တနင်္သာရီတိုင်းတွင် ကျပ်ငါးရာတန်ထက် ကျပ်တစ်ထောင်တန်ထီလက်မှတ်မှာယူမှု နှစ်ဆကျော်ပိုများနေကြောင်း တိုင်းဒေသကြီး ပြည်တွင်းအခွန်များဦးစီးဌာနထံမှ သိရသည်။
ကျပ်တစ်ထောင်တန် အောင်ဘာလေ ထီလက်မှတ် စတင်ရောင်းချမည့် ဖေဖော်ဝါရီလတွင် ကျပ်တစ်ထောင်တန် ထီလက်မှတ် အုပ်ရေစုစုပေါင်း ငါးသောင်းခွဲခန့် (၅၅၁၅၀ အုပ်) မှာယူထားကြပြီး ငါးရာကျပ်တန်ထီလက်မှတ်ကို အုပ်ရေ နှစ်သောင်း ခွဲနီးပါး (၂၄၉၀၂ အုပ်) မှာယူထားကြကြောင်း အထက်ပါဌာန၏ စာရင်းများအရ သိရသည်။
တစ်ထောင်တန် ထီလက်မှတ်များကို ယခင်ငါးရာကျပ်တန်ရောင်းချနေသည့် လုပ်ငန်းရှင်များက အုပ်ရေ သုံးသောင်းကျော် မှာယူထားပြီး၊ ယခုမှ လုပ်ငန်းစတင် လုပ်ကိုင်မည့်သူများက အုပ်ရေနှစ်သောင်း ကျော်မှာယူထားကြောင်း အထက်ပါဌာန စာရင်းများအရသိရသည်။
“သူတို့ (ထီလုပ်ငန်းရှင်) တွေမှာ ထားတဲ့စာရင်းအတိုင်းတော့ ရုံးချုပ်ကို တင်ပြထားတယ်။ ဘယ်လောက်ကျလာမလဲဆိုတာတော့ မသိသေးဘူး”ဟု တနင်္သာရီတိုင်း ပြည်တွင်းအခွန်များ ဦးစီးဌာန တိုင်းဦးစီးမှူး ဦးကျော်ရဲထွန်းက ဆိုသည်။
တိုင်းအတွင်း အောင်ဘာလေထီ လက်မှတ်များကို ပြည်တွင်းအခွန်များ ဦးစီးဌာနတွင် ဝယ်ယူရောင်းချသူများ ရှိသကဲ့သို့ မိုးယံ၊ ရွှေမြန်မာ စသည့် ပုဂ္ဂလိက ထီဆိုင်များမှတစ်ဆင့် မှာယူရောင်းချ သူများလည်းရှိသည်။
ပုဂ္ဂလိက ထီဆိုင်များမှတစ်ဆင့်မှာ ယူရောင်းချသူများအနက် အချို့မှာ တစ်ထောင်တန်ထီလက်မှတ်များကို မှာယူထားပြီးဖြစ်ကာ အချို့ကမူ မမှာယူရသေးဟု ဆိုသည်။
“တစ်ထောင်တန်ဆို ငွေအရင်းကလည်း ကြီးလာတယ်ဆိုတော့ မဝယ်သေးဘူး။ အခြေအနေ စောင့်ကြည့်နေသေးတယ်”ဟု ထားဝယ်မြို့မှ မိုးယံ (ပင်ရင်း) ထီဆိုင်ကိုယ်စားလှယ် ဦးဝင်းရွှေက ပြောသည်။
လာမည့် ဖေဖော်ဝါရီလ ၁ ရက်မှ စတင်ပြီး မြန်မာတစ်နိုင်ငံလုံးတွင် တစ်ထောင်ကျပ်တန်ထီလက်မှတ်နှင့် ငါးရာကျပ်တန် ထီလက်မှတ်များကို ပူးတွဲရောင်းချမည်ဖြစ်သည်။
တစ်ထောင်ကျပ်တန် ထီလက်မှတ်၏ အမြင့်ဆုံးဆုကြေးမှာ ကျပ်သိန်းပေါင်း တစ်သောင်းငါးထောင်ဖြစ်ပြီး ငါးရာကျပ် တန်ထီလက်မှတ်၏ အမြင့်ဆုံးဆုကြေးမှာ ကျပ်သိန်းပေါင်းတစ်သောင်းဖြစ်ကြောင်း အောင်ဘာလေသိန်းဆုဌာနက ကြေညာထားသည်။
၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ က ဖွင့်လှစ်ခဲ့သည့် ၂၂ ကြိမ်မြောက် ငါးရာကျပ်တန် အောင်ဘာလေထီမှ အမြင့်ဆုံး ကျပ်သိန်းတစ်သောင်းဆုကို မွန်ပြည်နယ်က ဇနီးမောင်နှံစုံတွဲက ဆွတ်ခူးခဲ့သည်။
Dawei Watch
The Voice







0 comments:
Post a Comment