ရခိုင်ပြည်နယ် ဝန်ကြီးချုပ်အပါအဝင် ပြည်နယ်အစိုးရအဖွဲ့ ယာဉ်တန်းကို မိုင်းဆွဲ တိုက်ခိုက်ခံရမှုနှင့် ပတ်သက်ပြီး အခင်းဖြစ်ပွားခဲ့သည့် ပတ်ဝန်းကျင်အတွင်း သံသယရှိသူများကို စောင့်ကြည့်နေကြောင်း ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံး ပြည်နယ်ရဲမှူးကြီးကြည်လင်းက ပြောသည်။
“သတ်မှတ်ချက်အတိုင်းတော့ ဖြစ်စဉ်ဖြစ်တဲ့နေရာ ပတ်ဝန်းကျင်မှာ သံသယရှိတဲ့သူတွေကို စစ်ဆေးဆောင်ရွက်တာရှိမှာပေါ့၊ လောလောဆယ်တော့ ဖမ်းဆီးတာတို့ မရှိသေးဘူး။ ဒီနားမှာရှိတာတော့ ခင်ဗျားတို့ သိပြီးဖြစ်မှာပါ။ အဲဒီအဖွဲ့ပဲ ဖြစ်မှာပေါ့”ဟု ပြည်နယ်ရဲမှူးကြီး ကြည်လင်းက ဆိုသည်။
ပြည်နယ်ဝန်ကြီးချုပ်ဦးညီပု၊ စည်ပင်သာယာရေးဝန်ကြီး ဦးဝင်းမြင့်၊ ဘဏ္ဍာရေး၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်းတို့သည် ကျောက်ဖြူ မြို့နယ်၌ လူထုတွေ့ဆုံပွဲ ဖွံ့ ဖြိုးရေးလုပ်ငန်းများ လုပ်ဆောင်ပြီး စစ်တွေမြို့သို့အပြန် ဇန်နဝါရီ ၁ ရက်နေ့တွင် မြောက်ဦးမြို့နယ် နန်းကျကျေးရွာနှင့် လောင်းကြတောင်မော် ကျေးရွာကြား၌ မိုင်း ၃ လုံး ဖောက်ခွဲကာ တိုက်ခိုက်ခံခဲ့ရသည်။
“ဒါကတော့ ကိုယ်လုပ်တဲ့အလုပ်မှမဟုတ် လူလုပ်တဲ့အလုပ်ကို ကိုယ့်ဘက်ကတော့ သတိထားရမယ်။ လုပ်တဲ့သူကိုလည်း မလုပ်ပါနဲ့လို့ တားလို့ရတာမဟုတ်။ တိကျမှုမရှိဘဲ လူထုကို သံသယနဲ့ ပြောလို့ မကောင်းဘူး။ လူကြီးလမ်းကြောင်းထဲမှာ ဖြစ်တယ်ဆိုတော့ အစိုးရကိုဦးတည်တာလို့ပြောရမှာပဲ”ဟု စည်ပင်သာယာရေး ဝန်ကြီးဦးဝင်းမြင့်က ဆိုသည်။
မိုင်းပေါက်ကွဲသည့် နေရာသည် မြောက်ဦးမြို့အဝင်ရှိ ခမရ ၅၄၀၊ ၃၇၇ စသည့် တပ်ရင်းတို့နှင့် ၄ မိုင်ခန့်သာကွာဝေးနေသော်လည်း ယင်းသို့ မိုင်းပေါက်ခွဲမှုဖြစ်သည့်ပေါ် လူထုကြားဝေဖန် ပြောဆိုနေကြပြီး သံသယရှိသည်ဟုဆိုကာ ဒေသခံများအား သက်ဆိုင်ရာက ဖမ်းဆီးစစ်ဆေးမည်ကိုလည်း စိုးရိမ်နေကြကြောင်း သိရသည်။
“တပ်နဲ့လည်းနီးစပ်တယ်၊ လူသွား လမ်းပေါ်လည်းဖြစ်တယ်။ လူပြတ်တဲ့ နေရာလည်းမဟုတ်ဘူး။ ဒါပေမဲ့ ဘယ်လိုပုံစံနဲ့ ဘယ်လိုဖြစ်တာကို ကျွန်တော်တို့ တိတိကျကျမသိခဲ့ဘူး။ ဖြစ်ပြီးတာလည်း ဖြစ်ပြီးပြီ။ နောက်မဖြစ်အောင် ဘယ်လိုလုပ်ကြမလဲပေါ့၊ ကျွန်တော်ကတော့ ဖြစ်သမျှအကြောင်း အကောင်းပဲ”ဟု ဝန်ကြီး ဦးဝင်းမြင့်က ဆိုသည်။
၎င်းမိုင်းသုံးလုံးမှာ ဒေသန္တရလုပ် အဝေးထိန်းမိုင်းဖြစ်ပြီး လူတစ်ဦးတစ်ယောက်မှ ထိခိုက်မှုမရှိသော်လည်း မြောက်ဦးခရိုင်မှူး စီးနင်းလာသည့်ကားမှာ ပျက်စီးထိခိုက်မှုရှိကြောင်း အစိုးရက ထုတ်ပြန်ထားသည်။
၂၀၁၈ ခုနှစ် နိုဝင်ဘာလအတွင်းက နေပြည်တော်မှ စစ်တွေသို့အပြန် မြောက်ဦး မြို့၌ ဝန်ကြီးချုပ်စီးနင်းလာသည့်ကား ချောင်းထဲသို့ ထိုးကျမှုတစ်ခု ဖြစ်ပွားခဲ့သည်။
အလားတူ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနှင့် အစိုးရအဖွဲ့ ဝန်ကြီးအချို့သည် ၂၀၁၇ ခုနှစ် ဒီဇင်ဘာအတွင်းက အမ်းမှ စစ်တွေသို့အပြန် ယောချောင်းတံတား အနီးတွင် မိုင်းဆွဲ တိုက်ခိုက်ခြင်းခံရသည်။
The Voice






0 comments:
Post a Comment