Thursday, January 9, 2014

မြခွာညိုနှင့် လပြာသို၏ မြင်းခင်းကျင်းပ မကာရ



ပြာသိုလသည်   မြန်မာပြည် ရာသီဥတု အရ အအေးဆုံးဖြစ်သလို မကာရရာသီဟု ခေါ်၍ ထိုလတွင် စန်းပြည့်နက္ခတ်မှာ  ဖုသျှနက္ခတ် ဖြစ်သည်။ ယှဉ်သောတာရာမှာ ပုစွန်တာရာဖြစ်ပြီး ညတာရှည် ၍ နေ့တာတိုလွန်းသော ကာလဖြစ်သည်။
ပြာသိုလကို ပုဂံခေတ် ကျောက်စာတို့၌ ပသိုင်ဟုလည်း ရေးထိုး ခဲ့ကြသည်ကို   တွေ့ရသည်။ ထိုနှစ်မျိုးတွင် ရေးချမပါသော အရေးအသားက ပိုမိုတွင်ကျယ် အသုံးများခဲ့သည်။ လှေသင်းအတွင်း ဝန်၏ ဝေါဟာရတ္ထဒီပနီတွင် ပြာသိုလအကြောင်းကို ဤသို့ဖွင့်ဆိုထား၏။ အမရကောသ အဘိဓာန်ကျမ်း၌ မကာရရာသီတွင် ဖုသျှနက္ခတ်နှင့် ယှဉ်သော လပြည့်နေ့ကို ''ပေါ်သျှီ''ဟု ခေါ်သည်။ ရာဇတ္ထဏ် ကျမ်းတွင်လည်း ''ပေါသီ-ပြာသိုလ''ဟု အနက်ဆို၏။ ထိုပေါသီပင်  သက္ကတအလို ရရစ်နှင့် ပြောသည်ဖြစ်၍ ကာလရှည်ကြာသော အခါ ယင်းပြောသည်မှ မြန်မာဘာသာ ပြာသို ဖြစ်လာသည်ဟု ဖွင့်ဆိုထားသည်။  
ပေါသီကား ဖုသျှနက္ခတ်နှင့်ယှဉ်၍ လပြည့်သော ကာလဟု အဓိပ္ပာယ်ရသည်။ ပညာရှင်အချို့ကမူ  ပရသီတလ ဟူသော ပါဠိပုဒ်မှ မြန်မာ ဘာသာ ပြာသိုသို့ ပြောင်းလဲလာသည်ဟု လှေသင်းအတွင်းဝန်က ဆက်လက်ဖော်ပြသည်။ ပရသီတလ ဆိုသည်မှာ ''အခြားသော ကာလများထက် ပို၍ ချမ်းအေးသောလ''ဟု ဆိုလိုသည်။ ''မာဂဓလို၊ ပေါသီဆို၊ နဂိုရင်းစကား၊ သက္ကတလှစ်၊ ပြောသီဖြစ်၊ မြန်ခေတ်ပြာသိုထား''ဟူ၍လည်း သံပေါက်စပ်ဆိုခဲ့ ကြလေသည်။
မြင်းခင်းသဘင် ပွဲတော်ကား အခြားသော ပွဲတော်များကဲ့သို့ ရက်ပိုင်းမျှ ကျင်းပသော ပွဲတော်မျိုး မဟုတ်ပေ။ ဆင်ခင်း၊ မြင်းခင်း၊ လေးခင်း၊ ဓားခုတ်လှံထိုး၊ ဒူးလေးပစ်၊ လင်းလေးပစ်၊ ဆင်တိုက်၊ မြင်းပြေး၊ သေနတ်ပစ်၊ အမြောက်ပစ်၊ စက်ထိုး၊ ဗလိခတ် စသည် ကြည်းတပ်တို့၏ တိုက်ခိုက်နည်း အမျိုးမျိုး ပါဝင်သည့်အပြင် သိုင်းအမျိုးမျိုးကိုလည်း တစ်ပွဲပြီးတစ်ပွဲ ကျင်းပသွားခြင်း ဖြစ်သည်။ မြင်းခင်းသဘင် ကိုပင် စစ်ထိုးပွဲ၊ စစ်ပစ်ပွဲ၊ စက်သွင်းပွဲ ဟူ၍လည်းခေါ်ကြသည်။
