Wednesday, January 2, 2019

ဘင်္ဂလားဒေ့ရှ် အနိုင်ရပါတီ အာဏာပိုသုံးလာဖွယ် ရှိ


ဘင်္ဂလားဒေ့ရှ်နိုင်ငံရွေးကောက်ပွဲမှာ မဲအများစုနဲ့ တတိယအကြိမ် အနိုင်ရခဲ့တဲ့ လက်ရှိအာဏာရ အဝါမီလိဂ်ပါတီ ခေါင်းဆောင်၊ ဝန်ကြီးချုပ် ရှိတ်ဟာဆီနာ အနေနဲ့ အာဏာကို ပိုမိုသုံးစွဲလာနိုင်ခြေရှိတယ်လို့ AP သတင်းကဖော်ပြပါတယ်။ 
တနင်္ဂနွေနေ့က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲ အတွင်း အကြမ်းဖက်မှုတွေဖြစ်ပွားခဲ့တာကြောင့် သေဆုံးသူ တဒါဇင်ကျော်ရှိခဲ့ပြီး၊ ရွေးကောက်ပွဲမတိုင်ခင် မဲဆွယ်ကာလတုန်းကလည်း အတိုက်အခံပါတီတွေက ထောင်နဲ့ချီတဲ့လူတွေ ဖမ်းဆီးခံရ၊ အကျဉ်းချခံခဲ့ရပါတယ်။
  
အင်္ဂါနေ့ကလည်း အတိုက်အခံကို မဲပေးခဲ့တဲ့ ကလေး ၄ ယောက်မိခင်တဦးကို ရှိတ်ဟာဆီနာ ထောက်ခံသူတွေက အုပ်စုလိုက် အဓမ္မကျင့်ခဲ့ကြတယ် ဆိုတဲ့သတင်းကြောင့် ရာနဲ့ချီတဲ့ လူတွေ လမ်းပေါ်ထွက်ဆန္ဒပြခဲ့ကြပါတယ်။ 

ရွေးကောက်ပွဲ မဲဆွယ်ကာလအတွင်း ဝန်ကြီးချုပ် ရှိတ်ဟာဆီနာက တံတား၊ နျူးကလီယား၊လျှပ်စစ် ဓာတ်အားပေးစက်ရုံ၊ မြေအောက်ရထားလမ်း ဆိုတဲ့ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းသုံးခု အကောင်အထည်ဖော်မယ်လို့ ကတိပြုခဲ့ပါတယ်။ဝေဖန်သူတွေကတော့ ဖွံဖြိုးတိုးတက်မှုကို လူထုရဲ့အခွင့်အရေး ၊ လူထုရဲ့အသံ နဲ့ လဲလှယ်ရမယ် ဆိုရင်တော့ မဟုတ်သေးဘူးလို့ ပြောဆိုကြပါတယ်။ 

ဒီအတောအတွင်း အမေရိကန်ပြည်ထောင်စုကလည်း ဘင်္ဂလားဒေ့ရှ်ရွေးကောက်ပွဲကာလအတွင်း အာဏာရပါတီဘက်က ခြိမ်းခြောက်၊ နှောက်ယှက်၊ အကြမ်းဖက်တာတွေ ပေါ်ပေါက်ခဲ့တဲ့အပေါ် စိုးရိမ်ကြောင်း ပြောဆိုလိုက်ပြီး ရွေးကောက်ပွဲကော်မရှင်အနေနဲ့ ဥပဒေနဲ့မညီတာတွေအပေါ် အပြုသဘောဆောင် ဖြေရှင်းပေးဖို့ တိုက်တွန်းခဲ့ပါတယ်။ 

ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာဆီနာ။ 
(Photo : AFP)
RFA

0 comments:

Post a Comment