Thursday, April 4, 2019

ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးရှိ မြို့နယ်အချို့တွင် မိုးသီးများကြွေခြင်း၊ လေပြင်းတိုက်ခြင်းများကြောင့် အဆောက်အအုံအချို့ ပျက်စီး


ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့တွင် ဧပြီ ၂ ရက် ညနေပိုင်း၊ ညပိုင်းတို့က မိုးသီးကြွေကျခြင်း၊ လေပြင်းတိုက်ခတ်ခြင်းတို့ ဖြစ်ပေါ်ခဲ့ပြီး အဆောက်အအုံအချို့ ပျက်စီးမှုများလည်း ဖြစ်ပေါ်ခဲ့သည်ဟု သိရသည် ။ 
“ကလေးရယ်၊ ကလေးဝရယ်၊ ဖောင်းပြင်၊ ဗန်းမောက် အဓိကပေါ့။ ကန့်ဘလူ၊ ကျွန်းလှပေါ့။ ကောလင်း၊ ပင်လယ်ဘူးလည်းပါတယ်။ စာရင်းမရသေးဘူး။ လက်ရှိရတဲ့ စာရင်းအရ အိမ်အမိုးလန်တာတွေ ဖြစ်တာပါ။ လေရှီးမြို့လည်း ပါပါတယ်။ လက်ရှိစာရင်းအရဆို အိမ်ခြေ ၂၀၀ ကျော်ကျော်၊ ၂၅၀ ဝန်းကျင်လောက်ဖြစ်တယ်။ မနေ့ကညနေ တစ်ခုတည်းကို ဖြစ်တာ။ ကလေးမြို့က ၁၂၀ ၊ ကလေးဝက ၁၂ အိမ်၊ ဖောင်းပြင်က ၁၂ အိမ်၊ ဗန်းမောက်က ၁၂ ပေါ့။ ပင်လည်ဘူး၊ ကောလင်းတော့ စာရင်းမရသေးဘူး။ ကူညီထောက်ပံ့မှုက ငွေတွေလွှဲနေပါပြီ။ မြေပြင်မှာတော့ လုပ်နေပြီ။ မနက်ဖြန်လိုက်ပြီး ထောက်ပံ့နိုင်မှာပါ။ ပစ္စည်းတွေလည်း ချိတ်ဆက်လုပ်နေကြပါပြီ။ လေကြမ်းကာလကို ရောက်လာပါပြီလို့ပြောရမယ်။ မိုးလေဝသသတင်းတွေ၊ ရာသီဥတု အပူအအေးပြောင်းလဲမှု၊ ပညာရှင်တွေ ပြောတာရှိတယ်။ မိုးဇလဖေ့စ်ဘုတ်တို့၊ ဦးထွန်းလွင်ဖေ့စ်ဘုတ်တွေကို ဝင်ကြည့်သင့်တယ်လို့ အကြံပေးချင်ပါတယ်” ဟု စစ်ကိုင်းတိုင်းဒေသကြီး ဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲဦးစီဌာနရုံးမှ ညွှန်ကြားရေးမှူး ဦးစဝီလီဖရန့်က ပြောကြားသည်။ 

မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့နယ်အတွင်းတွင်လည်း ဧပြီ ၂ ရက်က မိုးသီးများ ကြွေကျခြင်းနှင့် လေပြင်းတိုက်ခတ်မှုများ ဖြစ်ခဲ့ပြီး အပျက်အစီးမရှိခဲ့ဟု သိရသည်။ 

“ညတုန်းက ၁၀ နာရီခွဲလောက်မှာ မိုးသီးကြွေတယ်။ ၁၀ မိနစ်ဝန်းကျင်အကြာလောက် မိုးသီးကြွေတယ်။ အလုံးအရွယ်အစားက လောက်စာလုံးထက်ငယ်တယ်။ စပျစ်သီးဝန်းကျင်အရွယ်တွေ များတယ်” ဟု ဂန့်ဂေါမြို့နယ် မွှေ့လယ်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးနေလင်းအောင်က ပြောကြားသည်။ 

