Tuesday, March 7, 2023

၂ဝ၂၄ ခုနှစ် ပြည်လုံးကျွတ် သန်း‌ခေါင်စာရင်းကို တစ်အိမ်တက်ဆင်းဖြင့် (၁၅)ရက်အတွင်း အပြီးကောက်ယူမည်

 

လာမည့် ၂ဝ၂၄ ခုနှစ်တွင် ကောက်ယူမည့် ပြည်လုံးကျွတ် သန်းခေါင်စာရင်းကို (၁၅)ရက်အတွင်းအပြီး ကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။
ဗဟိုသန်းခေါင်စာရင်းကော်မရှင်ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က မတ်လ(၆)ရက်တွင် နေပြည် တော်ရှိ ကွန်ဗင်းရှင်းဗဟိုဌာန(၂) MICC(2)တွင်ကျင်းပခဲ့သော အလုပ်ရုံဆွေးနွေးပွဲတွင် အထက်ပါကဲ့သို့ အသိပေးပြောဆိုခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံတွင် ၂ဝ၁၄ ခုနှစ်၌ ပြည်လုံးကျွတ်သန်းခေါင်စာရင်းကို ကောက်ယူခဲ့ပြီး ၂ဝ၁၉ ခုနှစ်တွင် ကြားဖြတ်သန်းခေါင်စာရင်းကို ကောက်ယူခဲ့ကာရရှိလာသည့် အချက်များကို စာရင်းပြုစုပြီး အစီရင်ခံစာများ ထုတ်ပေးပြီးဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးမှဆိုသည်။
လက်ရှိတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနသည် ၂ဝ၂၄ ခုနှစ်တွင် သန်ခေါင်းစာရင်းကောက်ယူရန်အတွက် ကြိုတင်ပြင်ဆင်ခြင်း၊ စာရင်းကောက်ယူခြင်း၊ စာရင်းပြုစုခြင်းနှင့် အစီရင်ခံစာထုတ်ပြန်ခြင်း လုပ်ငန်းစဥ်(၄)ရပ်ကို ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ၂ဝ၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာကို သန်းခေါင်စာရင်းကောက်ယူရာတွင် သန်းခေါင် စာရင်း ရည်ညွှန်းချက်အား ၂ဝ၂၄ ခုနှစ် စက်တင်ဘာလ(၃ဝ)ရက် ညသန်းခေါင်ယံအချိန်ကို သတ်မှတ်ထားကြောင်း သိရသည်။
သတ်မှတ်ထားသည့် ရည်ညွှန်းချိန်၏ နောက်တစ်နေ့ဖြစ်သည့် ၂ဝ၂၄ ခုနှစ် အောက်တိုဘာလ (၁)ရက်မှ (၁၅)ရက်အထိ စုစုပေါင်း (၁၅)ရက်ကြာ ကောက်ယူသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးမှဆိုသည်။
အဆိုပါ သန်းခေါင်စာရင်း ကောက်ယူရာတွင် အချိန်ကုန်သက်သာစေမည့် ကွန်ပျူတာအထောက်အထားအကူပြု လူတစ်ဦးချင်း ကောက်ယူသည့်စနစ်(CAPI) ကိုသုံးပြီး စာရင်းကောက်များက တစ်အိမ်တက်ဆင်း Mobile Tablet များဖြင့် ကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် သန်းခေါင်စာရင်းကို တစ်နိုင်လုံးအတိုင်းအတာဖြင့် တစ်ချိန်တည်းကောက်ယူရမည် ဖြစ်သည့် အတွက် သန်းခေါင်စာရင်း မေးခွန်းပုံစံများကို ပြုစုရာတွင် ကမ္ဘာ့ကုလသမဂ္ဂမှ ထုတ်ဝေထားသည့် Principles and Recommendation for Population and Housing Census-Revision 3 နှင့်အညီ ဆောင်ရွက်ရန်လိုကြောင်း ၎င်းမှ ဆက်လက်ပြောဆိုထားသည်။

NP News

0 comments:

Post a Comment