Monday, March 5, 2018

အစၥလာမ္ဘာသာ၀င္အားလုံး နိုင်ငံသားအခွင့်အရေး အပြည့်အ၀ ရလိုကြောင်း ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမြအေး တောင်းဆို


၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဘောင် အတွင်းကပေးထားသော နိုင်ငံသားများ၏ ရသင့်ရထိုက်သော အခွင့် အရေးကို အစ္စလာမ်ဘာသာဝင်အားလုံး အပြည့်အ၀ရလိုကြောင်း ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမြအေးက တောင်းဆိုလိုက်သည်။


“မြန်မာနိုင်ငံအတွင်းမှာ မှီတင်းနေထိုင်သော နိုင်ငံသားများဖြစ်တဲ့အတွက်ကြောင့်မို့ နိုင်ငံသားအခွင့်အရေး ကတော့ ကျွန်တော်တို့ အပြည့်အ၀လိုချင်ပါတယ်။ ပိုပြီးမပေးပါနဲ့။ နည်းနည်းလေးမှ မလိုချင်ပါဘူး။ လျှော့ပြီးတော့လည်း မလုပ်ပါနဲ့။ နည်းနည်းလေးမှ လက်မခံပါဘူးဆိုတာကို ကျွန်တော်တို့ ဒီနေ့ အတိအလင်းပြောချင်ပါတယ်။ အစဉ်အဆက်က မြန်မာမွတ်ဆလင်များ ရှင်းရှင်းလေးပါ။

မြန်မာနိုင်ငံအတွင်းမှာ မှီတင်းနေထိုင်သော လူမျိုးပေါင်းစုံ အစ္စလာမ်ဘာသာဝင်တွေ အားလုံးကို ပြောခြင်းဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ရသင့်ရထိုက်တဲ့အခွင့်အရေး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ အတွင်းကပေးထားတဲ့ နိုင်ငံသားတွေရဲ့ရသင့်ရထိုက်တဲ့ အခွင့်အရေးကို လိုချင်ပါတယ်။

လျှော့ပေးတာမလိုချင်ပါဘူး။ လျှော့ပေးတဲ့ မည်သည့်စနစ် မည်သည့် အစိုးရကိုမဆို ကျွန်တော်တို့ လက်ခံမှာ မဟုတ်ပါဘူး”ဟု ၄င်းကပြောသည်။

မတ် ၄ရက်က ရန်ကုန်မြို့၊Park Royalဟိုတယ်တွင် Social Alliance လူမှုမဟာမိတ်အဖွဲ့မှ ကြီးမှူးကျင်း ပသော နိုင်ငံသားအခွင့်အရေး၊ နိုင်ငံသားတာဝန်၊ နိုင်ငံအကျိုးပြုခြင်း အခန်းကဏ္ဍဆိုင်ရာ ဆွေးနွေးပွဲ၌ ယင်းသို့ပြောဆိုခြင်း ဖြစ်သည်။

လက်ရှိအချိန်တွင် မြန်မာမွတ်စလင်များအနေဖြင့် နိုင်ငံသားအခွင့်အရေးကိုလည်းချိုးဖောက်ခံနေရကြောင်း တရားလွှတ်တော်ရှေ့နေ ဦးကျော်ငြိမ်းကပြောသည်။

“ဥပမာပြောမယ်ဗျာ ပက်စပို့စ်ကိစ္စဆိုပါစို့၊ သွားကြတယ်၊ လျှောက်ကြတယ်။ သူ့ဆီမှာလည်း နိုင်ငံသား စိစစ်ရေးကတ်ပြားရှိ တယ်၊ ကိုယ့်ဆီမှာလည်း ရှိတယ်၊ သို့သော် ဘာသာမတူဘူး၊ လူမျိုးမှာ အခြားမျိုးနွယ် သာပါနေရင် သူချက်ချင်း တန်းမရဘူး၊ အဲဒါသည် ထင်သာမြင်သာရှိတဲ့ ခွဲခြားဆက် ဆံခံရမှုပေါ့။ ဥပဒေ ရဲ့ရှေ့မှောက်မှာ အားလုံးက တန်းတူပဲ ဥပဒေရဲ့အကာ အကွယ်လည်း တန်းတူပဲ ရရမယ်ဆိုပြီးတော့ ဆိုတယ်။

