Monday, August 5, 2019

တရုတ် ခရီးသွားကုမ္ပဏီအချို့ကို စည်းကမ်းတကျဖြစ်စေရန် ဆောင်ရွက်

မန္တလေးသို့လာရောက်သည့် တရုတ်ခရီးသွားများကို လေ့လာစောင့်ကြည့်လျက်ရှိရာမှ တရုတ်ခရီးသွားကုမ္ပဏီအချို့ကို စည်းကမ်းတကျဖြစ်စေရန် ဆောင်ရွက်ခဲ့ကြောင်း ခရီးသွားလုပ်ငန်းရှင်များအသင်း (မန္တလေးဇုန်) ထံမှ သိရသည်။
မန္တလေးတိုင်းဒေသကြီး တရုတ်ခရီးသည်များကို စောင့်ကြည့်လေ့လာသုံးသပ်တင်ပြရေးအဖွဲ့ကို ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနက ဇွန်လ တတိယပတ်တွင်ဖွဲ့စည်းခဲ့ပြီး တရုတ် ခရီးသွားများ မြန်မာနိုင်ငံအတွင်းသို့ အုပ်စုလိုက်ဝင်ရောက်လည်ပတ်လျက်ရှိရာ သက်ဆိုင်ရာ ကုမ္ပဏီများက စနစ်တကျ ခရီးစဉ်ဆောင်ရွက်ပေးခြင်း ရှိ မရှိကို စိစစ်ခြင်း၊ လုပ်ငန်းဆောင်ရွက်မှုနှင့် ငွေကြေးသုံးစွဲမှုများကို စိစစ်သုံးသပ်ခြင်း စသည့်တို့လုပ်ဆောင်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနထံမှ သိရသည်။

မန္တလေးတွင် ခရီးသွားလုပ်ငန်း လုပ်ကိုင်သည့် ကုမ္ပဏီနှင့် Agent စုစုပေါင်း ၁၈၀ ခန့်ရှိပြီး ယင်းကုမ္ပဏီများထဲတွင် တရုတ်ခရီးသွားလုပ်ကိုင်သည့် ကုမ္ပဏီကြီး ၇ ခုခန့်ရှိကြောင်း၊ ယင်းကုမ္ပဏီ ၇ ခုမှ ၄ ခုကို စည်းကမ်းတကျဖြစ်စေရန် ပညာပေးဆောင်ရွက်နိုင်ခဲ့ပြီး ကျန်ရှိကုမ္ပဏီများကိုလည်း စနစ်တကျဖြစ်စေရန် ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း ခရီးသွားလုပ်ငန်းရှင်များအသင်း  (မန္တလေးဇုန်) ထံမှ သိရသည်။

တရုတ်ခရီးသည်များကို စောင့်ကြည့်လေ့လာခြင်းကို ဇွန်လနောက်ဆုံးပတ်မှစ၍ တံတားဦးအပြည်ပြည်ဆိုင်ရာ လေဆိပ်၌ စတင်ပြုလုပ်ခဲ့ကြောင်း၊ တရုတ်ခရီးသွားများကို ကြိုသည့်ကုမ္ပဏီ လိုင်စင် ရှိ မရှိ၊ လာရောက်သည့်မြို့၊ လူဦးရေ၊ လေကြောင်းလိုင်း၊ သုံးစွဲမည့်ငွေကြေး ပမာဏများ၊ ငွေပေးချေမှုစနစ်များကို လေ့လာသုံးသပ်နေခြင်းဖြစ်ကြောင်း ယင်းအသင်းထံမှ သိရသည်။

မန္တလေးသို့ တရုတ်ခရီးသွားဝင်ရောက်မှုမှာ သိသာစွာ တိုးတက်လာနေပြီး ကာလတူနှိုင်းယှဉ်ပါက ၂၀၁၈ ခုနှစ် ဇွန်လထိ တရုတ်ခရီးသွား ၁၃၃,၆၀၀ ကျော် ဝင်ရောက်ခဲ့ကြောင်း၊ ၂၀၁၉ ခုနှစ် ဇွန်လအထိ တရုတ်ခရီးသွား ၃၂၀,၈၀၀ ကျော်ဝင်ရောက်ခဲ့ရာ ပြီးခဲ့သည့်နှစ်ထက် ကာလတူနှိုင်းယှဉ်ပါက ၁၄၀ ရာခိုင်နှုန်း တိုးလာခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွားညွန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။

တရုတ်ခရီးသွားများအနေနှင့်လည်း စည်းကမ်းမဲ့အပြုအမူများ ပြုလုပ်မှုများရှိနေပြီး ဘုရားပေါ်ဆူညံစွာ စကားပြောခြင်း၊ ဖိနပ်စီး၍ တက်ရောက်ခြင်းတို့ ပြုလုပ်ကြကြောင်း ပုဂံဒေသခံအချို့က ပြောကြားသည်။
The Voice

0 comments:

Post a Comment