ထိုင်းနိုင်ငံ ဥဒုံဌာနီမြို့ထဲကို အေးအေးလူလူ လမ်းလျှောက်ကြည့်မယ်ဆိုရင်တော့ တခြားမြို့ကြီးတွေနဲ့ ကွာဟချက်မရှိတာကို ခရီးသွားတွေက သတိထားမိမှာ ဖြစ်ပါတယ်။
ဒေသခံတွေက ရင်းနှီးဖော်ရွေကြသလို လမ်းတွေမှာလည်း စားသောက်ဆိုင်တန်းတွေ၊ ကြီးမားတဲ့ ဈေးဝယ်စင်တာတွေ တွေ့ရမှာဖြစ်ပြီး အရှေ့မြောက်ပိုင်းက အချက်အချာကျတဲ့ ယဉ်ကျေးမှုတွေ ကြွယ်ဝတဲ့ မြို့ကြီးတမြို့ဖြစ်နေပါတယ်။
ဒါပေမယ့် နေ၀င်ပြီး မြို့တော်ရဲ့ ညဈေးကနေ ၅ မိနစ်အကွာမှာ ရှိတဲ့ ပတ်ဝန်းကျင်ကတော့ အပြောင်းလဲကြီး ပြောင်းလဲသွားပါတယ်။
“ကလေးမလေးတွေနဲ့ သွားမလည်ချင်ဘူးလား။ သူတို့ဆီကို ခေါ်သွားလို့ရတယ်။ အားလုံးက ငယ်ငယ်ချောချောနဲ့ လာအိုက လာတဲ့သူတွေပါ” လို့ တုပ်တုပ်မောင်းသမားက ကျီစယ်တဲ့ အပြုံးနဲ့ ပြောပါတယ်။
ဆေးရုံနဲ့ ဈေးကြီးတဲ့ဟိုတယ်နားက ကျဉ်းမြောင်းတဲ့လမ်းထဲက မှိန်ဖျော့တဲ့ အနီရောင် မီးရောင်အောက်မှာ နိုက်ကလပ်မယ်တွေနဲ့ ဖွင့်ထားတဲ့ အရက်ဆိုင်တွေ အနှိပ်ခန်းတွေ ကာရာအိုကေတွေက နေ့လယ်ပိုင်းမှာ လုံခြုံစိတ်ချရတယ်ဆိုတဲ့ ခံစားချက်ကို ပြောင်းလဲသွားစေပါတယ်။
ဒီနေရာတွေဟာ ပတ္တရားနဲ့ လိင်ကိစ္စနဲ့ ပတ်သက်ပြီး နာမည်ကြီးတဲ့ ဘန်ကောက်က နာနားတို့လို မဟုတ်ပေမယ့် အရက်ထက်ပိုတဲ့ အရာတွေ ရနေတာကတော့ ထင်ရှားနေပါတယ်။
“ဘယ်ကောင်မလေးကို လိုချင်လဲ။ သူက ခင်ဗျားနဲ့ အတူထိုင်ပြီး အရက်သောက်မယ်၊ ဒါပေမယ့် ဒီထက်ဘာမှ ပိုလုပ်လို့မရဘူးလို့” နိုက်ကလပ်မယ်တွေနဲ့ ဖွင့်ထားတဲ့ အရက်ဆိုင် မန်နေဂျာက ဗြောင်ကျကျပြောပါတယ်။
ဒါပေမယ့်လည်း ထိုင်းကို နှစ်စဉ်လာလည်နေတဲ့ ဂျာမနီက ခရီးသွားတဦးကတော့ အရှေ့မြောက်ပိုင်းက လိင်ကုန်သွယ်မှုနဲ့ ပတ်သက်ပြီး ပွင့်ပွင့်လင်းလင်းပဲ အိုင်းရစ် အရက်ဆိုင်တခုမှာ ထိုင်ပြီး ဘန်ကောက်စ်ပို့စ် စပက်ထရမ် သတင်းထောက်ကို အခုလို ပြောပြပါတယ်။