သို့သော်နိုင်ငံသားဖြစ်ခြင်းလည်းကျရော အမျိုးအစားက နှစ်မျိုးကွဲ သွားတယ်၊ တိုင်းရင်းသားမိဘနှစ်ပါးက မွေးဖွားရင် သူတို့က ပြောစရာမလိုဘူး၊ ဒါနိုင်ငံသားတွေ၊ သွေးနှောတွေက နို်င်ငံ သားတော့ဖြစ်မယ်၊ ဒါပေ မယ့် သူတို့က ဥပဒေအရ နိုင်ငံသား ဟိုဟာကတိုင်းရင်းသားကနေ ဖြစ်ထွန်းလာတဲ့ နိုင်ငံသား နောက် တယောက်က နိုင်ငံသားကတ်တော့ ရလာမယ်။ ၁၂/ဘာညာရလာမယ်၊ သူလည်းနိုင်ငံသား ဒါပေမယ့် ကွဲပြားခြားနားမှုက ရှိနေတယ်၊

တိုင်းရင်းသားမိဘကနေ ဆင်းသက်လာတဲ့ သူနဲ့သာမန်ဥပဒေအရ နိုင်ငံသားရလာတဲ့ကောင် ပြစ်မှုတရပ်ကို အတူတူကျူးလွန်ကြတယ်၊ ဥပမာ အစိုးရနဲ့ ဆန့်ကျင်တဲ့ ပြစ်မှုတရပ်ပေါ့၊ ပြစ်ဒဏ်ချမှတ်ခံရတာ အတူတူပဲ ထားဦး၊ တိုင်းရင်းသား မိဘနှစ်ပါးက ဆင်းသက်လာတဲ့သူက ပြစ်ဒဏ်ပြည့်လို့လွတ်ရင် အပြင်မှာနိုင်ငံသား အဖြစ် အဆင့်သင့် ရှိနေမယ်၊ အလုပ် အကိုင်ပြုတ်ရင် ပြုတ်မယ်။ သို့သော် အခြားဘာမှ ထိခိုက်မှုမရှိဘူး၊ ဟိုတယောက်လည်းကျရော အခြေအနေအရ သူရဲ့နိုင်ငံသားဖြစ်မှုကို ရုတ်သိမ်းခံရကောင်း ခံရနိုင်တယ်၊ မသေချာတော့ဘူး၊ ဒါက မြင်သာတဲ့ ကွဲပြားနေတဲ့ အချက်တခု၊ အဲဒီလူဟာ တကယ်လို့ သူ့အဘိုးအဖွား တယောက် ယောက်က အိန္ဒိယ၊ ဘင်္ဂလားတခုခုဖြစ်ခဲ့ရင် သူမျိုးဆက်ပြတ်သွားပြီ၊ မျိုးကန်းသွားပြီ။ ဆိုပါစို့ အဲဒီလိုလူတွေ အများကြီးရှိတယ်၊ မြန်မာနိုင်ငံမှအပ သူ့မှာ မိခင်နိုင်ငံမရှိဘူးလေ”ဟု ၄င်းကပြောသည်။
အဆိုပါ အခမ်းအနားကို မြန်မာမွတ်စလင်အများစု တက်ရောက်ခဲ့ကြပြီး ရန်ကုန်တိုင်းဒေသကြီအစိုးရအဖွဲ့မှ ၀န်ကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များကို ဖိတ်ကြားထားသော်လည်း တက်ရောက်ခဲ့ခြင်း မရှိပေ။

ကျော်ဝဏ္ဏ
News Watch

0 comments:

Post a Comment