နိုင်ငံထဲမှ မကျေနပ်မှုများကို ငြိမ်သတ်စေရန် ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန်၏ ကြိုးပမ်းမှုများကို စိန်ခေါ်သည့်အနေဖြင့် Yellow Vest ဆန္ဒပြသူများသည် ဇန်နဝါရီ ၂၆ ရက်က လမ်းများပေါ်သို့ တစ်ဖန်ပြန်လည် ရောက်ရှိလာခဲ့ကြကာ အချို့သောမြို့များတွင် ရဲများနှင့် ထိပ်တိုက်တွေ့မှုများလည်း ဖြစ်ပွားခဲ့သည်။
ပါရီမြို့ထဲမှ ဆန္ဒပြမှုများပုံမှန်ဖြစ်ပွားနေကျ နေရာတစ်ခုဖြစ်သည့် Place de la Bastille တွင် ဆန္ဒပြသူများကို ထိန်းချုပ်ရန် ရဲများက မျက်ရည်ယိုဓာတ်ငွေ့များ၊ ရေပိုက်များကို အသုံးပြုခဲ့ကြရသည်။ အချို့နေရာများတွင် ဆန္ဒပြသူများသည် အဆောက်အအုံပေါ်နေ၍ ကျောက်တုံးများဖြင့် ပစ်ပေါက်ခြင်းများကို ပြုလုပ်ခဲ့ကြသည်။ ယခုသီတင်းပတ်တွင် ပါရီ၌ လူ ၂၂၃ ဦး ဖမ်းဆီးထိန်းသိမ်းခံရသည်ဟု သိရသည်။ ၁၁ ပတ်မြောက် ဆန္ဒပြပွဲ သီတင်းပတ်တွင် နိုင်ငံတစ်ဝန်းမှ ပါဝင်သူဦးရေသည် ၆၉၀၀၀ ဦးရှိပြီး လူ ၈၄၀၀၀ ပါဝင်ခဲ့သော ပြီးခဲ့သည့် စနေနေ့ ဆန္ဒပြပွဲထက် လူအင်အားလျော့ ကျသွားခြင်း ဖြစ်သည်။ ပါရီဆန္ဒပြပွဲတွင် ပါဝင်သူဦးရေမှာမူ ယခင်သီတင်းပတ်က ၇၀၀၀ ခန့်ရှိရာမှ ယခုသီတင်းပတ်တွင် ၄၀၀၀ သို့ လျော့ကျ သွားခဲ့သည်။
ဇန်နဝါရီ ၂၆ ရက်က ထိပ်တိုက်တွေ့မှုများ ဖြစ်ပွားခဲ့ပြီးနောက် ပြည်ထဲရေးဝန်ကြီး ခရစ္စတိုဖီကာစတန်နာက “အဓိကရုဏ်းသမားများသည် Yellow Vest ဆန္ဒပြသူများသဖွယ် ဟန်ဆောင်ထားကြသည်”ဟု Twitter ပေါ်တွင် ရေးသားခဲ့သည်။
သမ္မတမက်ခရွန်မှာ နိုင်ငံတစ်ဝန်းရှိ မြို့ တော်ခန်းမများတွင် ပြည်တွင်းရေးကိစ္စများနှင့် ပတ်သက်ပြီး ဆွေးနွေးပွဲ၊ စကားစစ်ထိုးပွဲများ ဆက်တိုက်ပြုလုပ်နေစဉ် မကြာသေးမီက ပြုလုပ်ခဲ့သော လူထုသဘောထား စစ်တမ်းများ၌ မက်ခရွန်၏ အခြေအနေမှာ ပြန်လည်တိုးတက်လာသည့် သဘောရှိနေသည်။
Yellow Vest ဆန္ဒပြသူများ၏ အကြမ်းဖက်မှုများကို ရှုတ်ချရန်၊ ဒီမိုကရေစီကို ကာကွယ်ပေးနေသော တိတ်ဆိတ်နေသည့် လူအများစုကို ကိုယ်စားပြုရန် အစိုးရထောက်ခံသူများသည် ဇန်နဝါရီ ၂၇ ရက်တွင် ၎င်းတို့၏ ပထမဆုံး Red scarf (အနီရောင်လည်စည်း) ဆန္ဒပြပွဲပြုလုပ်ရန် စီစဉ်ထားသည်။
Eleven Media Group







0 comments:
Post a Comment