တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်က ၎င်း၏ဆွေမျိုးဖြစ်သူကို ကိုယ်ရေးအရာရှိအဖြစ် ခန့်ထားခြင်းမရှိကြောင်း ပြောဆိုမှုမှာ လိမ်ညာသည့်သဘောဖြစ်နေပြီး ပြည်သူကို မစော်ကားသင့်ကြောင်း တိုင်းဒေသကြီးလွှတ် တော်ဥက္ကဋ္ဌက ပြောကြားသည်။
ပြီးခဲ့သည့်ရက်ပိုင်းအတွင်းကမြိတ်မြို့သို့ ရောက်ရှိနေသည့် တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်အား မြိတ်အခြေစိုက်မီဒီယာသမားများက ဝန်ကြီးချုပ်၏ ကိုယ်ရေးအရာရှိကို ဆွေမျိုးဖြစ်သူ အား ခန့်ထားမှုနှင့် လုပ်ပိုင်ခွင့်ပေးထားခြင်းတို့ ကို NLD ဗဟိုထံတိုင်ကြားထားသည့် ကိစ္စ နှင့်ပတ်သက်၍မေးမြန်းရာတွင် ဝန်ကြီးချုပ်က ၎င်း၏မိဘနှစ်ပါးမှာ ၎င်းတစ်ဦးတည်းကို သာ မွေးခဲ့ခြင်းဖြစ်ပြီး မောင်နှမများမရှိသောကြောင့် တူ တူမများလည်းမရှိဘဲ သားသမီးများသာရှိကြောင်း၊ ၎င်း၏ သားသမီးများမှာစီးပွားရေးလုပ်ငန်းနှင့် ကုမ္ပဏီရှိသူမရှိဘဲ ဆွေမျိုးကို လုပ်ပိုင်ခွင့်ပေးသည်ဆိုခြင်းမှာ လည်းမဟုတ်ကြောင်းနှင့် PSO(ကိုယ်ရေး အရာရှိ)အဖြစ်ထားသည့် ဆွေမျိုးတစ်ယောက် မှမရှိဘဲ ၎င်းမှာ တစ်ကောင်ကြွက်ဖြစ်ကြောင်း မီဒီယာများကို ပြန်လည်ဖြေကြားခဲ့သည်။
ထိုသို့ဝန်ကြီးချုပ်၏ကိုယ်ရေးအရာရှိ အဖြစ်ဆွေမျိုးတော်သူအား ခန့်ထားခြင်းမရှိကြောင်း ဖြေကြားမှုနှင့်ပတ်သက်၍ လက်တွေ့အနေအထားနှင့် လုံးဝကွဲလွဲနေသည်ဟု ဒေသခံများအကြား ဝေဖန်မှုမြင့်တက်ခဲ့ကြောင်း၊ အစိုးရသက်တမ်း စတင်တာဝန်ယူချိန်မှစ၍ လက်ရှိအချိန်အထိ လွှတ်တော်က တိုင်းဒေသကြီးအစိုးရထံ ဆက်သွယ်ပါက ဝန်ကြီးချုပ်၏ ဆွေမျိုးတော်စပ်သူ မပွင့်နှင့်သာ ဆက်သွယ်ရပြီး ဝန်ကြီးချုပ်၏ပြောဆိုချက်မှာ လိမ်လည်သည့်သဘော သက်ရောက်နေကြောင်း တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေးက ပြောကြားသည်။