မြင်းခင်းသဘင်သည် သူရသတ္တိနှင့် တကွ လက်ရုံးရည်ဘက်တွင် ထူးချွန်သူတို့၏ အရည်အချင်း ပြပွဲကြီး (ဝါ)သူရဲကောင်း ရွေးပွဲကြီး  တစ်ခုဖြစ်လေသည်။ နန်းတော်မှစ၍ မင်းမှူးမတ်၊ သူဌေးသူကြွယ်တို့သည် မိမိတို့၏ သမီးငယ်များအား သူရသတ္တိရှိ၍ လက်ရုံးရည် ထူးချွန်သူများနှင့်သာ  မှန်းထားလေ့ ရှိကြရာ ထိုပွဲတော်ကို အထူး စိတ်ဝင်စားကြသည်။ ထို့ကြောင့် ယင်းပွဲတော်ကို သမီးရှင်များ၏ သမက်လောင်းရှာပွဲ၊ မင်းသမီး၊ သူဌေးသမီး၊ မှူးမတ်သမီးတို့၏ ကြင်ဖက်တော် ရွေးပွဲဟု တစ်နည်းအားဖြင့် ခေါ်ဆိုနိုင်ပေသည်။ မြင်းခင်းသဘင် ကျင်းပသော နေရာမှာ ရွှေနန်းတော် အတွင်းရှိ မြေနန်းတော်ရှေ့ မြေကွက်လပ်တွင် များသောအားဖြင့် ရွေးချယ် သတ်မှတ်လေ့ရှိသည်။
ပြာသိုလ နံနက်ခင်း၏ ဆောင်းလေအေးတွင် စက်တိုင်များ ထိပ်ရှိ ကြက်လျှာတံခွန် အနီရောင်များမှာ လွင့်မြူးနေကြသည်။  ကကြိုးတန်ဆာ စုံလင်စွာ ဆင်ယင်ထားသော မြင်းချော၊ မြင်းလှ၊ မြင်းကောင်း၊ မြင်းသန့်များမှာ လည်တမော့မော့ ခွာတရှပ်ရှပ်၊ နှာတမှုတ်နှင့် လှုပ်လှုပ်ရွရွ ဖြစ်နေကြသည်။ မှူးတော်၊ မတ်တော်နှင့် မြင်းတပ် အမှုထမ်းများသည် မိမိတို့၏ ရာထူး ဌာနန္တရ ထမ်းရွက်ရသည့်အလျောက် ဘုရင်မင်းမြတ် ပေးကမ်းထားသော  မျဉ်းရှည်မောက်တို၊ မောက်ရှည်စသော စစ်ဝတ်တန်ဆာများကို ခံ့ထည်စွာ ဝတ်ဆင် ထားကြရသည်။ စွဲကိုင်သော လှံတို၊ လှံရှည်များမှာ  တက်သစ်စ နေခြည်အောက်တွင် တလက်လက် တောက်ပြောင်နေကြလေသည်။
အဖန်ဖန် လေ့ကျင့်ထားသော်လည်း ပရိသတ်ကို ကြောက်ပြီး ခါပေါက်၍ ထွက်ပြေးသော မြင်းရှိလျှင် ဖမ်းဆီး သိမ်းယူရန် မြင်းဝန် စာရေး၊ မြင်းတော်မှူး၊ မြင်းတော်ခံများသည် ဝတ်ကောင်း၊ ဝတ်သန့်ဖြင့် အသင့် ရှိနေကြသည်။ မင်းညီမင်းသား၊ မှူးတော်၊ မတ်တော်၊ အရာရှိ၊ အရာခံစသော နန်းတော်အမှုထမ်း၊ လွှတ်တော် အမှုထမ်း၊ ဗြဲတိုက်တော် အမှုထမ်းတို့၏ အလှည့်ပြီးလျှင် မင်းတပ်၏ အလှည့်ဖြစ်သည်။