ဒီနေရာမှာ လာအိုက ပြည့်တန်ဆာတွေအပြင် ဥဒုံဌာနီနဲ့ အနီးပတ်ဝန်းကျင် မြောက်ပိုင်း အီဆန်က နေရာတွေဟာ ဥရောပက ခရီးသွားတွေအတွက် လိင်လုပ်ငန်းအတွက် အဓိကကျတဲ့နေရာ ဖြစ်လာတယ်လို့ သူက ပြောပါတယ်။
အရွယ်ရောက်တဲ့ အမျိုးသားတွေ အများစုကတော့ ဒီနေရာမှာ ယောက်ျားလေးရော မိန်းကလေးပါ ရှာလို့ရတယ်ဆိုတာ သိတယ်လို့ ဂျာမနီ ခရီးသွားက ပြောပါတယ်။
“အလွယ်တကူ ဖမ်းတတ်တဲ့ ပတ္တရားလိုမဟုတ်တော့ ဒီကလေးတွေနဲ့ ပျော်ရတာ ဗျာမများတော့ဘူး” လို့ ဂျာမနီ ခရီးသွား အမျိုးသားက ပြောပါတယ်။
“သူငယ်ချင်းတွေဆီက ကြားတာကတော့ လိင်ခရီးသွားတွေအတွက် တခါတလေ အီဆန်ဘက်က ရွာတွေကို ခရီးစဉ် စီစဉ်ပေးတယ်ပြောတာပဲ၊ ဒီနေရာကို ရောက်ရင် သူတို့ကြိုက်တဲ့သူတယောက်ကို ရွေးပြီး အပြင်ကို ခေါ်သွားလို့ရတယ်” လို့ သူက ပြောပါတယ်။
ပြည့်တန်ဆာတွေအတွက် နယ်စပ်ဖြတ်ကျော် လူကုန်ကူးတဲ့ ဖြစ်ရပ်က ထိုင်းမှာတော့ အထူးအဆန်း မဟုတ်ပါဘူး။
လာအို၊ ကမ္ဘောဒီးယား၊ မြန်မာက အသက်မပြည့်တဲ့ မိန်းကလေးနဲ့ အမျိုးသမီးတွေဟာ ခန္ဓာကိုယ်ကို အရင်းပြုရင် ထိုင်းဟာ ငွေရှာလို့ကောင်းတဲ့ နေရာတခုအဖြစ် တွေးထင်ထားပါတယ်။
သူတို့ကို လူကုန်ကူးခံရတဲ့ ဓားစာခံအဖြစ် အများစုက ရှုမြင်ပေမယ့် အများစုက လိင်အလုပ်သမအဖြစ် လုပ်ကိုင်ဖို့ သူတို့ ဆန္ဒနဲ့ သူတို့ ရွေးချယ်တာလို့ ပြည့်တန်ဆာတွေကို ထောက်ပံ့ပေးနေတဲ့ အစိုးရမဟုတ်တဲ့ လူမှုရေးအဖွဲ့ (အန်ဂျီအို)တခုက ပြောပါတယ်။
ဖမ်းဆီးထိန်းသိမ်းခံပြီး ပြန်ပို့ခံရပေမယ့် အများစုက ထိုင်းမှာပဲ ပြည့်တန်ဆာအနေနဲ့ လာပြန်လုပ်ကြတာ ဖြစ်ပါတယ်။
ရဲတွေက ပြည့်တန်ဆာတွေနဲ့ လိင်ဆက်ဆံ လာဘ်ယူပြီးရင် ဖမ်းဆီးထိန်းသိမ်းတဲ့ နည်းလမ်းတွေကို ဒေသခံ အန်ဂျီအိုနဲ့ ပညာရှင်တွေက စိုးရိမ်ပူပန်နေတာ ဖြစ်ပါတယ်။
လာအိုကနေ လာတယ်ဆိုတဲ့ အသက် ၁၄ နှစ်အရွယ် ဒေါင်က နှုတ်ခမ်းနီနဲ့ မိတ်ကပ်လိမ်းလိုက်ရင် အသက်အနည်းငယ်ကြီးသွားတဲ့ပုံ ပေါက်သွားပါတယ်။ အသက်မပြည့်ဘူးဆိုတဲ့ သူရဲ့ပြောဆိုချက်ကတော့ သူရဲ့ ဖောက်သည်တွေ အကြားချင်ဆုံး စကားလို့ ဆိုပါတယ်။