ချင်းပြည်နယ်တွင် ဧပြီ ၂ ရက်က လေပြင်းတိုက်ခတ်မှုကြောင့် ပလက်ဝမြို့နှင့် မတူပီမြို့တို့တွင် လူနေအိမ်များ ပျက်စီးခဲ့သည်ဟု ချင်းပြည်နယ် လူကယ်ပြန်ဌာန၏ ပြောကြားချက်အရ သိရသည်။ 

ချင်းပြည်နယ် ပလက်ဝမြို့နယ် ကျေးရွာအချို့တွင် ဧပြီ ၂ ရက် မွန်းလွဲ ၁ နာရီ ၁၅ မိနစ်ဝန်းကျင်ခန့်က လေပြင်းတိုက်ခတ်မှုကြောင့် အိမ် ၁၀၄ အိမ်၊ အိမ်ထောင်စု ၁၀၅ စု၊ လူဦးရေ ၅၂၇ ဦး လေပြင်းဒဏ်ခံခဲ့ရပြီး စာသင်ကျောင်း ၁၁ ကျောင်း၊ ဘုန်းတော်ကြီး ကျောင်းလေးကျောင်း၊ အခြား အဆောက်အအုံ သုံးလုံး ပျက်စီးခဲ့သည်ဟု သိရသည်။ 

ချင်းပြည်နယ် ဝေဘူလမြို့တွင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် ၂၅ လုံးခန့် အမိုးလန်ပျက်စီးခဲ့ပြီး ဝေဘူလမြို့သစ်ဖွင့်ပွဲ ဆိုင်းဘုတ် လဲပြိုသဖြင့် ဖွင့်ပွဲအခမ်းအနားကို ညနေပိုင်းသို့ ပြောင်းရွှေ့ခဲ့သည်ဟု သိရသည်။ 

စစ်ကိုင်းတိုင်းဒေသကြီးတွင် မြို့နယ်ပေါင်း ၃၇ မြို့နယ်ရှိနေပြီး ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီမှ ဧပြီ ၃ ရက်အထိ မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် လူနေအိမ် ၆၀၀ နီးပါး ထိခိုက်ပျက်စီးခဲ့ကြောင်း တိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲဦးစီးဌာနရုံးမှ တိုင်းညွှန်ကြားရေးမှူး ဦးစဝီလီဖရန့်၏ ပြောကြားချက်အရ သိရသည်။ 

စစ်ကိုင်းတိုင်းဒေသကြီးတွင်၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၁၆ ရက်မှ မတ် ၂၀ ရက် အထိ မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ် ၁၄ အိမ်သည် လုံးဝပျက်ဆီးခဲ့ကြောင်း ယင်းလများတွင် မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် လူနေအိမ်အနည်းငယ် ထိခိုက်ပျက်စီးမှာ ၃၁၂ အိမ်နှင့် လူသုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ဌာနမှ ထောက်ပံ့ငွေမှာ ကျပ်သိန်းသုံးရာရှိပြီဖြစ်ကြောင်း၊ ၎င်းက ဆက်လက်ပြောကြားသည်။ 

စစ်ကိုင်းတိုင်းဒေသကြီး၌ မိုးသက်လေပြင်းတိုက်ခတ်ခဲ့မှုကြောင့် မတ် ၃၀ ရက် တွင် ကလေးဝမြို့နယ်တွင် လူနေအိမ် ၇၄ အိမ်၊ ဧပြီ ၂ ရက်တွင် ကလေးမြို့နယ်တွင် လူနေအိမ် ၁၂၀ ခန့်၊ကလေးဝမြို့နယ်တွင် လူနေ အိမ် ၁၂ လုံး၊ ဖောင်းပြင်မြို့နယ်တွင် လူနေ အိမ် ၁၂ လုံး၊ ကျွန်းလှမြို့နယ်တွင် လူနေအိမ် ၅၀ ကျော်၊ ကန့်ဘလူမြို့နယ်တွင် လူနေအိမ် ၄၀ ကျော်၊ ဗန်းမောက်မြို့နယ်တွင် လူနေအိမ် ၁၂ လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း ကနဦးရရှိသော စာရင်းများအရ သိရသည်။ 

Eleven Media Group

0 comments:

Post a Comment