Monday, March 5, 2018

ငြိမ်းစုစီဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်းကို အမျိုးသားလွှတ်တော်တွင် ကန့်ကွက်သူများ


ငြိမ်းစုစီဥပဒေကိုပြင်ဆင်တဲ့ ဥပဒေကြမ်းကို ဒီနေ့ကျင်းပတဲ့ အမျိုးသားလွှတ်တော်မှာ စတင်ဆွေးနွေးပြီး ကန့်ကွက်တဲ့ကိုယ်စားလှယ် များခဲ့ပါတယ်။ အဆိုပါဥပဒေကြမ်းကို ဒီနေ့လွှတ်တော်မှာ ကိုယ်စားလှယ် ၅ ယောက် ပါဝင် ဆွေးနွေးခဲ့ကြပြီး အန်အယ်လ်ဒီကိုယ်စားလှယ် ၂ ယောက်အပါအ၀င် ကိုယ်စားလှယ် ၄ ယောက်က ကန့်ကွက် ဆွေးနွေးသွားကြတာာ ဖြစ်ပါတယ်။
အန်အယ်လ်ဒီကိုယ်စားလှယ် ရန်ကုန်တိုင်း မဲဆန္ဒနယ်အမှတ် ၂ က ဦးဌေးဦးက  ဒီဥပဒေကြမ်းဟာ ဒီမိုကရေစီစံချိန်စံညွှန်းတွေနဲ့ မကိုက်ညီသလို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ရပ်တည်ချက်နဲ့လဲ မကိုက်ညီဘူးလို့ လွှတ်တော်မှာ ဆွေးနွေးသွားပါတယ်။

“ဒီလိုပြဋ္ဌာန်းချက်တွေဟာ အာဏာရှင်တွေ မတရားသဖြင့် အသုံးချနိုင်တဲ့အကြောင်း ကြောင့် ဥပဒေရဲ့ စံချိန်စံညွှန်း ဒီမိုကရေစီရဲ့စံချိန်စံညွှန်းနဲ့ မကိုက်ညီသလို အန်အယ်လ်ဒီပါတီရဲ့ ရပ်တည်ချက်တွေနဲ့လည်း မကိုက်ညီပါဘူး။ အန်အယ်လ်ဒီပါတီရဲ့ ပြဋ္ဌာန်းစာအုပ် အခန်း ၂ ရည်ရွယ်ချက် အပိုဒ် ၇ (က)မှာ  စစ်မှန်တဲ့ ဒီမိုကရေစီ နိုင်ငံတော်ပေါ်ပေါက်လာဖို့  လုပ်မယ်။ အပိုဒ်၇ (ဃ)မှာ အာဏာရှင်ဆန်၍ ပြည်သူလူထုကို ဖိစီးနှိပ်စက်တဲ့ နိုင်ငံရေးစနစ်မျိုး မည်သည့်အခါမျှ ပေါ်ပေါက်စေခြင်း မရှိစေရေးအတွက် လုပ်ကိုင်ဆောင် ရွက်ဖို့ သံန္နိဋ္ဌာန်ချ ရည်ရွယ်ချက်နဲ့ ဒီဥပဒေပြဌာန်းချက်ပါ စကားလုံးများဟာ ညီညွတ်မှု မရှိတဲ့အတွက် ပယ်ဖျက်သင့်ပါကြောင်း” ကန့်ကွက် တင်ပြသွားပါတယ်။

ဒါ့အပြင် ပယ်ဖျက်သင့်တဲ့ ပုဒ်မ ၁၈ အစား ပုဒ်မ ၁၉ နဲ့ အစားထိုးဖို့လည်း တင်ပြသွားပါတယ်။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၅ ဦးအနက် ကိုယ်စားလှယ်တဦးကပဲ ပြင်ဆင်ချက်နဲ့ ထောက် ခံဆွေးနွေးသွားပြီး ငြိမ်းစုစီဥပဒေကြမ်းကို ပြင်ဆင်တဲ့ ဥပဒေကြမ်းကို လွှတ်တော်မှာ ဆက်လက် ဆွေးနွေးကြဦးမှာ ဖြစ်ပါတယ်။

ငြိမ်းချမ်းစွာစုဝေးခြင်းနဲ့ ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခြင်းဆိုင်ရာဥပဒေ ပြင်ဆင်တဲ့ ဥပဒေမူကြမ်းကို ဖေဖော်ဝါရီ ၁၉ ရက်က အမျိုးသားလွှတ်တော်မှာ စတင် တင်သွင်းခဲ့တာ ဖြစ်ပါတယ်။

အဲဒီမူကြမ်းမှာ ဥပဒေရဲ့ ခြေဆင်းကို အစားထိုးပြင်ဆင်ထားပြီးတော့ ငြိမ်းချမ်းစွာ စုဝေးတာ၊ ဒါမှမဟုတ် စီတန်းလှည့်လည်တာအတွက် ခန့်မှန်းကုန်ကျစရိတ်နဲ့ ကုန်ကျခံမယ့် ပုဂ္ဂိုလ်၊ အဖွဲ့အစည်းကို ဖော်ပြပြီး မြို့နယ်ရဲတပ်ဖွဲ့မှူးကို တင်ပြရမယ်လို့ အစားထိုး ဖြည့်စွက်ထား ပါတယ်။

ပြစ်ဒဏ်တွေအနေနဲ့လည်း နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာ အေးချမ်းသာယာရေးနဲ့ ပြည်သူတွေရဲ့ ကိုယ်ကျင့်တရားကို ပျက်ပြားစေမယ့် အခြေအနေတွေကို သိလျက်နဲ့ ဒီလိုဆောင်ရွက်ဖို့ တိုက်တွန်းတာ၊ လှုံ့ဆော်တာ ဆိုရင် ထောင်ဒဏ် ၃ နှစ်အထိချဖို့၊ ဒီ ပုဒ်မတွေကို ရဲအရေးပိုင်တဲ့ ပုဒ်မအဖြစ် သတ်မှတ်ထားပါတယ်။

ဒီလို ပြင်ဆင်လိုက်တာနဲ့ ပတ်သက်ပြီး လတ်တလောမှာ  ဥပဒေပညာရှင်တွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ တက်ကြွလှုပ်ရှားသူတွေက အပြင်းအထန် ၀ိုင်းဝန်းကန့်ကွက်နေကြပါတယ်။

DVB


0 comments:

Post a Comment