တကယ်တော့ နူးညံ့တဲ့ ကိုယ်အမူအယာနဲ့ အသားဖြူတဲ့ ဒေါင်က ကြည့်ကောင်းတဲ့ ကလေးမလေးဆိုရင်လည်း မမှားပါဘူး။
ဥဒုံဌာနီမှာ အလုပ်လုပ်ရင် လာအိုမြို့တော် ဗီယန်ကျင်းရဲ့ မြောက်ဘက် ၂၀ ကီလိုမီတာမှာ ရှိတဲ့ မွေးရပ်မြေ ဒွန်နောင်မှာထက် ၀င်ငွေပိုရမယ်လို့ အမျိုးတွေက အားပေးခဲ့တယ်လို့ အလုပ်လုပ်တဲ့ အရက်ဆိုင် ကောင်တာမှာ ထိုင်ရင်း ဒေါင်က ပြောပါတယ်။
“မိသားစုမှာ အငယ်ဆုံးပါ။ မိသားစုကို ထောက်ပံ့ဖို့ အလုပ်လုပ်ရတယ်။ ရွာက လူတွေအများစုက ထိုင်းကိုလာအလုပ်လုပ်ကြတော့ အမေကလည်း ကျမကို ဒီမှာ အလုပ်လုပ်စေချင်တယ်။ ဥဒုံဌာနီမှာ စားပွဲထိုးလုပ်ရင်း အိမ်ကို ငွေတွေအများကြီး ပြန်ပို့တဲ့ အမျိုးတွေလည်း ရှိတယ်။ ဒါကြောင့် ဒီလိုလုပ်ဖို့ ဆုံးဖြတ်လိုက်တာပါ” လို့ ဒေါင်က ထိုင်းဘာသာနဲ့ ပြောပါတယ်။
ဒီနေရာက သူအလုပ်သဘောသဘာဝကိုလည်း နားလည်တယ်လို့ ဒေါင်က ပြောပါတယ်။
အရင် ၂ နှစ်လောက်က ထိုင်းကိုလာပြီး စားသောက်ဆိုင်မှာ အလုပ်လုပ်ခဲ့ပေမယ့် နိုက်ကလပ်မယ်အဖြစ် အလုပ်လုပ်မယ်ဆိုရင် ငွေပိုရတယ်ဆိုတာကို သူငယ်ချင်းတွေကနေ တဆင့် သိရှိခဲ့ပါတယ်။
ပြည့်တန်ဆာလုပ်ရတဲ့ အတွေ့အကြုံကိုတော့ ပြောဆိုခြင်းမရှိပေမယ့် ငွေရမယ့် အခွင့်အလမ်းကိုတော့ လက်မလွှတ်ဘူးလို့ ပြောပါတယ်။
တခါတရံ တပတ်လောက် အလည်လာတဲ့ ထိုင်းနဲ့ နိုင်ငံခြားသား အမျိုးသားတွေက အဖော်လုပ်ပေးဖို့ ငှားရမ်းခံရတယ်လို့ သူက ပြောပါတယ်။
“ဒီအချိန်မှာတော့ ဘာလုပ်နေလဲဆိုတာကို သိပ်ဂရုစိုက်မနေနိုင်ပါဘူး။ လုံခြုံတယ်ဆိုရင်တော့ အားလုံး လုပ်ပါတယ်။ အိမ်ကို ငွေရသလောက် ပို့ဖို့ကတော့ အဖြစ်ချင်ဆုံး ဆန္ဒပါ။ နောက်တဆင့်ကတော့ ဘန်ကောက်မှာ အလုပ်သွားလုပ်ပြီး ငွေပိုရအောင် ရှာဖို့ပါ” လို့ ဒေါင်က ပြောပါတယ်။
မိုးဖွဲ့လေးကျတဲ့ ညသန်းခေါင်ချိန်ရောက်တာနဲ့ ဆိုင်တွေအားလုံးက ပိတ်လိုက်ပါတယ်။ ဒီအချိန်မှာ လူအများစုကတော့ အိပ်နေပြီ ဖြစ်ပါတယ်။