“၂၀၁၆ ကနေ ၂၀၁၈ အထိ မပွင့်(ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်၏တူမ)နဲ့ပဲ ဆက်သွယ်ရတယ်။ ၂၀၁၉ မှာ လူချိန်းထားလားတော့ ဆရာတို့ မသိဘူးပေါ့။ တကယ်တမ်းကတော့ လိမ်တဲ့သဘောပါနေတာပေါ့။ ပြည်သူတွေရော၊ ဌာနဆိုင်ရာတွေရော၊ လွှတ်တော်ရော အားလုံးသိထားတာက မပွင့်သည် PSO အဖြစ် ၂၀၁၆ သူ (ဝန်ကြီးချုပ်)စတက်စဉ် ကာလကတည်းက သိထားတာလေ။ အဲဒီတော့ အခုကမဟုတ်ဘူးလို့ ငြင်းတော့ ဒါကသူ တာဝန်ယူရမယ့်အပိုင်းပဲပေါ့နော်။ဆရာတို့ အနေနဲ့ စဉ်းစားတာက တစ်ခုခုတော့လိမ်ညာ နေတဲ့သဘောတော့ ဖြစ်နေတာပေါ့။ ဒါက တစ်ချက်ဖြစ်မယ်။ သို့တည်းမဟုတ် ၂၀၁၉ မှာပဲ သူလူချိန်းလိုက်လား မသိဘူးပေါ့။ ဒါလည်း ဖြစ်နိုင်တော့ နှစ်ခုဖြစ်နိုင်တာပေါ့။ ဒါပေမဲ့ ၂၀၁၈ အထိကတော့ မပွင့်ပါပဲ။ ဒါကတော့ ငြင်းလို့မရဘူးလေ။လွှတ်တော်ကိစ္စတွေ ဘာတွေဆက်သွယ်တဲ့အခါမှာ မပွင့်နဲ့ပဲ ဆက်သွယ်ရတာတွေရှိတယ်။လွှတ်တော်ကို ဝန်ကြီးချုပ်လာတဲ့အခါမှာလည်း မပွင့်ပဲ ကိုယ်ရေးအရာရှိအနေနဲ့ ပါလာတယ်” ဟုတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေးက ပြောကြားသည်။
ထို့ပြင် ပြည်သူကရွေးချယ်ထားသူများအနေဖြင့် ပြည်သူများသိရှိထားသည့်ကိစ္စတစ်ခုကို ဗြောင်လိမ်ပြီးပြည်သူကို မစော်ကားသင့်ကြောင်းလည်း ၎င်းကဆိုသည်။
“သူ (ဝန်ကြီးချုပ်) ဟိုနေ့က ပြောလိုက်တဲ့စကားက ပြည်သူတွေကို နည်းနည်းစော်ကားရာကျတယ်။ စော်ကားတယ်ဆိုတာက ပြည်သူတွေက အားလုံးသိနေတာလေ။ မြိတ်ကို သွားလည်း မပွင့်ပါတယ်။ ကော့သောင်းကို သွားလည်း မပွင့်ပါနေတယ်။ အားလုံးက ပြည်သူတွေအကုန်လုံးက တွေ့ဆုံပွဲတွေမှာ ပါနေတယ်သိတယ်လေ။ သိနေတာကို မဟုတ်ဘူးလို့ ထငြင်းတာက ဆရာ့အနေနဲ့ ပြောချင်တာက ပြည်သူကို မစော်ကားသင့်ဘူးပေါ့။ ပြည်သူတွေကနေပြီး ရွေးချယ်တင်မြှောက်ထားတဲ့သူတွေလေ။ ငါတို့တွေက။ ပြည်သူ တွေကနေ ငါတို့ကို ဒီမိုကရေစီနည်းနဲ့ ကျွန်မတို့ကို သေသေချာချာမှန်မှန်ကန်ကန်ဥပဒေ နဲ့အညီ အုပ်ချုပ်ပေးပါ စီမံပေးပါဆိုပြီးရွေးထားတဲ့သူတွေလေ။ ငါတို့တွေက ပြည်သူတွေကို မထီမဲ့မြင်မဟုတ်ကဟုတ်ကလျှောက် ပြောတာ။ ဆရာ့အနေနဲ့တော့ လွန်တယ်လို့ ပြောချင်တယ်။ မပြောသင့်ဘူး။ နောက်တစ်ခု ကတော့ ပြည်သူကိုမစော်ကားသင့်ဘူးပေါ့” ဟု တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေးက ဆက်လက်ပြောကြားသည်။
တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် ၁၁ ကြိမ်မြောက် ပုံမှန်အစည်းအဝေးကို လာမည့် ဖေဖော်ဝါရီ ဒုတိယပတ်တွင် ကျင်းပရန်ရှိနေပြီး အစည်းအဝေးမတိုင်ခင် လွှတ်တော်ကိုယ်စားလှယ်များနှင့် သီးသန့် အစည်းအဝေး တစ်ရပ်ပြုလုပ်ရန်ရှိကြောင်း၊ ယင်းအစည်းအဝေး၌ လက်ရှိဖြစ်ပေါ်နေသည့်ကိစ္စများ နှင့် ပတ်သက်၍ လွှတ်တော်ကိုယ်စားလှယ်များနှင့်ဆွေးနွေးပြီး ၎င်းတို့၏သဘောဆန္ဒအများ အဆုံးအဖြတ်အပေါ်မူတည်ကာ တစ်စုံတစ်ရာစီစဉ်ဆောင်ရွက်ရန် ရှိ မရှိ အခြေအနေကို သိရှိမည်ဖြစ်ကြောင်း ဦးခင်မောင်အေးက ပြောကြားသည်။
တိုင်းဒေသကြီးဝန်ကြီးချုပ်အနေဖြင့် ဝန်ကြီးချုပ် တာဝန်စတင်ရယူခဲ့သည့် ၂၀၁၆ ခုနှစ် မတ်လမှစ၍ ၎င်း၏နံဘေးတွင် ဆွေမျိုးတော်စပ်သူဖြစ်သည့် မပွင့်ဖြူဖြူအောင်ကို ကိုယ်ရေးအရာရှိအဖြစ် ထားရှိပြီး၎င်းင်း၏ရုံးခန်း၌ အမြဲမပြတ်ရှိနေကာ ဝန်ကြီးချုပ်နှင့်တွေ့ဆုံရန်လာရောက်ပါက မပွင့်ဖြူဖြူအောင် အားအရင်တွေ့ဆုံပြီး တွေ့ခွင့်တောင်းရကြောင်း၊ ထို့ပြင် ဝန်ကြီးချုပ်က မပွင့်အား အခမ်းအနားများ၊ ခရီးစဉ်များသွားရောက်ရာတွင် အမြဲတစေ ခေါ်ဆောင်သွားလေ့ရှိပြီး အမျိုးသားကိုယ်ရေးအရာရှိ လိုက်ပါသည်ကိုမူ မတွေ့ဖူးကြောင်း ဝန်ကြီးချုပ်နှင့်တွေ့ဆုံခဲ့ဖူးသူများထံမှသိရသည်။
“ကျွန်မတို့တောင် သူ (ဝန်ကြီးချုပ်) ခေါ် သလို ပန်ပန်ပဲခေါ်တာ။ ကျွန်မတို့ အခမ်းအနားတွေဖိတ်ရင်လည်း သူ့ တူမကပဲ အတူလိုက်ပေးတာရယ်။ သူ့တူမကနေပဲ တွေ့ခွင့်တောင်းရတာ တွေရှိပါတယ်။ တိုင်းအဆင့် အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ လုပ်တဲ့ပွဲမှာလည်း အဲဒီလိုပါပဲ။ သူ့တူမကပဲ သူ့ရဲ့ကိုယ်ရေးအရာရှိပါ။ အတွင်းရေးမှူးက တော့ နောက်တစ်ယောက်ပါ။ PSO ပဲခေါ်ခေါ် အတွင်းရေးမှူးပဲခေါ်ခေါ် သူတူမကတော့ သူ့နားမှာ နေ့တိုင်း ရုံးတက် ရုံးဆင်းလုပ်နေရပါတယ်။ လစာနဲ့ အလုပ်လုပ်နေတာဖြစ်တယ်။ စေတနာဝန်ထမ်းတော့ မဟုတ်ပါဘူး။ အဲဒီလောက် လိမ်တတ်လိမ့်မယ်လို မထင်ခဲ့ ဘူး” ဟု ဝန်ကြီးချုပ်နှင့်အကြိမ်ကြိမ် တွေ့ဆံခဲ့ဖူးသည့် ထားဝယ်အခြေစိုက် အရပ်ဘက်အဖွဲ့ အစည်းတစ်ခုမှ တာဝန်ခံတစ်ဦးက ဆိုသည်။
Eleven Media Group






0 comments:
Post a Comment