Thursday, April 4, 2019

၂၀၁၉ ခုနှစ်တွင် မြန်မာနိုင်ငံ၏ စီးပွားရေးတိုးတက်မှုနှုန်း ၆ ဒသမ ၆ ရာခိုင်နှုန်းအထိ ရှိလာနိုင်ကြောင်း Asian Development Outlook 2019 တွင် ဖော်ပြ


၂၀၁၉ ခုနှစ်တွင် မြန်မာနိုင်ငံ စီးပွားရေးတိုးတက်မှုနှုန်း ၆ ဒသမ ၆ ရာခိုင်အထိ ရှိလာနိုင်ကြောင်း ဧပြီ ၃ ရက်က ရန်ကုန်မြို့ရှိ Pan Pacific Hotel ၌ ကျင်းပသည့် အာရှ ဖွံ့ဖြိုးရေးဘဏ်မှ Asian Development Outlook 2019, Strengthening Disaster Resilience အစီရင်ခံစာ ထုတ်ပြန်သည့် အခမ်းအနားမှ သိရသည်။ 
မြန်မာနိုင်ငံအစိုးရ၏ စီးပွားရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများနှင့် နိုင်ငံအတွင်း နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု မြင့်တက်လာမှု စသည်တို့ကြောင့် ၂၀၁၉ -၂၀၂၀ တွင် မြန်မာနိုင်ငံ၏ စီးပွားရေးတိုးတက်လာမည် ဖြစ်ကြောင်း သိရသည်။ 

The Asian Development Outlook (ADO) 2019 ခန့်မှန်းချက်များအရ ၂၀၁၉ ခုနှစ် စက်တင်ဘာတွင် ကုန်ဆုံးမည့် ဘဏ္ဍာနှစ်အတွင်း မြန်မာ့စီးပွားရေးသည် ၆ ဒသမ ၆ ရာခိုင်နှုန်းသို့ တိုးတက်လာမည်ဖြစ်ကြောင်း၊ ၂၀၂၀ ခုနှစ်တွင် ၆ ဒသမ ၈ ရာခိုင်နှုန်း တိုးတက်မည်ဟု ခန့်မှန်းထားသည်။ 

နှိုင်းယှဉ်ချက်များအရ မြန်မာနိုင်ငံ၏ GDP သည် ယခင်နှစ် ဧပြီမှ စက်တင်ဘာအထိ ကာလအတွင်း ၆ ဒသမ ၂ ရာခိုင်နှုန်းအထိ နှေးကွေးခဲ့ကြောင်း သိရသည်။ 

“၂၀၁၉ နဲ့ ၂၀၂၀ မှာ မြန်မာ့စီးပွားရေးနဲ့ပတ်သက်ရင် အကောင်းဘက်ကို ရှုမြင်ပါတယ်။ ဘာကြောင့်လဲဆိုရင် လက်လီလက်ကားကဏ္ဍကို လုပ်ကိုင်ခွင့်တွေ ပေးလိုက်တယ်။ မြန်မာနိုင်ငံအတွင်းမှာ စီးပွားရေးအဖွဲ့အစည်းများ၏ အုပ်ချုပ်မှုနဲ့စီမံခန့်ခွဲမှုတွေကို ခေတ်မီလာအောင် ဆက်ပြီးလုပ်ဆောင်နေတဲ့အတွက် ၂၀၁၉၊ ၂၀၂၀ ရဲ့ အလားအလာကို အဲဒီအချက်တွေကြောင့် အကောင်းဘက်က ရှုမြင်မြင်ပါတယ်” ဟု ADB ၏ မြန်မာနိုင်ငံဆိုင်ရာ Country Director ဖြစ်သူ Mr. Newin Sinsiri က ပြောကြားသည်။ 