ဒါပေမယ့်လည်း ဆဲဗင်းအီလဲဗင်း စတိုးဆိုင်နဲ့ မနီးမဝေးမှာတော့ အမျိုးသမီးတွေက အလုပ်ရဖို့ ရှာဖွေနေဆဲ ဖြစ်ပါတယ်။ ဒီအချိန်မှာ ဆိုင်ရဲ့ အမိုးအကာ မှောင်ရိပ်ကနေ ထွက်လာတဲ့ အမျိုးသမီးတဦးက အဖော်ရှာနေတာလားလို့ မေးပါတယ်။
တချို့အရက်ဆိုင်တွေက ဖွင့်နေဆဲ ဖြစ်သလို ဆာဆိုတဲ့ အမျိုးသမီးက အရက်သောက်ပြီး ပြည့်တန်ဆာတဦး ဖြစ်လာတဲ့ ဘ၀ကို ပြောပြဖို့ ဆန္ဒရှိနေပါတယ်။
သူက လာအိုကလာတာဖြစ်သလို အခုရောက်နေတဲ့ အသက် ၂၅ နှစ်အရ ပြည့်တန်ဆာ အလုပ်ကို လုပ်ကိုင်ဖို့ နေ၀င်ချိန်ရောက်နေပြီ ဖြစ်ပါတယ်။
တကယ်တော့ အသက် ၁၆ နှစ်ကတည်းက ဆာက ထိုင်းမှာ အလုပ်လုပ်နေတာ ဖြစ်ပါတယ်။ နယ်စပ်နောင်ခိုင်ကို ဖြတ်ပြီး ထိုင်းနဲ့ လာအိုကို အကြိမ်ကြိမ် သွားလိုက်ပြန်လိုက်လုပ်ခဲ့ပါတယ်။
အကြိမ်ကြိမ်လည်း အဖမ်းခံရတယ်လို့ ဆိုပါတယ်။ သူရဲ့ ဖောက်သည် ရဲအရာရှိက ဖမ်းဆီးတဲ့ အရာရှိကို သတင်းပေးလို့ အဖမ်းခံရတာလို့ ပြောပါတယ်။
“ဥဒုံဌာနီက ရဲအရာရှိတွေက ကျမကို မက်လုံးတွေ ပေးပါတယ်။ ပြီးတော့ အပြင်ခေါ်ထုတ်တယ်။ ဘောက်ဆူးတွေ ပေးတယ်။ပြီးတော့ ကျမနဲ့ လိင်ဆက်ဆံတယ်။ ဒီနောက် ကျမကို ဖမ်းပြီး အိမ်ပြန်ပို့တယ်။ ဒါပေမယ့် အဆင်ပြေပါတယ်။ အလွယ်တကူပြန်လာပြီး ဒီမှာ ပိုက်ဆံ ရှာလို့ရပါတယ်” လို့ ဆာက ပြောပါတယ်။
ဥဒုံဌာနီ မြို့တော် ရဲဌာနမှုး ပုန်းဝစ်ဝက်ကာမာက သက်သေအထောက်အထားကတော့ ပြနိုင်ရင်တော့ ပြည့်တန်ဆာလုပ်တာကို ဖမ်းဆီးဖို့ ဥပဒေမှာ အသေးစိတ် ဖော်ပြထားတယ်လို့ ဆိုပါတယ်။
ချင်းမိုင် လိင်အလုပ်သမတွေမှာလည်း အလားတူ ဖြစ်ရပ်တွေရှိတယ်လို့ ပြောပါတယ်။ တကယ်တော့ ပြည့်တန်ဆာ အများစုဟာ ထိုင်းနိုင်ငံ မြောက်ပိုင်း တောင်ပေါ်မှာ နေတဲ့ တိုင်းရင်းသားတွေထဲက ဖြစ်ပါတယ်။
တချို့ကတော့ မှတ်ပုံတင်ရှိတဲ့အတွက် တရားမ၀င်နေထိုင်သူတွေ မဟုတ်ပေမယ့် နိုင်ငံသား အခွင့်အရေးကို အပြည့်အ၀ မရကြပါဘူး။
