Friday, January 3, 2014

Greatest Hits of Wut Hmone Shwe Yee


ရတီပရိသတ်ကြီးရေ ဒီလမှာတော့ ဝတ်မှုန်ရွှေရည်ရဲ့ သရုပ်ဆောင်မှု တစ်စိတ်တစ်ဒေသနဲ့ သူ့ရဲ့ အနုပညာပြေးလမ်းပေါ်က အောင်မြင်မှုအမြင် တချို့ကို တင်ဆက်ပေးမှာ ဖြစ်လို့ ဝတ်မှုန်ရွှေရည်ရဲ့ Dr.Fresh ဆပ်ပြာကြော်ငြာ ရိုက်ကွင်းမှာ သွားရောက် မေးမြန်း ဖြစ်ခဲ့ပါတယ်။
ပထမဦးဆုံးအနေနဲ့ ညီမလေးကို ‘ဝတ်မှုန်ရွှေရည်’ လို့ ကလေးရော လူကြီးပါသိခဲ့ရတဲ့ ‘ဒါရိုက်တာ ကြည်ဖြူသျှင်’ရဲ့  ‘ဘာဘီရုပ်’ဆိုတဲ့ ဇာတ်ကားရိုက် ဖြစ်ခဲ့ပုံလေးပြောပြပေးပါဦး။

ဒီဇာတ်ကား မရိုက်ဖြစ်ခင်က မကြည်ဖြူနဲ့ ကစ်နဲ့က မသိဘူး။ ဒါပေမဲ့ မကြည်ဖြူရဲ့ ကားတွေကိုတော့ ကြည့်ဖူးတယ်။ အဲ့ဒီကား ရိုက်တုန်းက မှတ်မှတ်ရရ Micasaမှာ ကစ်ဆီ ဖုန်းဆက်ပြီး ဒီဇာတ်ကားလေးကို ကစ်နဲ့ ရိုက် ချင်လို့ ဆိုပြီး ဖုန်းဆက်လာတယ်။ ပြီးတော့မှ မကြည်ဖြူနဲ့တွေ့ပြီး ဒီဇာတ်လမ်းလေးအကြောင်း ရှင်းပြတဲ့အခါ ကစ်ကလည်း ဒီလိုပေါ့ပေါ့ပါးပါး ဇာတ်လမ်းလေးဆိုတော့၊ အဲ့ဒီတုန်းက အတွေ့အကြုံကလည်း မရှိသေးတော့ ရိုက်ကြည့်ချင်တာနဲ့ လက်ခံဖြစ်ခဲ့ တယ်။ ဒီကားလေး ထွက်လာတော့ တော်တော်များများ ကြိုက်ကြ အားပေးကြပါတယ်။ ကလေးတွေဆိုရင် ခုထိမေးနေတုန်းပါပဲ။ အမှတ်တရလေးလည်းဖြစ်ခဲ့ရပါတယ်။
‘စင်ဒရဲလား’ ဆိုတဲ့ဇာတ်ကား ကိုရော ညီမလေးရဲ့ကာရိုက်တာနဲ့ လိုက်ဖက်မယ်ထင်လို့ ရိုက်ဖြစ်ခဲ့ တာလား။ ဒါရိုက်တာရဲ့ရွေးချယ် မှုလား။
အမှန်တော့ မကြည်ဖြူရဲ့ Ideaကောင်းတာပေါ့နော်။ ဒီဇာတ်လမ်းလေးက ကစ်နဲ့လည်း လိုက်တယ်။ ကာတွန်း ဇာတ်ရုပ်လေးလည်းဖြစ်တော့ ကစ်လည်း ကြိုက်တာနဲ့ ရိုက်ဖြစ်သွားတယ်။ ဇာတ် လမ်းလေးက လည်း  Fancy ဇာတ်လမ်းလေး၊ ချစ်စရာ ဇာတ်ရုပ်လေး၊ ကာတွန်းကားထဲက ပုံစံမျိုးနဲ့ တကယ်ကျတော့ ကာတွန်းထဲကလိုမဟုတ်ဘဲ ကွဲထွက်သွားတဲ့ ဇာတ်လမ်းဇာတ်ရုပ်မျိုးနဲ့ ရိုက်ပြထားတာပေါ့နော်။ မကြည်ဖြူ.. ကစ်နဲ့စရိုက်တဲ့ ဒီဇာတ်ကား နှစ်ကားလုံး ပေါက်သွားတဲ့အတွက် မကြည်ဖြူသျှင်ကိုလည်း အရမ်းကျေးဇူးတင်ပါတယ်။
ညီမလေး ရိုက်ခဲ့တဲ့ဇာတ်ကား တော်တော်များများမှာ မင်းသားအောင်ရဲလင်းနဲ့ တွဲတာတွေ့ရတယ်။ အဲ့ဒါ ဘာကြောင့်လဲ။
