Thursday, March 8, 2018

ဒေါ်အောင်ဆန်းစုကြည်ထံမှ Elie Wiesel ဆု ရုပ်သိမ်းမှု မြန်မာပြည်သူအပေါ် သက်ရောက်မှုရှိမည်မဟုတ်ဟု ၀ါရှင်တန်ရှိ မြန်မာသံရုံးကတုံ့ပြန်


အမေရိကန် Holocaust မော်ကွန်းပြတိုက်မှ ဒေါ်အောင်ဆန်းစုကြည်အား ၂၀၁၂ ခုနှစ်ကပေးအပ်ချီးမြှင့် ခဲ့သည့် Elie Wiesel လူ့အခွင့်အရေးဆုကို ပြန်လည်ရုပ်သိမ်းကြောင်းမတ်လ ၇ ရက်ကထုတ်ပြန်ကြေညာ သည်။
အမေရိကန် Holocaust မော်ကွန်းပြတိုက်၏အဆိုပါလုပ်ရပ်သည် ဒေါ်အောင်ဆန်းစုကြည်၏ခေါင်းဆောင် မှုကိုအားပေးထောက်ခံသည့် မြန်မာပြည်သူများ၏သန္နိဌာန်ချထားမှုအပေါ် သက်ရောက်မှုရှိမည်မဟုတ်ဟု အမေရိကန်ပြည်ထောင်စု ၀ါရှင်တန်မြို့ရှိ မြန်မာသံရုံးက နေ့တွင်းချင်းထုတ်ပြန်သည်။

ယင်းအပြင် မြန်မာနိုင်ငံသည် အရှေ့တောင်အာရှနိုင်ငံများအနက် အစ္စရေးနိုင်ငံအားပထမဆုံးအသိ အမှတ်ပြုခဲ့သည့် နိုင်ငံဖြစ်ပြီး နှစ်နိုင်ငံပြည်သူများအကြား နှစ်ကာလကြာရှည်စွာ ချစ်ကြည်ရင်းနှီးသောဆက် ဆံရေး ရှင်သန်လျက်ရှိကြောင်း၊ ဂျူးလူမျိုး ထောင်ပေါင်းများစွာ သေဆုံး၊ အတိဒုက္ခရောက်ခဲ့သည့် Holocaust ဖြစ်စဉ်ကို အစဉ်ရှင်သန်အသက်ဝင်ရန် အားထုတ်ကြိုးပမ်းနေသည့် အမေရိကန် Holocaust မော်ကွန်းပြ တိုက်၏ လုပ်ငန်းနှင့် ရည်ရွယ်ချက်များကို မြန်မာနိုင်ငံက အစဉ်တစိုက် ထောက်ခံအားပေးလျက်ရှိချိန်တွင် ပြတိုက်အနေဖြင့် ရခိုင်ပြည်နယ်အခြေအနေအပေါ် မျှတသည့်သဘောထားအမြင်မရှိသူများ၏ လှည့်စား အသုံးချခံရသည့်ကိစ္စရပ်အပေါ် များစွာစိတ်ပျက်မိကြောင်း မြန်မာသံရုံး၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ရခိုင်ပြည်နယ်မှ ဘင်္ဂါလီမူဆလင်များသေဆုံးမှုအတွက် ကျူးလွန်သူများအပေါ် ရှုတ်ချပြောဆိုမှုမရှိသဖြင့် Elie Wiesel ဆုကို ပြန်လည်ရုပ်သိမ်းခြင်းဖြစ်ကြောင်း ပြတိုက်မှတာဝန်ရှိသူများက ပြောသည်။

ယင်းဆုသည် ရိုမေးနီးယားနိုင်ငံဖွား အမေရိကန်ဂျူးလူမျိုး ကဗျာဆရာ၊ ပါမောက္ခနှင့် နိုင်ငံရေးတက်ကြွလှုပ် ရှားသူ Elie Wiesel ကို ဂုဏ်ပြုသောအားဖြင့် ၂၀၁၁ ခုနှစ်က စတင်ပေးအပ်ချီးမြှင့်သည့် လူ့အခွင့်အရေး ဆုဖြစ်သည်။ ၎င်းသည် ဒုတိယကမ္ဘာစစ်အတွက် သန်းနှင့်ချီသော ဂျူးလူမျိုးများအသတ်ခံရမှု Holocaust ဖြစ်ရပ်ကာလဆိုးကြီးကိုဖြတ်သန်း၍ ရှင်သန်ကျန်ရစ်ခဲ့သူဖြစ်ပြီး ၎င်း၏ငြိမ်းချမ်းရေးဆောင်ရွက်မှုများအတွက် ၁၉၈၆ ခုနှစ်တွင် နိုဘဲလ်ငြိမ်းချမ်းရေးဆုပေးအပ်ချီးမြှင့်ခြင်းခံရသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ဆုအမည်ရှင် Elie Wiesel ပြီးလျှင် အဆိုပါဆုကိုဒုတိယမြောက် ပေးအပ် ချီးမြှင့်ခြင်းခံရသူဖြစ်သည်။

ဆုရုပ်သိမ်းခြင်းကြေညာချက်နှင့်အတူ အဆိုပါပြတိုက်က ဒေါ်အောင်ဆန်းစုကြည်အတွက် စာတစောင် ထုတ်ပြန်ရာ ဒေါ်အောင်ဆန်းစုကြည်သည် ကုလသမဂ္ဂမှ စုံစမ်းစစ်ဆေးသူများနှင့် ပူးပေါင်းဆောင်ရွက် လိုခြင်းမရှိကြောင်း၊ ဘင်္ဂါလီမူဆလင်အသိုင်းအ၀ိုင်းအပေါ် မုန်းတီးစိတ်ဖြင့် တိုက်ခိုက်ပြေဆိုမှုများကို အားပေးအားမြှောက်ပြုခဲ့သည်ဟုပင် စွပ်စွဲထားသည်။

ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မရှင်အကြီးအကဲ ဇအိဒ်အာလ်ဟူစိန်ကလည်း မတ် ၇ ရက်တွင် ရခိုင်ပြည်နယ်ဖြစ်စဉ်များအပေါ် ရာဇ၀တ်ကြောင်းအရ စွဲချက်တင်နိုင်မည့် အဖွဲ့တခုဖွဲ့ရန် ဆော်သြထား သည်။

မော်ရိုး
ဓါတ်ပုံ-မင်းဇာနည်
News Watch


0 comments:

Post a Comment