နစ်ကတော့ ကရင် တောင်ပေါ်ရွာက ဖြစ်ပြီး ချင်းမိုင်က အရက်ဆိုင်တဆိုင်မှာတော့ လူကြိုက်များတဲ့ ကလပ်မယ်တဦး ဖြစ်ပါတယ်။ သူ့ကိုလည်း ဖောက်သည်ရဲက ဖမ်းဆီးလေ့ရှိတယ်လို့ ဆိုပါတယ်။
သူရဲ့ ဖောက်သည်ရဲက သူအပေါ် အရမ်းကောင်းတဲ့သူတဦး ဖြစ်ပြီး သူဆီလာတိုင်း အပို ဆုကြေး အများအပြား ပေးလေ့ရှိသလို တခါတရံ အပြင်ထွက်ပြီး ထမင်းစားလေ့ရှိတယ်လို့ နစ်က ပြောပါတယ်။
လိင်ဆက်ဆံပြီး ငွေအမြောက်အမြား ပေးတတ်သလို တရက်မှာ ပြည့်တန်ဆာမှုနဲ့ အဖမ်းခံရတဲ့ အချိန်မှာတော့ အမှုကို ကိုင်တွယ်တာက ဖောက်သည်ရဲ ဖြစ်နေတဲ့အတွက် ရဲရဲ့ ဖြားယောင်းတာကို ခံလိုက်ရတယ်လို့သိရတဲ့အကြောင်း သူက ပြောပါတယ်။
နှစ် ၃၀ ကျော် လိင်အလုပ်သမတွေအတွက် ဆောင်ရွက်ပေးနေတဲ့ အမ်ပါဝါက ညွှန်ကြားရေးမှူး ချန်တော်ဝီပါ အပီဆုတ်ကတော့ ဖမ်းဆီးဖို့အတွက် ရဲတွေလုပ်နေတဲ့ နည်းလမ်းကတော့ လက်မခံနိုင်ဘူးလို့ ပြောပါတယ်။
“ဒါက ရဲအရာရှိတွေ လိင်ကုန်ကူးမှုမှာ ပါတယ် ဆိုတဲ့သဘောပဲ မဟုတ်လား။ ပိုက်ဆံနဲ့ လိင်ဝယ်တဲ့ ရဲတွေကလည်း အပြစ်ရှိတာပေါ့” သူက ပြောပါတယ်။
ချင်းမိုင်မှာ နစ်ရဲ့ ကိစ္စအတွက် အမှုလိုက်ပေးနေတဲ့ အမ်ပါဝါရဲ့ ဥပဒေ အကြံပေး ချတ်ချာလာဝမ် မောင်ဂျန်ကတော့ ရဲတွေက အမှတ်အသားပါတဲ့ ငွေတွေပေးခဲ့ပြီး သက်သေအဖြစ် ကွန်ဒုံးကို သုံးတာ ဖြစ်ပါတယ်။
နစ်ကတော့ ဒဏ်ငွေ ဘတ် ၁ ထောင် အရိုက်ခံရပြီး ပြန်လွှတ်လာပါတယ်။
ပြစ်မှုဆိုင်ရာ ဥပဒေ ပြင်ဆင်ချက် ၂၀၀၃၊ ပြည့်တန်ဆာ ဖိနှိပ်တားဆီးရေး ဥပဒေ ၁၉၉၆ နဲ့ ဖျော်ဖြေရေးနေရာ ဥပဒေ ၁၉၉၆ စတဲ့ ဥပဒေ ၃ ခုနဲ့ ထိုင်းမှာ ပြည့်တန်ဆာကို ကာကွယ်ထားပါတယ်။
ပြစ်မှုဆိုင်ရာ ဥပဒေတွေအရ ပြည့်တန်ဆာဟာ တရားမ၀င်ဘူးလို့ သတ်မှတ်မထားပေမယ့် ပြည့်တန်ဆာလုပ်ပြီး ငွေရှာတာကို တားမြစ်ထားပြီး ထောင်ဒဏ် နှစ် ၂၀ ငွေဒဏ် ၄ သောင်းအထိ ချမှတ်နိုင်ပါတယ်။
ဒါ့အပြင် ပြည့်တန်ဆာတွေနဲ့ အတူပေါင်းသင်းတာ၊ ငွေယူတာ၊ အတူနေတာတွေကိုလည်း တားမြစ်ထားပါတယ်။ ဒါပေမယ့် ပြစ်ဒဏ်ကိုတော့ မသတ်မှတ်ထားပါဘူး။