အက္ကပတ်မြင်းတပ်၊ ကသည်းမြင်းတပ်မှ တပ်ဗိုလ်စစ်ကဲနှင့် အခြားအဆင့် အရာထမ်းများနှင့် အမှုထမ်းများ၏ စွမ်းရည်ပြပွဲကား စက်ကွင်းပွဲနှင့် မဆိုင် သီးခြားဖြစ်သည်။ မြင်းရေး ၃၇ ရေးကို ဆက်လက် စီးပြသည်။ မြင်းချင်း တေးသီချင်းကို တီးမှုတ်ပြကြသည်။ ထို့နောက် ရေပြည့်အိုးငယ်များ တင်ထားသော ငှက်ပျောပင် တိုတိုများကို မြင်းနှင့် ဒုန်းစိုင်း ပြေးလာရင်း ခုတ်ကြရသည်။ ငှက်ပျောပင်လည်း မလဲရ၊ ရေအိုးလည်း အောက်သို့ မကျရပါချေ။   ဓားခုတ်ရာကို ကြည့်သောအခါ တိတိရိရိပြတ်ပြီး အပင်မလဲ အိုးမမှောက်ဘဲ တည်ရှိနေလျှင် လူရည်ချွန်အဖြစ် သြဘာ ပေးခြင်းခံရ၍ ဆုတော်များ ရရှိသည်။
နောက်တစ်မျိုးမှာ မြင်းကို ဒုန်းစီးလာရင်း ဘုရင့်ရှေ့မှောက်သို့ ရောက်သော် ရှောက်သီးတစ်လုံးကို အထက်သို့ မြှောက်ပေးလိုက်သည်။ ထိုအခါ မြင်းပေါ်မှ မင်းသားက ပြေးရင်းပင် လှံဖြင့် ထိုးယူလိုက်သည်။ ယင်းသို့ မင်းသားများ ကုန်အောင် စွမ်းရည်ပြပြီးနောက် မြင်းခြောက်စီးတွဲ ထွက်လာ၍ မြေပေါ် သို့ ရှောက်သီးလုံးများကို လှံဖြင့်ထိုးယူပြီး အထက်သို့ မြှောက်ပစ်လိုက်ရသည်။ အောက်သို့ပြန်ကျသောအခါ ရှောက်သီးလုံး များကို လှံဖြင့် စိုက်ဝင်အောင် လုပ်ကြရသည်။ တစ်ခါတစ်ရံ လှံဖျားတွင် ပုတီးစေ့များ သီထားသကဲ့သို့ ရှောက်သီး ၁ဝ လုံး၊ ၁၂ လုံး အထိ ရရှိကြသည်။ ထိုသူများကို ဆုများ ပေးတော်မူသည်။
စက်တွင် လှံထိုးပွဲ ထူးချွန်သူများသည် ကွင်းတစ်ပတ် ပတ်၍ မင်း၊ မိဖုရား ရှေ့တော်မှောက်သို့ မင်းစီးလျက်ပင် ဟန်ရေးလှလှနှင့် ဝင်ရောက်လာသည်။ ထိုအခါ မိဖုရားကြီးက ရွှေကြင်ခတ် ပဝါပစ်ပေး၍  ဂုဏ်ပြု သည်။ မင်းသမီးများက ပန်းများ ပစ်ပေးကြသည်။  ရွှေကြင်ခတ် ပဝါကို ရင်တွင်စည်း၍ ပန်းများကိုနား တွင်ပန်ဆင်ကာ ရှေ့တော်သို့ တစ်ပတ်ပတ်၍ ဝင်ရသည်။ ထိုအခါ မင်းပရိသတ်က သောင်းသောင်းဖြဖြ သြဘာပေးကြသည်။ ဆုတော်လာဘ်တော် များမှာ ပိုးပုဆိုး၊  ဖဲပဝါ၊ ပိုးပန်းပဝါ၊ ပုစွန်ထုပ်ခေါင်းပေါင်း စသည်တို့ဖြစ်သည်။
ဤမြင်းခင်းသဘင်နှင့် အတူ မြင်း ၃၇ ရေးပြသည့် အပြင် လေးပစ်ခြင်း စွမ်းရည်ပြပွဲ၊ သိုင်း၊ ဗန်တို၊ ဗန် ရှည်စသည့် ကာကွယ်မှုများ၊ ဆင်သည်များ၏ စွမ်း ရည်၊ သေနတ်ပစ်စွမ်းရည်၊ စက်ကွင်းလှံထိုးပွဲ၊ ဓားခုတ်ပြိုင်ပွဲများသည်   ရှေးဘုရင်များ ဦးစီး၍ လုပ်ဆောင်ခဲ့သည်။   သီချင်းကြီးများ အရ ရေးရလျှင် မြင်းခင်းသဘင်သည် သက္ကရာဇ် ၆၇၄ ခုနှစ်ခန့် ပင်းတယ တစ်စီးရှင် သီဟသူ လက်ထက်က စတင် ပေါ်ပေါက်ခဲ့သည်ဟု ယူဆရသည်။    အင်းဝခေတ်၊ တောင်ငူခေတ်၊  ညောင်ရမ်းခေတ်၊ ကုန်းဘောင်ခေတ်တို့တွင် သီချင်း၊ ကဗျာများ အများအပြား ပေါ်ပေါက်ခဲ့သည်ဟု ကွမ်းတောင်ကိုင် ဦးယာက ဘိုးတော်မင်းတရား လက်ထက်တွင် သူကိုယ်တိုင် မြင်တွေ့ရသော  မြင်းခင်းသဘင် ရှုခင်းကို ဤသို့ မှတ်တမ်းတင်ခဲ့သည်။''သည်ရတုတွင်၊ ဆင်မြင်းခြေသည်၊ စွမ်းရည်ဖွေးဖွေး၊ မုန်စွေးစွေးနှင့်၊ ဒိုင်းလေးသေနတ်၊ပစ်ခတ်ခင်းကျင်း၊ မြင်းတစ်လျှောက်၊ ဆင်ပေါက်ဦးစီး၊ မှူးကြီးမတ်များ၊ ရွှေသား စိုစို၊ မောက် တိုမောက်လှ၊ လှံယူဓားစွဲ၊ လက်ဝဲလက်က်ျာ၊ တီးပါ အတည်၊ မြင်းရှည်မြင်းတို၊ ကိုယ်ကိုဝတ်ဆင်၊ ရွှေဖျင် အင်္ကျီ၊ ပုစွန်ဆီနှင့်၊ နီလာမြသွေး၊ စိုင်းနှင်းပြေး၍၊ မြင်း ရေးယှဉ်ပြိုင်၊ စက်တိုင်စက်ကွင်း၊ စီးနင်းထိုးဖောက်၊ ရှေ့နောက်ဆုတ်ငင်၊ ဆင်လည်းမုန်ပြင်း၊ မြင်းခင်းပွဲ တော်....''ဟူ၍ လူးတား ဆရာကြီးဦးယာက မြင်းကွင်းကို ပြည့်ပြည့်စုံစုံ ရေးသား ဖော်ပြခဲ့သည်။
ဘုရင်မင်းမြတ် ရှေ့တော်တွင် စက်ထိုးပွဲ ဆင်နွှဲစေရန်  အကြိမ်ကြိမ်  ကြိုတင် လေ့ကျင့်ထားရသည်။ သို့တိုင် ကံမကောင်း အကြောင်းမလှသူများ ရှိသေးသည်။ လွဲ ချော်သူများ ရှိခဲ့ဖူးသည်။
ထိုသူကား  မင်းပရိသတ် ဗိုလ်ပါအလယ်တွင် လှလှကြီး အရှက်ရတော့သည်။ စက်ကွင်းထိုးစဉ် စစ်ဝတ်တန်ဆာ ပျက်ယွင်းသူ၊ မြင်းပေါ်က လိမ့်ကျသူ၊ ပစ်လွှတ်သော လှံလျင် စက်တိုင်သို့ မရောက်သူ၊ အဝတ်အစား တင်းကျပ်စွာ မဝတ်၍ ပုဆိုးကျွတ်ခြင်း၊ ဓားကျွတ်ခြင်း၊ ပေါင်းထုပ် ကျွတ်ခြင်း၊ မြင်းကိုစိုင်းနင်းပြီးခါမှ စက်တိုင်အနီးရောက် ပြန်လှည့်လာသူများအား မင်းပြစ်မင်းဒဏ် ခံရသည်။ စွမ်းအားပြ ဟန်မကျလျှင်လည်း အရှက်ကွဲရသည့် နည်းတူ ထူးခြားပြောင်မြောက်စွာ အစွမ်းပြနိုင်လျှင်လည်း ဘုရင်မင်းမြတ် သဘောကျပါက ပေးရိုးပေးစဉ် ဆုလာဘ်များအပြင် မြို့စား၊ ရွာစားရခြင်း၊ သမီးတော်များနှင့် ထိမ်းမြားပေးသည်အထိ ချီးမြှောက် ခံရလေသည်။ ဤသည်မှာ ပြာသိုလ၏ မြန်မာမှုပွဲတော် မြင်းခင်းသဘင် ဖြစ်သည်။