“တကယ်လို့သာ အစိုးရအနေနဲ့ ၂၀၁၁ ခုနှစ်မှာ စတင်လုပ်ဆောင်ခဲ့တဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုကို အရှိန်မြှင့်ပြီး အောင်မြင်အောင် ဆောင်ရွက်နိုင်မယ်ဆိုရင် နောင်နှစ်အနည်းငယ်အတွင်းမှာ မြန်မာနိုင်ငံမှာ ဖွံ့ဖြိုးတိုးတက်မှုကို ဆက်ပြီးတော့ တွေ့ရမှာဖြစ်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။ 

ရင်းနှီးမြှုပ်နှံမှုများအတွက် အစိုးရ၏ လုပ်ဆောင်ချက်များကြောင့် မြန်မာနိုင်ငံအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု တိုးတက်လာမည်ဖြစ်ကြောင်းနှင့် ၂၀၁၈ ခုနှစ် အောက်တိုဘာမှ ၂၀၁၉ခုနှစ် ဇန်နဝါရီအထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၁ ဒသမ ၅ ဘီလျံအထိ ရောက်ရှိခဲ့ကြောင်းလည်း သိရသည်။ 

လက်ရှိဘဏ္ဍာနှစ် ခြောက်လနီးပါးအတွင်း မြန်မာနိုင်ငံအတွင်းသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဝင်ရောက်မှုမှာ ယခင်နှစ်ကာလတူထက် စီမံကိန်းအနေဖြင့် ၄ဝကျော်၊ ရင်းနှီးမြှုပ်နှံမှုအနေဖြင့် ဒေါ်လာသန်း ၆၀၀ ကျော်အထိ ပိုမိုဝင်ရောက်ထားကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ အတွင်းရေးမှူး ဦးအောင်နိုင်ဦးက ပြောကြားသည်။ 

“၂၀၁၇ ခုနှစ် အောက်တိုဘာ ၁ ရက်ကနေ ၂၀၁၈ ခုနှစ် မတ်လ ၁၅ ရက်အထိ ကာလတူအထိ ခွင့်ပြုလိုက်တဲ့ Project ပေါင်း ၈၀ ရှိပါတယ်။ ဒါက သီလဝါအပါအဝင်ပေါ့နော်။ ခွင့်ပြုလိုက်တဲ့ပမာဏက ဒေါ်လာ ၁ ဒသမ ၃၁၅ ဘီလျံ ရှိပါတယ်။ ဒါက မနှစ်က အခြေအနေပေါ့နော်။ ဒီနှစ်ကတော့ ၁၉၄၃ ဒသမ ၉၇၆ သန်းဆိုတော့ မနှစ်ကထက်စာရင် သန်း ၆၀၀ ကျော် တိုးလာတယ်။ Project အရေအတွက်ကလည်း ဒီနှစ်မှာ သီလဝါအပါအဝင် ၁၂၉ ခု၊ မနှစ်က ၈၀ ဆိုတော့ Project အနေနဲ့လည်း ၄၀ လောက် တိုးလာပါတယ်။ ရင်းနှီးမြှုပ်နှံမှုကလည်း မနှစ်ကထက်စာရင် သန်း ၆၀၀ လောက် တိုးလာပါတယ်” ဟု ဦးအောင်နိုင်ဦးက ပြောကြားသည်။ 

၂၀၁၈ -၂၀၁၉ ဘဏ္ဍာနှစ် ဖေဖော်ဝါရီကုန်အထိ နိုင်ငံပေါင်း ၄၉ နိုင်ငံက မြန်မာနိုင်ငံအတွင်းသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏ ဒေါ်လာ ၇၉ ဒသမ ၄ ဘီလျံကျော် ဝင်ရောက်မြှုပ်နှံထားပြီး စင်ကာပူက ဒေါ်လာ၂၀ ဒသမ ၈ ဘီလျံ ကျော်ဖြင့် ထိပ်ဆုံးမှ ရပ်တည်နေပြီး တရုတ်နိုင်ငံက ဒေါ်လာ၂၀ ဒသမ ၄ဘီလျံ ကျော်ဖြင့် ဒုတိယနေရာမှ ရပ်တည်နေကြောင်း သိရသည်။

Eleven Media Group


0 comments:

Post a Comment