ဖျော်ဖြေရေးနေရာ ဥပဒေကလည်း အရက်ဆိုင်တွေဖွင့်တဲ့နေရာမှာ ပြည့်တန်ဆာမှု ဖြစ်ပွားရင် ရာဇ၀တ်မှုမြောက်တယ်လို့ ပြဋ္ဌာန်းထားပါတယ်။
ပြည့်တန်ဆာ ဖိနှိပ်တားဆီးရေး ဥပဒေမှာ ပါဝင်တဲ့ စာသားတွေက ရှင်းရှင်းလင်းလင်းမရှိသလို တရားဥပဒေ စိုးမိုးမှုအတွက် စိန်ခေါ်မှု ဖြစ်တယ်ဆိုပြီး လိင်အလုပ်သမအရေး ဆောင်ရွက်နေတဲ့ အုပ်စုတွေက ဝေဖန်နေပါတယ်။
အမ်ပါဝါမှာ လုပ်ခဲ့တဲ့ နှစ် ၃၀ တာကာလအတွင်း ထိုင်းက လိင်လုပ်ငန်းဟာ အကောင်းဘက်ကို ဦးတည် ပြောင်းလဲမှု မရှိဘူးလို့ ချန်တော်ဝီပါ အပီဆုတ်က ပြောပါတယ်။
“ဘယ်အစိုးရပဲ တိုင်းပြည်ကို အုပ်ချုပ် အုပ်ချုပ် ဒီပြဿနာကို ရာသက်ပန် ဖြေရှင်းနိုင်မယ့် မူဝါဒ မရှိဘူး။ ဒီကလေးမတွေ [ပြည့်တန်ဆာတွေ]ကို ဖမ်းဖို့ ထိုင်းအရာရှိတွေ အသုံးပြုတဲ့ နည်းလမ်းအမြောက်အမြားကိုလည်း တွေ့ဖူးတယ်။ သူတို့က ဒီကလေးမတွေကို ကူညီနေတယ်လို့ မျှော်လင့်နေပေမယ့် တကယ်တော့ မဟုတ်ပါဘူး”လို့ သူက ပြောပါတယ်။
အရင်လက ဘန်ကောက် နတ်တာရီ အနှိပ်ခန်းကို ၀င်ဖမ်းတုန်းကလည်း အကျင့်ပျက်ခြစားတဲ့ အရာရှိတွေနဲ့ ပြည့်တန်ဆာခန်း မန်နေဂျာတို့ရဲ့ ဆက်ဆံရေးအပေါ် မေးခွန်းတွေ ထွက်လာပါတယ်။
ရဲတပ်ဖွဲ့အဆိုအရ မိန်းကလေး ၁၂၁ ဦးကို ဖမ်းဆီးနိုင်ခဲ့ပြီး ဒီအထဲမှာ မြန်မာက ရွှေ့ပြောင်းနေထိုင်သူ ၇၇ ဦး ပါဝင်တယ်လို့ ဆိုပါတယ်။
အားလုံးကို အလုပ်လုပ်ခွင့် ခွင့်ပြုချက်၊ ပြည့်တန်ဆာ စွဲချက်တွေနဲ့ စွဲချက်တင်ခဲ့တာ ဖြစ်ပါတယ်။ အသက် ၁၈ နှစ် အထက် ထိုင်းအမျိုးသမီး ၂၃ ဦးကိုတော့ ဒဏ်ငွေရိုက်ပြီး ပြန်လွှတ်လိုက်ပါတယ်။ ထိုင်း ၂ ဦးနဲ့ မြန်မာ ၁၃ ဦးကတော့ အသက် ၁၈ နှစ်အောက်တွေ ဖြစ်ပါတယ်။
လူကုန်ကူးမှု၊ ပြည့်တန်ဆာ လုပ်ဆောင်မှု တရားမ၀င် ရွှေ့ပြောင်းအလုပ်သမားတွေကို နေထိုင်ခွင့်ပေးမှုတွေနဲ့ အနှိပ်ခန်း ပိုင်ရှင်၊ မန်နေဂျာတွေကို စွဲချက်တင် ဖမ်းဝရမ်း ထုတ်ထားပါတယ်။
