Thursday, March 8, 2018

ပုဒ်မ ၅၀၅ (ခ) ဖြင့် ထောင်ဒဏ်ကျခံနေရသည့် ဆရာတော်ဦးပါမောက္ခ ပြန်လွတ်လာ


အမေရိကန်သံရုံးရှေ့ ဆန္ဒပြမူဖြင့်လွန်ခဲ့သည့်လမှ ၅၀၅(ခ)ဖြင့် ထောင်ဒဏ်ချမှတ်ခံရသည့် မကွေးကျောင်း ဆရာတော်ဦးပါမောက္ခ ထောင်ဒဏ်ရက်စေ့ ပြန်လွှတ်လာပြီးနောက် ရွှေတိဂုံစေတီ အောင်မြေတွင် အပြစ် မရှိဘဲ ထောင်ကျခံနေရသူများအတွက် ရည်ရွယ်ကာ ဝတ်ပြုဆုတောင်းပွဲ တစ်ရပ်ပြုလုပ်ခဲ့သည်။
ဝတ်ပြုဆုတောင်းရာတွင် ဦးပါမောက္ခက ''ပုဒ်မ၁၉နဲ့က တစ်လ ၅၀၅(ခ)နဲ့က သုံးလ ထောင်ဒဏ် အကျဉ်းကျ ခံပြီး ရက်ပြည့်လို့ ပြန်လည်လွတ်မြောက်လာသည့် အင်းစိန်ထောင်ထဲ အကျဉ်းကျလို့ အကျဉ်းသားတွေနဲ့ တွေ့လိုပြောတဲ့အခါကျတော့ဘာအပြစ်မှမလုပ်ဘဲ ထောင်ကျခံရတဲ့အကျဉ်းသားများက ပြောတာကဘုန်းဘုန်း က အားလုံးပေါင်းမှ လေးလကျခံရတာ၊ တပည့်တော်တို့က သေဒဏ်ကျခံရတာ၊ လူသတ်မူနဲ့ သေဒဏ်ကျခံ ရတယ်။

သေဒဏ်ကျခံရသော်လည်း သေသွားတဲ့သူကို ကာယကံ၊ ဝဇီကံ၊ မနောကံနဲ့ မပြစ်မှားမိပါဘူးတဲ့၊ အခုတော့ တပည့်တော်တို့က သေဒဏ်ထိုက်တဲ့ပုဂ္ဂိုလ်ကနေ ထောင်ဒဏ် တစ်သက်မှာ ရောက်နေတာတဲ့၊ သူတို့ ပြစ်မှုမကျူးလွန်ဘဲ ထောင်ကျနေသူတွေဟာ မြန်မာနိုင်ငံမှာ ထောင်ပေါင်း ၄၆ ထောင်ထဲမှာ အကျဉ်းခံရတာ ရယ်၊ အချူပ်သားရယ် တစ်သိန်းလောက် ရှိတဲ့အတွက် ငါးသိန်းသော ပြည်သူတွေက ပြစ်မှုမကျူးလွန်ဘူး။ အဲ့ဒီအတွက် ဘုန်ကြီးက ပြန်လွတ်လာသော်လည်း အဲ့ဒီပြစ်မှု မကျူးလွန်သူတွေ ပြန်လည်လွတ်မြောက် လာအောင် အခုလို ဆုတောင်းမေတ္တာ ပို့မှာပါ။ သူတို့ကိုလည်း အမြန်ဆုံး လွတ်မြောက်လာအောင် သမာဒေဝ နတ်ကောင်း နတ်မြတ်များက ကူညီစောင့်ရှောက်၍ သော်လည်းကောင်း၊ နိုင်ငံတော်သမ္မတကြီး က သော်လည်းကောင်း မိမိတတ်နိုင်သည့်ဘက်က အပြစ်မဲ့အကျဉ်းသားတွေအတွက် အမြန်ဆုံးလွတ်မြောက် လာစေဖို့ ဆုတောင်းမှာဖြစ်တယ်'' ဟု ဆုတောင်းမေတ္တာပို့သခြင်း မပြုမီ မိန့်ကြားသည်။

ဆရာတော်ဦးပါမောက္ခအား ရိုဟင်ဂျာအမည်သုံးစွဲမှုနှင့် ပတ်သက်ပြီး အမေရိကန်သံရုံးရှေ့တွင် ဆန္ဒပြရာ တွင် ပါဝင်ခဲ့သည်ဟု ဆိုသည့် မကွေးကျောင်းဆရာတော် ဦးပါမောက္ခအား ပုဒ်မ ၅၀၅(ခ)ဖြင့် ကမာရွတ်မြို့ နယ် တရားရုံးက ဖေဖော်ဝါရီ ၂၁ ရက်က ထောင်ဒဏ် ၃ လ ချမှတ်ခံခဲ့ရခြင်းဖြစ်သည်။ ဆရာတော်အား ၂၀၁၇ နိုဝင်ဘာ ၁၅ ရက်နေ့တွင် ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ် စည်ပင်သာယာရေး ကော်မတီရုံးရှေ့တွင် ဆန္ဒဖော်ထုတ်ရန် မကွေးကျောင်း ဆရာတော် ဦးပါမောက္ခ ဦးဆောင်၍ လယ်သမား ဦးအောင်စီက ဒဂုံမြို့ သစ်(မြောက်ပိုင်း)မြို့နယ် ရဲတပ်ဖွဲ့စခန်းသို့ နိုဝင်ဘာ ၁၂ ရက်နေ့က ခွင့်ပြုချက် လာရောက်တောင်းရာတွင် ဖမ်းဆီးထိန်းသိမ်း ခံလိုက်ရကြောင်း သိရသည်။

ထိုသို့ ဖမ်းဆီးထိန်းသိမ်းပြီးနောက် ၂၀၁၇ နိုဝင်ဘာ ၁၄ ရက်နေ့တွင် ကမာရွတ်မြို့နယ် တရားရုံးတွင် ပထမဆုံးအကြိမ်ဖြင့် ရုံးထုတ် စစ်ဆေးခဲ့သည်။ ထိုသို့ရုံးထုတ်စစ်ဆေးပြီးနောက် နိုဝင်ဘာ ၂၁ ရက် ရုံးထုတ် စစ်ဆေးရာတွင် ငြိမ်းစုစီပုဒ်မ (၁၉) အတွက် ထောင်ဒဏ်တစ်လ ချမှတ်ခဲ့သည်။ ကျန်ရှိသည့် နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ(၅၀၅/ခ) ဆက်လက်စစ်ဆေးပြီး ၂၀၁၈ ဖေဖော်ဝါရီ ၂၁ ရက်နေ့(ဗုဒဟူးနေ့)တွင် ထောင်ဒဏ် ၃ လ ချမှတ်လိုက်ခြင်း ဖြစ်သည်။

စိုင်းဟန်
The Ladies News
 

 

0 comments:

Post a Comment