Wednesday, November 18, 2020

မန္တလေးဆေးရုံကြီးတွင် COVID-19 ပိုးတွေ့ရှိသူ နေ့စဉ် ၃၀ ကျော်ရှိ

 

မန္တလေးမြို့ အထွေထွေရောဂါကုဆေးရုံကြီးတွင် COVID-19 သံသယလူနာများနေ့စဉ် ၁၀၀ ကျော်လာရောက်ပြသလျက်ရှိရာ ယင်းထဲတွင် ပိုးတွေ့သူ ၃၀ ကျော်ရှိကြောင်း မန္တလေးဆေးရုံအုပ်ကြီး ဒေါက်တာစုစုဒွေး ထံကသိရသည်။
COVID-19 ရောဂါသံသယ လက္ခဏာများ ခံစားနေရသူများသည် ရုတ်တရက်ဖျားခြင်းနှင့်ချောင်းဆိုးခြင်း ၊ ရုတ်တရက် အနံ့အရသာပျောက်ခြင်း ၊ လွန်ခဲ့သော ၁၀ ရက်အတွင်း ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ ဆေးရုံတက်ရောက်ကုသမှု ခံရသည်အထိ လတ်တလောပြင်းထန်အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခ ဏာများရှိခြင်းတို့ ဖြစ်ကြောင်းသိရသည်။
" အရင်လတွေတုန်းက သံသယလူနာတွေသိပ်မများသေးဘူး ။ ခုလတွေမှာတော့ သံသယလူနာတွေလာပြတဲ့တာတွေများတယ် ။ ပိုးတွေ့လူနာတွေကလဲ နေ့စဉ် များလာတယ် " ဟု မန္တလေးဆေးရုံအုပ်ကြီး ဒေါက်တာစုစုဒွေးကပြောသည် ။
မန္တလေးဆေးရုံကြီးသို့ လာရောက်ပြသသော ကိုဗစ် သံသယ လူနာများကို Fever Corner (ဖျားနာသူများ လက်ခံရာဌာန) ၌ပင် Rapid Test Kit ဖြင့် စစ်ဆေးသွားမည်ဖြစ်ပြီး ပိုးတွေ့ရှိပါက အတည်ပြုလူနာ ကုသရာ ဆေးရုံများသို့ ချက်ချင်းလွဲပြောင်းပေးမည် ဖြစ်ကြောင်းသိရသည် ။
လက်ရှိ နိုဝင်ဘာလ ၁၈ ရက်နေ့ထိမန္တလေးခရိုင်အတွင်းတွင် ကိုဗစ်ပိုးတွေ့ လူနာ ၂၈၀၀ ကျော်ရှိကာ ဆေးရုံးဆင်းသူ ၁၇၅၄ ဦးရှိပြီးမန္တလေးတိုင်းအတွင်းတွင်ပိုး တွေ့လူနာ ၃၇၀၀ ကျော် နှင့် ဆေးရုံဆင်းသူ ၂၄၇၀ ဦးနှင့် သေဆုံးသူ ၁၉ ဦးရှိကြောင်းသိရသည် ။
မန္တလေးတွင် ပိုးတွေ့လူနာများကို ဇီဝိတဒါနသာသနာ့အထူးကုဆေးရုံကြီးနှင့်ကန်တော်နဒီဆေးရုံ၊ ခုတင် (၃၀၀)ဆံ့ သင်ကြားရေးဆေးရုံ ကုတင် ၁၀၀ ဆံ့သင်ကြားရေး တိုင်းရင်းဆေးရုံ နှင့် ဧရာဝတီဖောင်ဒေးရှင်း ကိုဗစ်စင်တာ တို့တွင် ကုသပေးလျက်ရှိသည် ။
မန္တလေးတွင် ကိုဗစ်ရောဂါပိုးတွေ့ရှိသူ များပြားလာသလို ၎င်းတို့နှင့် ထိတွေ့ဆက်စပ်မိသူ အရေအတွက်သည်လည် များပြားလာသည့်အတွက် ဆေးရုံနှင့် ကွာရန်တင်း စင်တာများ တိုးချဲ့ပြင်ဆင်နေရကြောင်း သိရသည် ။




နေသူရိန်လင်း

0 comments:

Post a Comment