Thursday, July 28, 2016

စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့နယ်အတွင်း ချင်းတွင်းမြစ်ရေ ဝင်ရောက်မှုကြောင့် လူဦးရေ ၁၆၀၀ ကျော် ရေဘေးရှောင် စခန်းများသို့ ပြောင်းရွှေ့ရ



စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့နယ်အတွင်း ချင်းတွင်းမြစ်ရေ ဝင်ရောက်မှုကြောင့် အိမ်ခြေ ၅၆၀ ကျော်မှ
လူဦးရေ ၁၆၀၀ ကျော်သည် ရေဘေးရှောင်စခန်းများသို့ ပြောင်းရွှေ့နေထိုင်နေရကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှတ်တမ်းများမှ သိရှိရသည်။

မော်လိုက်မြို့နယ်အတွင်း အိမ်ခြေပေါင်း ၅၆၉ အိမ် မြစ်ရေဝင်ရောက်ခဲ့ပြီး အိမ်ခြေ ၅၆၆ အိမ်မှ လူဦးရေ ၁၆၂၇ ဦးသည် နီးစပ်ရာဘုန်းကြီးကျောင်းများ၊ ဓမ္မာရုံ၊ စာသင်ကျောင်းများ၊ အားကစားခန်းမ၊ ရဲဝန်တိုက်၊ ဇရပ်စသည့် နေရာတို့တွင် အသီးသီး ပြောင်းရွှေ့နေထိုင်နေရကြောင်း သိရသည်။

“အနိမ့်ပိုင်းတွေ တော်တော်များများ နစ်တယ်။ အနိမ့်ပိုင်းတွေက လွန်ခဲ့တဲ့တစ်လကျော်လောက် ကတည်းက ရွှေ့ပြောင်းနေရတယ်။ ဆီ၊ ဆန်၊ စားစရာလေးတွေ လာဝေပေးတာတော့ ရှိပါတယ်။ ကယ်ဆယ်ရေးပစ္စည်းတွေက သိပ်မရဘူး။ ဌာနဆိုင်ရာတွေကတော့ သန့်ရှင်းရေးလုပ်တာတွေတော့ ရှိပါတယ်။ လက်လုပ်လက်စားသမားတွေမှာ စားဝတ်နေရေး ခက်ခဲနေတယ်။ လှူတဲ့သူက ရှားပါးတယ်။ အဓိကက ဆန်ပဲလိုနေတယ်" ဟု မော်လိုက်မြို့ဒေသခံ ကိုစည်သူက ပြောသည်။

ချင်းတွင်းမြစ်ရေသည် မော်လိုက်မြို့ပေါ်ရှိ ရပ်ကွက်များအပြင် တိန်းသာ၊ တွန်းပင်၊ လောင်းကောင်း၊ ညောင်ဝန်း ၊ ညောင်သပြေ၊ မော်လိုက်၊ ကလေး၊ ရေခါတွန်၊ တပ်ကုန်း၊ ပန်းသာ၊ ကြာအင်း၊ မှော်ကူး၊ ခါဝဲ၊ သဝန်၊ မှုံကြီး၊ ယူးဝ နှင့် ပရောက်ကျေးရွာတို့တွင် ရေဝင်ရောက်ခဲ့သည်။

ဇူလိုင်လ ၂၈ ရက်တွင် မော်လိုက်ခရိုင်စီမံခန်ခွဲ့မှု ကော်မတီမှ ဦးဆောင်၍ ကယ်ဆယ်ရေးစခန်းများသို့ ဆန်နှင့် စားစရာများ သွားရောက် ဝေငှပေးနေကြောင်း ဒေသခံများထံမှ သိရသည်။

"မနေ့က ခန္တီးနဲ့ ဟုမ္မလင်းမှာ မိုးရွာသွန်းမှုအခြေနေက အနည်းငယ်ပဲရှိပါတယ်။ ဟုမ္မလင်းနဲ့ ဖောင်းပြင်က နောက်နေ့မှာ မြစ်ရေကျနိုင်ပါတယ်။ မော်လိုက်၊ ကလေးဝ၊ မင်းကင်း၊ ကနီ၊ မုံရွာမြို့ကတော့ နောက်ရက်တွေမှာ မြစ်ရေ ဆက်တက်နိုင်တယ်"ဟု စစ်ကိုင်းတိုင်းဒေသကြီး မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သင်းသင်းခိုင်က ပြောသည်။

ချင်းတွင်းမြစ်ရေ၏ ဇူလိုင်လ ၂၈ ရက်၊ ညနေပိုင်းအချိန် တိုင်းတာချက်အရ ခန္တီးမြို့တွင် ၁၄၅၇ စင်တီမီတာ၊ ဟုမ္မလင်းမြို့တွင် ၃၀၂၄ စင်တီမီတာ၊ ဖောင်းပြင်မြို့တွင် ၁၄၅၁ စင်တီမီတာ၊ မော်လိုက်မြို့တွင်
၁၄၃၉ စင်တီမီတာ၊ ကလေးဝမြို့တွင် ၁၆၈၄ စင်တီမီတာ၊ မင်းကင်းမြို့တွင် ၁၄၅၉ စင်တီမီတာ၊ ကနီမြို့တွင် ၁၂၅၁ စင်တီမီတာနှင့် မုံရွာမြို့တွင် ၁၀၂၉ စင်တီမီတာရှိကြောင်း စစ်ကိုင်းတိုင်းဒေသကြီး မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။

MMK


The Ladies News

0 comments:

Post a Comment