိုင်မှုစွမ်းရည်ကို မြှင့်တင်ကာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများကိုလည်း ပိုမိုဆွဲဆောင်နိုင်ကြောင်း၊ မြန်မာနိုင်ငံ၏ အိမ်နီးချင်း ဆွေမျိုးပေါက်ဖော်အနေဖြင့် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးကို ဆက်လက် ထောက်ခံအားပေးကာ လျှပ်စစ်ကဏ္ဍတွင် နှစ်ဦးနှစ်ဖက် ပူးပေါင်းဆောင်ရွက်မှုကို ထပ်ဆင့်တိုးမြှင့်လိုပြီး မြန်မာနိုင်ငံ ပြည်သူများကို အကျိုးကျေးဇူးများ ခံစားစေလိုကြောင်း ၎င်းကဆက်လက် ပြောကြားသည်။ 


Eleven Media Group


0 comments:

Post a Comment