ယနေ့ မျက်မှောက်ခေတ်တွင် ပြာသိုလ၏ ထူးခြား ချက်ကား လွတ်လပ်ရေး အောင်ပွဲသဘင်နှင့် သူရဲကောင်းများ၏ ဆုတံဆိပ်တော် အပ်နှင်းပွဲ သဘင်ဖြစ် သည်။ လုံးဝလွတ်လပ်သော  အချုပ်အခြာ အာဏာပိုင်  မြန်မာနိုင်ငံတော် အဖြစ်သို့  ရောက်ရှိသည့် ၁၃ဝ၉ ခုနှစ် ပြာသို လပြည့်ကျော် ၉ ရက်(၁၉၄၈ ခုနှစ် ဇန်နဝါရီ ၄ ရက်) တနင်္ဂနွေနေ့ နံနက် ၄ နာရီ မိနစ် ၂ဝ တွင် ဘုရင်ခံအိမ်တော် (သမ္မတအိမ်တော်)တွင် မြန်မာနိုင်ငံ ဘုရင်ခံ  ဆာဟူးဘတ်ရန့်စ် ကြီးမှူး၍ အလံတင် အခမ်းအနားကို ကျင်းပခဲ့သည်။ ထိုအခမ်းအနား၌ နှစ်ပေါင်း တစ်ရာကျော် တိုင်တိုင် ထိပ်ဖျားတွင် တလွင့်လွင့် လူနေသော အင်္ဂလိပ်တို့၏ ယူနီယံဂျက် အလံကျဆင်းလာ၍ ပြည်ထောင်စု မြန်မာ နိုင်ငံတော် အလံ တက်လာချိန်တွင် စစ်ဘင်ခရာ တီးဝိုင်းက တက်ကြွစွာ တီးပေးနေသည်။
ယူနီယံဂျက် အလံမြေသို့ ရောက်သည်နှင့် တစ်ပြိုင်နက် ဘုရင်ခံ ဆာဟူးဘတ်ရန့်စ်သည် ယူနီယံဂျက် အလံကိုယူ၍  မြန်မာအစိုးရ အဖွဲ့ဝင်များ အား နှုတ်ဆက်ခါ ''ဘာမင်ဂန်'' သင်္ဘောဖြင့် အင်္ဂလန်နိုင်ငံသို့  ပြန်သွားခဲ့လေသည်။ ထိုနေ့ ပြာသိုနှင်းမှုန်များအောက်   နံနက် ၄ နာရီတွင် မြန်မာ တစ်ဝန်းလုံးရှိ စက်ရုံ၊ အလုပ်ရုံများ၊ ကျောင်းများ၊ ရုပ်ရှင်ရုံများနှင့် ပြည်သူတို့၏ နေအိမ်တိုက်တာ  အဆောက်အအုံ များတွင် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အလံကို အခမ်းအနားဖြင့် လွှင့်ထူကြသည်။
ရှေးခေတ်မြန်မာ ဘုရင်မင်းများ၏ မြင်းခင်းသဘင် ပွဲတော်မှာ နေပြည်တော်တွင်သာ ကျင်းပနိုင် ခဲ့သော်လည်း ပြာသိုလ လွတ်လပ်ရေးပွဲနှင့် ဆုနှင်းပွဲတော်ကြီးကား အမြို့မြို့ အနယ်နယ်တွင် ပျော်ပွဲရွှင်ပွဲ ပြိုင်ပွဲများဖြင့် လပြာသိုတွင် မြခွာညိုနှင့် အတူ ဆင်နွှဲ လျက်ရှိကြသည်။
သို့ပါ၍ မြခွာညိုနှင့် မွှေးနေသော လပြာသိုသည် ရှေးအခါက စိတ်ဝင်စားစရာ ကောင်းသလောက် ကျွန်မတို့  မျက်မှောက်ခေတ်တွင်လည်း သမိုင်းကြောင်း ကောင်း၍ ထူးခြား မွန်မြတ်သော လတစ်လပင်ဖြစ်ကြောင်း ရေးသား တင်ပြလိုက်ရ ပါသတည်း။   ။

မြ၀တီ


0 comments:

Post a Comment