Monday, November 23, 2020

ဆိုင်ထိုင်ရောင်းချခွင့်ပြုရာတွင် လူဦးရေကန့်သတ်ချက်ဖြင့်သာ ရောင်းချခွင့်ပြုမည်ဟုဆို

 

လာမယ့် ဒီဇင်ဘာလဆန်းပိုင်းမှာ စားသောက်ဆိုင်နဲ့ လက်ဖက်ရည်ဆိုင်တွေကို ဆိုင်ထိုင်ရောင်းချခွင့်ပြုနိုင်ဖို့ စစ်ဆေးဆောင်ရွက်မှုတွေပြုလုပ်နေရာ အရင်ချမှတ်ထားတဲ့ ကိုဗစ်စည်းကမ်းချက်တွေအပြင် လူဦးရေ ကန့်သတ်ချက်နဲ့သာ ရောင်းချခွင့်ပြုမယ့် စည်းကမ်းချက်တစ်ခုထပ်တိုးထားတယ်လို့ နေပြည်တော် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ မြတ်ဝဏ္ဏစိုးက ပြောပါတယ်။
“ဆိုင်ထိုင်ရောင်းချတာကတော့ အားလုံးသိပြီးသားဖြစ်ပါတယ်။ ပထမအကြိမ်တုန်းက သတ်မှတ်ထားတဲ့ အချက်တွေပါပဲ။ အဲထဲမှာ ကျွန်တော်တို့ နည်းနည်းထပ်ပိုတာကတော့ ဆိုင်တွေမှာ ရောဂါကူးစက်မှုတွေ မဖြစ်စေရေးအတွက် လူစုလူဝေးမဖြစ်အောင် ဆောင်ရွက်ဖို့အတွက် ဒီဆိုင်မှာ အများဆုံး တစ်ကြိမ်မှာ ထိုင်ပြီးတော့ ရောင်းချနိုင်မယ့် အရေအတွက်ကို ကန့်သတ်ထားမှာဖြစ်ပါတယ်။ ဥပမာ လူ (၂၀)ဆံ့တဲ့ ဆိုင် လူ(၂၀)ပဲ လက်ခံရမှာဖြစ်ပါတယ်။ လူ(၃၀)ဆံ့တဲ့ဆိုင် လူ(၃၀)ပဲ လက်ခံရမှာဖြစ်ပါတယ်။ ဒီထက်ပိုလို့ရှိရင် ဒါကို စည်းကမ်းလိုက်နာမှုအားနည်းတယ်ဆိုပြီး သတိပေးသွားဖြစ်ပါတယ်” လို့ ဒေါက်တာ မြတ်ဝဏ္ဏစိုးက ပြောပါတယ်။
နေပြည်တော်ကောင်စီနယ်မြေမှာ စည်းကမ်းချက်နဲ့ ကိုက်ညီတဲ့ ဆိုင်တွေကို ဆိုင်ထိုင်ရောင်းချခွင့်ပြုနိုင်ဖို့ သက်ဆိုင်ရာ ပူးပေါင်းအဖွဲ့တွေက စစ်ဆေးမှုတွေကို နိုဝင်ဘာ (၂၁)ရက်က စတင်ဆောင်ရွက်နေတာပါ။ ပထမအကြိမ် ပြန်လည်ဖွင့်လှစ်ခွင့်ပြုတုန်းက နေပြည်တော်ကောင်စီနယ်မြေမှာ စည်းကမ်းချက်နဲ့ ကိုက်ညီတဲ့ ဆိုင်ပေါင်း (၅၀၀)ကျော် ဖွင့်လှစ်ခွင့် ပြုခဲ့တယ်လို့ ဆိုပါတယ်။ အခုတစ်ခေါက်ပြန်လည်ဖွင့်လှစ်ခွင့်ပြုဖို့ စစ်ဆေးရာမှာတော့ ဖွင့်လှစ်ဖို့ အဆင်သင့်ဖြစ်နေတဲ့ ဆိုင် (၂၀၀)ခန့် ရှိတယ်လို့ ဒေါက်တာ မြတ်ဝဏ္ဏစိုးက ပြောပါတယ်။ “မနေ့က စစ်ဆေးတဲ့ အနေအထားအရတော့ တစ်ချို့ဆိုင်တွေကတော့ အသင့်ဖြစ်နေပြီပေါ့လေ။ တစ်ချို့ဆိုင်တွေကလည်း ဆိုင်ထိုင်ရောင်းချခွင့်ရပ်ထားတော့ နားထားရတာတွေလည်းရှိပါတယ်။ ဒါလည်းရှိပါတယ်။ အဲတော့ ဆိုင်ပေါင်း (၂၀၀)လောက်ကတော့ ဖွင့်မယ်ဆို ဖွင့်ဖို့ အသင့်ဖြစ်နေပြီလို့ သိရပါတယ်” လို့ ဒေါက်တာမြတ်ဝဏ္ဏစိုးက ပြောပါတယ်။
ဖွင့်လှစ်ခွင့်ပြုလိုက်တဲ့ ဆိုင်တွေကိုလည်း အပတ်စဉ် ပူးပေါင်းအဖွဲ့တွေနဲ့ စစ်ဆေးဆောင်ရွက်သွားမှာဖြစ်ပြီး စည်းကမ်းမလိုက်နာရင် သတိပေးမှုတွေ ပြုလုပ်သွားမယ်လို့ ဆိုပါတယ်။ ဈေးသည်တွေနဲ့ ပတ်သက်လို့လည်း တစ်ချို့ ပျံကျဈေးသည်တွေက လမ်းမတွေပေါ်မှာ ရောင်းချတာတွေရှိတဲ့အတွက် အရေးယူတာမျိုးမဟုတ်ပေမယ့် စနစ်တကျဖြစ်အောင် သွားရောက်သတိပေးရတာတွေရှိတယ်လို့လည်း ဆိုပါတယ်။ အခုလို ဆိုင်ထိုင်ရောင်းချခွင့် ပြုနိုင်ဖို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီရဲ့ ညွှန်ကြားချက်နဲ့ ဆောင်ရွက်နေတာဖြစ်ပြီး စည်းကမ်းသတ်မှတ်ချက် A အဆင့်ရတဲ့ ဆိုင်တွေကို လာမယ့် ဒီဇင်ဘာလဆန်းပိုင်း လောက်မှာ ပြန်လည်ဖွင့်လှစ်ခွင့်ပြုသွားမှာဖြစ်တယ်လို့ ပြောပါတယ်။
သတင်း-ငြိမ်းချမ်းအောင်

1 comments: