ဆိုင်ကလုန်းမုန်တိုင်းဖန်နီက အိန္ဒိယနိုင်ငံအရှေ့ဘက်ကမ်းခြေတစ်လျှောက်ကို ၀င်ရောက်နေပြီလို့ အိန္ဒိမိုးလေ၀သဌာနကပြောပါတယ်။
လာမယ့်နာရီအနည်းငယ်အတွင်း ကမ်းရိုးတန်းကို အင်ပြည့်အားပြည့်ဝင်ရောက်တဲ့အချိန်မှာ လေတိုက်နှုန်းတစ်နာရီ ၁၂၁ မိုင်လောက်ရှိနိုင်တယ်လို့ ခန့်မှန်းနေပါတယ်။
မုန်တိုင်းအားအပြင်းဆုံးဝင်ရောက်နိုင်ချေရှိတယ်လို့ခန့်မှန်းထားတဲ့ အိန္ဒိယအရှေ့ပိုင်းက အိုရစ်ဆာ (အိုဒီရှာ)ပြည်နယ်က လူ ၁ သန်းကျော်ကို ဘေးလွတ်ရာရွှေ့ပြောင်းထားပါတယ်။ အဲဒီပြည်နယ်ပတ်ဝန်းကျင်ကပြည်နယ်တွေမှာလည်း သတိပေးချက်တွေထုတ်ပြန်ထားပါတယ်။
၈၅၈ နှစ်သက်တမ်းရှိ ဂျာဂန်နတ်သ်ဘုရားကျောင်းရှိလို့ ခရီးသည်တွေလာတာများတဲ့ပူရီမြို့အပါအ၀င် အိုရစ်ဆာပြည်နယ်က ခရိုင် ၁၅ ခုကိုဝင်ရောက်မယ်လို့ ခန့်မှန်းထားပါတယ်။
ပြည်နယ်ထဲအ၀င်အထွက်လုပ်မယ့် လေကြောင်းခရီးစဉ်တွေနဲ့ ရထားခရီးစဉ်တော်တော်များများကို ဖျက်သိမ်းထားပြီး အစိုးရရုံးတွေလည်းပိတ်ထားပါတယ်။
အိန္ဒိယအရှေ့ဘက်ကမ်းခြေမှာရှိတဲ့ဆိပ်ကမ်း ၃ ခုက လုပ်ငန်းဆောင်ရွက်နေတာတွေကိုလည်း ရပ်ထားပါတယ်။
ပြည်နယ်နဲ့ပြည်ထောင်စုအစိုးရတို့ကလည်း တုံ့ပြန်ဆောင်ရွက်ရမယ့်လုပ်ငန်းတွေလုပ်နေပါတယ်။
စစ်သင်္ဘောတွေနဲ့ ရဟတ်ယာဉ်တွေကို အဲဒီပြည်နယ်ဘက်ရွှေ့ထားပြီး ဆေးတပ်ဖွဲ့တွေနဲ့ကယ်ဆယ်ရေးပစ္စည်းတွေနဲ့ အသင့်စောင့်နေပါတယ်။
အိန္ဒိယသဘာဝဘေးတုံ့ပြန်ရေးတပ်ဖွဲ့ (NDRF) ရဲ့အဖွဲ့တော်တော်များများကလည်း အဲဒီပြည်နယ်မှာရှိနေပါတယ်။
ပြီးခဲ့တဲ့ဆယ်စုနှစ် ၃ ခုအတွင်း ဖန်နီဟာ အိန္ဒိယအရှေ့ဘက်ကမ်းခြေကိုဝင်ရောက်တဲ့ ၄ ခုမြောက်မုန်တိုင်းဖြစ်ပါတယ်။
၂၀၁၇ ခုနှစ်တုန်းက အော့ခီဆိုင်ကလုန်းမုန်တိုင်းဝင်ခဲ့လို့ လူ ၂၀၀ ကျော်သေဆုံးပြီး လူရာချီဘေးလွတ်ရာပြောင်းရွှေ့ခဲ့ရပါတယ်။
ပြီးခဲ့တဲ့နှစ်အောက်တိုဘာတုန်းက နောက်ထပ်ဆိုင်ကလုန်းမုန်တိုင်းထပ်ဝင်ခဲ့လို့ အိုရစ်ဆာအာဏာပိုင်တွေက လူသိန်းချီကို ဘေးလွတ်ရာရွှေ့ပြောင်းခဲ့ရပါတယ်။
အိန္ဒိယနိုင်ငံရဲ့အင်အားအကြီးဆုံးဆိုင်ကလုန်းမုန်တိုင်းဟာ ၁၉၉၉ ခုနှစ်ကတိုက်ခတ်ခဲ့တဲ့အိုရစ်ဆာဆိုင်ကလုန်းဖြစ်ပြီး လူ ၁၀၀၀၀ ကျော်သေဆုံးခဲ့ပါတယ်။
Source-BBC
#ဥက္ကာ
#TheFifthWaveNews
Photo- Krunal Naik Twitter







0 comments:
Post a Comment