နိုင်ငံအတွင်းတွင် ၇ နှစ်ကျော် ဒီမိုကရေစီနှင့် ၅ နှစ်ကျော်အရွယ် သတင်းလွတ်လပ်ခွင့်တို့အကြား ပွတ်တိုက်မှုရှိခြင်းမှာ အဆန်းမဟုတ်ကြောင်း ရန်ကုန်မြို့တော်ခန်းမတွင် မေ ၃ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့ အခမ်းအနားတွင် ဒုတိယ၀န်ကြီး ဦးအောင်လှထွန်းက ပြောကြားသည်။
“ဘယ်နိုင်ငံမှာမှ၊ ဘယ်လူ့ဘောင်မှာမှ အုပ်ချုပ်တဲ့မဏ္ဍိုင် ၃ခုနဲ့ ထိခိုက်ပွတ်ရှမှုတွေက မကင်းပါဘူး။ ကင်းတဲ့ နိုင်ငံရှိပါတယ်။ ကင်းတဲ့နိုင်ငံမှာ ဘာမရှိဘူးလဲဆိုတော့ မီဒီယာမရှိဘူး။ ၄ ခုမှာ တခုကမရှိဘဲ မဏ္ဍိုင် ၃ ခုပဲရှိတယ်။ မဏ္ဍိုင် ၃ ခုနဲ့ မီဒီယာကြားမှာ ပွတ်တိုက်မှုဟာ နိုင်ငံတိုင်းမှာရှိပါတယ်။ လွတ်လပ်တဲ့မီဒီယာရှိတဲ့နိုင်ငံတိုင်းမှာ ရှိပါတယ်။ လုံးဝ ပါးစပ်ပိတ်၊ နားပိတ်နေတယ် မရှိပါဘူး။ ကျွန်တော်တို့နိုင်ငံမှာဆိုရင် ၇နှစ်ကျော်သားအရွယ် ဒီမိုကရေစီနဲ့ ၅နှစ်ခန့်အရွယ် မီဒီယာလွှတ်လပ်ခွင့်တို့ကြားမှာပွတ်တိုက်မှုတွေရှိတာ လုံးဝမဆန်းပါဘူး။ ကျွန်တော်တို့မှာ တ ခြားစိန်ခေါ်မှုတွေမရှိပါဘူး”ဟု ၄င်းက ပြောသည်။
မီဒီယာသမားများ၏ ရှေ့ဆုံးမှပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့မှုကြောင့် ဒီမိုကရေစီသည် ပြန်လည်မွေးဖွားလာခဲ့ပြီးဖြစ်ကာ ဒီမိုကရေစီအသွင်းကူးပြောင်းရေးသည် မျှော်လင့်ထားသည့်စိန်ခေါ်မှုများထက် အဆပေါင်းများစွာ ကြီးမားပါကြောင်း၊ လူကြီးသူမများကို လက်လှမ်းမိသလောက်မေးမြန်ကြည့်သည့်အခါတွင် နိုင်ငံတကာမှဖိအားများနှင့် အာရုံစူးစိုက်မှုများသည် မျက်မှောက်အချိန်လောက်မများခဲ့သည်ကိုသိရပြီး မီဒီယာသမားများအနေဖြင့် ဒီမိုကရေစီကို လဲကျသွေဖီအောင်မလုပ်ရန် မေတ္တာရပ်ခံကြောင်း ဒုဝန်ကြီး ဦးအောင်လှထွန်းက ဆက်လက်ပြောဆိုသည်။
ကမ္ဘာသတင်းလွှတ်လပ်ခွင့်နေ့အခမ်းအနားသို့ နိုင်ငံတော်သမ္မတကြီး ဦးဝင်းမြင့်၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ပြည်ထောင်စုလွှတ်တော်နာယက ဦးတီခွန်မြတ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်တို့က သ၀ဏ်လွှာပေးပို့ခဲ့ပြီး၊ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် Mr. Antonio Guterres ၏ကမ္ဘာ့သတင်းလွတ်လပ် ခွင့်နေ့ ဗီဒီယိုဖိုင်ကိုပြသခဲ့သည်။
News Watch











0 comments:
Post a Comment