အောင်ရဲလင်းနဲ့ကတော့ ကစ် နဲ့ ဒီအလုပ် စစလုပ်ခြင်း ရိုက်ဖြစ် တယ်။ အခုနောက်ပိုင်းတော့ သိပ်တောင်မဆုံဖြစ်တော့ဘူး။ ဆုံဖြစ်လည်း ကြိုကြားကြိုကြားလေးတော့ ဆုံဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ တိုက်တွေကပဲ ချိတ်တာက များတာကိုး။ အဲ့တော့ သူတို့ တည်ထားတဲ့ မင်းသားနဲ့ပဲ ရိုက်ရတာပေါ့နော်။
ဒါရိုက်တာ ‘ရီဇော်’ ရိုက်တဲ့ ‘ကြမ်းတမ်းစွာ နူးညံ့သော’ ဇာတ်ကား မှာ သရုပ်ဆောင်ရတဲ့ ဇာတ်ဝင်ခန်းကိုက ‘မင်းသမီး’ ဖြစ်တယ်။မင်းသား ရဲတိုက်က မင်းသမီးရဲ့ Bodyguard ဆိုတော့ အပြင်မှာ တကယ့်သရုပ်ဆောင် မင်းသမီးနဲ့ ဇာတ်လမ်းထဲက မင်းသမီး ဘယ်လို ကွာခြားလည်း ပြောပြပေးပါဦး။  
အဲ့ဒီဇာတ်ကားကျတော့ နည်းနည်းတော့ ပြဇာတ်ဆန်တာပေါ့နော်။ ဇာတ်ကားထဲမှာကိုက ကစ်က မင်းသမီးပေါ့နော်။ ပညာပေး ဇာတ်လမ်းလေးပေါ့။ အပြင်နဲ့တော့ မတူဘူးပေါ့… ဇာတ်ကားထဲမှာ မင်းသမီးက မူးယစ်ဆေးဝါးတွေ ဘာတွေ သုံးတယ်။ အပြကောင်းအောင်လို့ ပြဇာတ်ဆန်ဆန်ရိုက်ထားတာပေါ့နော်။ ဒါကတော့ ဒါရိုက်တာကိုရီဇော်ရဲ့ Idea လေးပါ။
ဒါရိုက်တာ ‘ကိုပေါက်’ ရိုက်တဲ့  ’3 & 4′ ဇာတ်ကားမှာတော့ ညီမလေးရဲ့ သရုပ်ဆောင်ရော၊ အဝတ်အစားတွေပါ အရင်က ရိုက်ခဲ့တဲ့ ဇာတ်ကားတွေနဲ့ ကွဲထွက်သွားတာ ဘာကြောင့်လို့ ထင်လဲ။ ပြီး
တော့ International ကျောင်းသား၊ ကျောင်းသူဇာတ်ဝင်ခန်းမှာ မင်းသား ရဲတိုက်က English class က ဆိုတော့ ထားပါတော့။ ညီမလေးက ပြင်သစ် class ဆိုတော့ ပြင်သစ်စကားက တကယ်ပြောတတ် တာလား။ ဇာတ်ကားအတွက် သင်ထားတာလား။
အမှန်တော့ အဲ့လိုဇာတ်ကားလေး ရိုက်ရတာ ပျော်စရာ ကောင်းတယ်။ ကစ်ကလည်း လူငယ်တစ်ယောက်ဆိုတော့ ကျောင်းသား ဇာတ်ကားလည်းဖြစ် လူငယ်ဆန်ဆန် ပေါ့ပေါ့ပါးပါးလည်း ဖြစ်တော့ ရိုက်ဖြစ်သွားတာပါ။ အဝတ်အစားကျတော့လည်း လူငယ်ဆန်ဆန် ဝတ်ရတာကြိုက်တယ်။ အဲ့ဒီမှာ ပြောတဲ့ ပြင်သစ်စကားကတော့ သင်ထားတာပါ။
နောက်ပိုင်း ကိုလူမင်းရဲ့ ဇာတ်ကားတွေမှာ အလန်းစား ကာရိုက်တာတွေနဲ့ တွေ့လာရတယ်။ ဒါကြောင့် ‘ပီကေ’ ဆိုတဲ့ ဇာတ်ကားလေးအကြောင်း နည်းနည်းမေးချင်တယ်နော်။ ဒီကားထဲမှာ ညီမလေးက စကိတ်စီးတဲ့ကောင်မလေး တစ်ယောက်အဖြစ် သရုပ်ဆောင်ရတာဆိုတော့ စကိတ် တကယ် စီးတတ်တာလား။ စကိတ်စီးတာနဲ့ ပတ်သက်ပြီးတော့ရော ဘယ်လိုအခက်အခဲလေးတွေ ကြုံခဲ့ရလဲ။
စကိတ်စီးတာကတော့ ရိုက်ကွင်းပေါ်မှာပဲ သင်ရိုက်ပေါ့နော်။ ဒီလိုပဲ ဇာတ်ကားတွေထဲမှာ ကိုယ်မလုပ်တတ်တာ ပါပေမယ့် ဇာတ်လမ်းစုံအောင် ရိုက်ရတာဆိုတော့ တချို့ အခက်အခဲလေးတွေတော့ ရှိတာပေါ့နော်။
