Wednesday, November 18, 2020

ကိုဗစ်ချေးငွေ တတိယသုတ်တွင် လုပ်ငန်း (၆၉၈) ခုအား ကျပ် ၂၂ ဘီလီယံကျော် ထုတ်ယူခွင့်ပြု

ဒုတိယအကြိမ် COVID-19 ချေးငွေ တတိယအသုတ်တွင် လုပ်ငန်း (၆၉၈)ခုအား ကျပ် ၂၂ ဘီလီယံကျော် ချေးငွေထုတ်ယူခွင့်ပြုလိုက်ကြောင်း COVID-19 ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေး သက်ရောက်မှုများ အပေါ် ကုစားရေးလုပ်ငန်း ကော်မတီမှ သိရသည်။
COVID-19 ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေး သက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်း ကော်မတီ အစည်းအဝေး (၁၀/၂၀၂၀) ဆုံးဖြတ်ချက်အရ ချေးငွေ လျှောက်ထားသည့် လုပ်ငန်းများအနက် လုပ်ငန်း (၆၉၈) ခုသို့ ခွင့်ပြုငွေ ပမာဏ ကျပ် (၂၂ ဒသမ ၇၆၈၅) ဘီလီယံကို ဒုတိယအကြိမ် COVID-19 Fund မှ ချေးငွေ ထုတ်ယူခွင့်ပြု လိုက်ခြင်း ဖြစ်သည်။
ယခု တတိယအသုတ် ထုတ်ပေးသည့် လုပ်ငန်းများထဲတွင် တိုင်းဒေသကြီးနှင့်ပြည်နယ် အသီးသီးရှိ စိုက်ပျိုးရေး၊မွေးမြူရေးလုပ်ငန်း အများဆုံးပါဝင်ပြီး စားသောက်ကုန် ထုတ်လုပ်သည့် ကုန်ထုတ်လုပ်ငန်းများ၊ ပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းများ နှင့် အသက်မွေး ဝမ်းကျောင်း ပညာသင်ကျောင်းများ၊ စက်မှုလုပ်ငန်း၊ ဆန်စက်လုပ်ငန်း စသည့်လုပ်ငန်းများ ပါဝင်သည်။
အဆိုပါ ချေးငွေထုတ်ယူခွင့် ရရှိသူများအား ဘဏ်လုပ်ထုံး လုပ်နည်းများနှင့်အညီ စိစစ်၍ ချေးငွေထုတ်ပေးရာတွင် ဘဏ်တစ်ခုခု၌ တရားစွဲဆိုခံထားရသည့် လုပ်ငန်းဖြစ်ပါက ချေးငွေများ ထုတ်ပေးမည် မဟုတ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။
COVID-19 ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်း ကော်မတီအနေဖြင့် ဒုတိယအကြိမ် COVID-19 ချေးငွေလျှောက်ထားသူ ၁၀၀၀၀ ကျော်ရှိသည့် အနက် ပထမအသုတ်တွင် လုပ်ငန်း (၁၀၄၁) ခုသို့ ခွင့်ပြုငွေ ပမာဏ ကျပ် (၂၀ ဒသမ ၇၇၇၅) ဘီလီယံ နှင့် ဒုတိယအသုတ်တွင် လုပ်ငန်း (၁၂၀၀) ခုသို့ ခွင့်ပြုငွေ ပမာဏ ကျပ် (၂၁ ဒသမ ၁၂၂) ဘီလီယံအား ချေးငွေ ထုတ်ယူခွင့်ပြုထားသည်။
ဒုတိယအကြိမ် ကိုဗစ်ချေးငွေကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေထွက်ပစ္စည်း ထုတ်လုပ်သည့် လုပ်ငန်းများ၊ ပြည်ပပို့ကုန် ထုတ်လုပ်သည့် ကုန်ထုတ်လုပ်ငန်းများ၊ သွင်းကုန် အစားထိုး ပစ္စည်း ထုတ်လုပ်သည့် ကုန်ထုတ်လုပ်ငန်းများ၊ ပြည်တွင်းထုတ် လုပ်မှုမှ ပြည်ပတင်ပို့သည်အထိ ထုတ်လုပ်မှုကွင်းဆက် (Supply Chain) တစ်လျှောက် ပါဝင် ဆောင်ရွက်သည့် လုပ်ငန်းများ၊ စားသောက်ကုန် ထုတ်လုပ်သည့် ကုန်ထုတ်လုပ်ငန်းများ၊ ပြည်ပအလုပ်အကိုင် ဝန် ဆောင်မှု လုပ်ငန်းများနှင့် အသက်မွေးဝမ်းကျောင်း ပညာသင်ကျောင်းများအား ထုတ်ချေးပေးနေခြင်း ဖြစ်သည်။



ဝေဝေဖြိုး

0 comments:

Post a Comment