ဒီလို စီးနင်းလိုက်ပြီးတဲ့နောက်မှာ ဟွေ့ကောင်း ရဲဌာန အကြီးအကဲနဲ့ တခြား အဆင့်မြင့်အရာရှိ ၃ ဦးကိုလည်း ပြောင်းရွှေ့လိုက်ပါတယ်။
ပြည့်တန်ဆာခန်းဟာ နှစ်ပေါင်းများစွာဖွင့်လှစ်ခဲ့ပြီး လယ်ဂျာတအုပ်မှာတော့ လာဘ်ယူတဲ့ အရာရှိတွေရဲ့ စာရင်းကိုလည်း ပြုစုထားပါတယ်။
ဖမ်းဆီးရမယ့် အရေအတွက်ကို ပြည့်မီဖို့အတွက် အကျင့်ပျက်တဲ့ ရဲအရာရှိတွေက ပြည့်တန်ဆာခန်းဝင်စီးတာကို မနှောင့်ယှက်ပေမယ့် မန်နေဂျာကို ဖုန်းဆက်ပြီး ပြည့်တန်ဆာ ၅ ဦး ရဲစခန်းမှာ ဒဏ်ငွေလာဆောင်ဖို့ အကြောင်းကြားတာမျိုးတွေ ရှိတယ်လို့ အမ်ပါဝါက ချန်တော်ဝီပါက ပြောပါတယ်။
နယူးဇီလန်က အန်ဂျီအိုရဲ့ ၃ လကြာ စုံစမ်းစစ်ဆေးမှုတွေလုပ်ဆောင်ပြီး အစိုးရကို သတင်းပေးခဲ့တဲ့ အတွက် အခုလို စီးနင်းမှု ဖြစ်ပါတယ်။
နိုင်ငံခြား အန်ဂျီအိုတခုက စုံစမ်းစစ်ဆေးမှုတွေ ဘာကြောင့် ၃ လကြာအောင် လုပ်ပြီး ရဲကို အမြန်ဆုံး အသိမပေးသလဲလို့ ချန်တော်ဝီပါက ပြောပါတယ်။
စီးနင်းမှုအပြီးမှာတော့ ဒီအနှိပ်ခန်းက အမျိုးသမီး ၂၁ ဦးဟာ ဆန်ဖလူ လူဝင်မှုထိန်းသိမ်းရေး ဌာနချုပ်မှာ ထိန်းသိမ်းခံရပြီး စစ်ဆေးခံရတော့မှာ ဖြစ်ပါတယ်။ အားလုံးဟာ မြန်မာနိုင်ငံကပဲ ဖြစ်ကြပါတယ်။
အသက်မပြည့်သေးတဲ့ ၁၄ ဦးကိုတော့ နောင်ထဘူရီမှာရှိတဲ့ ကရိတခန် ထိန်းသိမ်းရေး စခန်းမှာ ထိန်းသိမ်းထားပြီး ၁၃ ဦးက မြန်မာဖြစ်ပြီး တဦးကတော့ လူကုန်ကူးခံရတဲ့အတွက် ဘယ်နိုင်ငံက ဆိုတာ ပြောလို့ မရသေးပါဘူး။
ခရီးသွားခွင့် လက်မှတ်မရှိတဲ့သူ ၁၀ ဦးကိုတော့ ကောင်ဖန် အကျဉ်းထောင်မှာ ထိန်းသိမ်းထားတာ ဖြစ်ပါတယ်။
ချန်တော်ဝီက ပြည့်တန်ဆာတွေနဲ့ တွေ့ခွင့်ရတဲ့ တဦးတည်းသော အမျိုးသမီးလည်း ဖြစ်ပါတယ်။ သူတို့ရဲ့ နေထိုင်နေရတဲ့ အခြေအနေက တော်တော်ဆိုးသလို သူတို့ဟာ မျက်မြင်သက်သေဆိုပေမယ့် အကျဉ်းသားတွေလိုပဲ ဆက်ဆံခံနေရတယ်လို့ ဆိုပါတယ်။
“အ၀တ်အစား၊ အမျိုးသမီးလစဉ်သုံး ပစ္စည်း၊ အစားအသောက်နဲ့ ဆေးစတဲ့ လိုအပ်တဲ့ အရာတွေ မရှိဘဲ နေရတဲ့ သူတို့အတွက် ဒါတွေကို ထောက်ပံ့ပါတယ်။ သူတို့ အမှန်တကယ်လိုအပ်တာကတော့ မကြာခင် လွတ်ပြီး အိမ်ပြန်ရမယ်ဆိုတဲ့ မျှော်လင့်ချက်ပါ”လို့ အမ်ပါဝါရဲ့ ဥပဒေအကြံပေး ချတ်ချလာဝမ် မောင်ဂျန်က ပြောပါတယ်။
အတွေ့အကြုံအရ အမျိုးသမီးတွေက မြန်မာကို ၁ နှစ်၊ ၂ နှစ်လောက် အိမ်ပြန်လေ့ရှိပြီး အဆင်သင့်ဖြစ်သွားရင် ထိုင်းကို ပြန်လာပြီး လိင်အလုပ်သမားအဖြစ် ပြန်လုပ်ကိုင်သလို ဆန္ဒမပါဘဲ ဘယ်သူကမှ မလာဘူးလို့ သူက ဆိုပါတယ်။ အားလုံးက ငွေလိုချင်တဲ့အတွက် ဒီကိုလာရောက်တာ ဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။
“ထိုင်းနိုင်ငံက မြို့ကြီးတွေမှာ သူတို့ ဆွေမျိုး သူငယ်ချင်း ကွန်ရက်တွေရှိပါတယ်။ သူတို့လူတွေရှိတဲ့နေရာ ဘယ်နေရာကိုမဆို သူတို့သွားနိုင်ပါတယ်” လို့ ချတ်ချာလာဝမ်က ပြောပါတယ်။
ထိုင်းနိုင်ငံမှာ ရုံးခွဲရှိတဲ့ လူကုန်ကူးမှုနဲ့ ပတ်သက်ပြီး အနီးကပ်လုပ်ဆောင်နေတဲ့ အမည်ဖော်ပြမထားတဲ့ နိုင်ငံတကာ အန်ဂျီအိုတခုက ပြည့်တန်ဆာမှုကို ပြစ်မှုအဖြစ် မပြဋ္ဌာန်းဘူးဆိုတာဟာ အဖြေတခုမဟုတ်ဘူးလို့ ပြောပါတယ်။
“ထိုင်းက ပြည့်တန်ဆာမှုကို ပြစ်မှုအဖြစ် မပြဋ္ဌာန်းဘူးဆိုရင် လူကုန်ကူးမှုကို လျော့ချနိုင်မယ်ဆိုတဲ့ အယူအဆမှားကို လူတော်တော်များ လက်ကိုင်ထားကြပါတယ်။ ဒီအမြင်ကို အထောက်အကူပြုဖို့ ခိုင်လုံတဲ့ အထောက်အထားမရှိဘူး” လို့ အိုင်အန်ဂျီအိုက အီးမေးလ်ကနေ ဖြေကြားပါတယ်။
လူကုန်ကူးမှုကို အောင်အောင်မြင်မြင်တိုက်ထုတ်နိုင်ဖို့အတွက် အကျင့်ပျက်ခြစားမှုက အဓိက အခက်အခဲ တခုဖြစ်ပါတယ်။
“ထိုင်းရဲ့ လူကုန်ကူးမှု တိုက်ဖျက်ရေး ဥပဒေက မပြည့်စုံသလို ဒီဥပဒေကို အကျိုးသက်ရောက်အောင်လုပ်ဖို့က မဖြစ်နိုင်ဘူး” လို့ အန်ဂျီအိုက ပြောပါတယ်။
ထိုင်းအခြေစိုက် ဘန်ကောက်ပို့စ်သတင်းစာ Spectrum မှ The sex workers embraced by the wrong arms of the law ကို ဆီလျှော်အောင် ဘာသာပြန်ပါတယ်။
DVB
0 comments:
Post a Comment