ပြီးတော့ ဇာတ်ကားထဲမှာ ညီမလေးက တစ်ဖက်သက် အချစ်နဲ့ စိတ်ဝေဒနာရှင် ကောင်မလေး တစ်ယောက်ကနေ သူ့စိတ်အလိုမကျတဲ့အခါ ဖယောင်းတိုင်တွေ ထွန်းပြီး ကိုယ့်ရဲ့ခြေလက် တွေအပေါ် ဖယောင်းစက်တွေ ချတာတွေ့ရတယ်။ အဲ့ဒါတကယ် အသားပေါ် ချပစ်တာလား။
အဲ့ဒါကလည်း တကယ်ပါ အစ်မ။ အစကတည်းက အန်ကယ်လေးကမေးပါတယ်.. အသားပေါ် ဖယောင်းစက် ချရမယ့် ဇာတ်ဝင်ခန်းမှာ တကယ်ပီပြင်သွားအောင် ကစ်အသားပေါ် ချရဲလားမေးပါတယ်။ ချမယ်ကွာလို့ ဆုံးဖြတ်မိတယ်။ အဲ့လိုကားလည်းတစ်ခါမှ မရိုက်ဖူးဘူး ဆိုတော့…. အဓိကကတော့ ဇာတ်ရုပ်ကို ပီပြင်အောင် ပံ့ပိုးတဲ့ သဘောပါပဲ။ အဲ့ဒီအခန်းလေးကတော့ ဇာတ်ကားထဲမှာ စိတ်ဝေဒနာရှင်ဆိုတော့ ဖြစ်ချင်တဲ့ စိတ်ပြင်းထန်လာတဲ့အခါ နာတာတွေ ပူတာတွေ မသိတော့ပဲ သူတစ်ခုခုဖြစ်ချင်တဲ့အခါ စိတ်ပြင်းထန်တာကို ပြချင်တာပေါ့နော်။ ဇာတ်ကားထဲက ဇာတ်ရုပ်အရ သရုပ်ဆောင်ရတာပေါ့။
ဒါဆိုညီမလေးရဲ့အသားတွေ အနာတရမဖြစ်ဘူးလား။ ပြီးတော့ ဖယောင်းစက်ရဲ့အပူရှိန်ကို ဇာတ်ကား ရိုက်ကူးနေဆဲမှာ ခံနိုင်ရည်ရှိရဲ့ လား။ 
ဘာမှတော့ သိပ်မဖြစ်ပါဘူး..  နည်းနည်းတော့ ပူတာပေါ့။ ရိုက်ပြီးတော့ ဆေးလေးဘာလေး လိမ်းလိုက်တယ်။
ဒီဇာတ်လမ်းထဲမှာ ပရိသတ်ကြီးက ညီမလေးကို အရမ်းမုန်းကြ တယ်။ ပရိသတ်တွေရဲ့ ရင်ထဲမှာ အမုန်းတစ်ခု ဖြစ်သွားအောင် ထည့်သွင်းပေးနိုင်တာ ညီမလေးရဲ့  သရုပ်ဆောင် အားပြည့်တယ်လို့ ပြောလို့ရလား
မုန်းစရာဇာတ်ရုပ် ရိုက်တာဆိုတော့ ကြည့်ရတဲ့ ပရိသတ် ရင်ထဲ တကယ် မုန်းအောင် သရုပ်ဆောင်ပြဖို့တော့ လိုတာပေါ့နော်။ အဲ့ဒီအတွက်လည်း အများကြီး ကြိုးစားထားပါတယ်။ အဓိကကတော့ ချစ်စရာကောင်း တာပဲ ဖြစ်ဖြစ်၊ မုန်းစရာ ကောင်းတာပဲဖြစ်ဖြစ် ဘယ်အရာမဆို ဇာတ်ရုပ်ပီပြင်ဖို့ ကြိုးစားကြရတာ ချည်းပေါ့နော်။ အဲ့ဒီအပေါ်မှာ ပရိသတ်က မုန်းစရာကောင်းအောင် ရိုက်ထားတာကို မုန်းစရာ ကောင်းတယ်လို့ သိပြီး ဝေဖန်တဲ့ အတွက် ကစ်အနေနဲ့ ကြိုးစားရ ကျိုးနပ်တယ်လို့ ထင်ပါတယ်။
‘မိန်းကလေး တစ်ယောက် အသည်းကွဲနေတယ်’ ဆိုတဲ့ ဇာတ်ကားထဲမှာ ညီမလေးက ဗီလိန်နေရာကနေ သရုပ်ဆောင်ရတာနော်။ အရှေ့က မင်းသမီးအများစုက ဒီလို ဗီလိန်ရိုက်ဖို့ သိပ်မရဲကြဘူး။ ရိုက်ခဲ့ရင်လည်း ဇာတ်လမ်းရဲ့ နောက်ဆုံးပိုင်းမှာ ပြန်ဖြေကြတယ်။ ဒီဇာတ်ကားနဲ့ပတ်သက်ပြီး ညီမလေးရဲ့ ခံယူချက်က ဘာလဲ။
အဲ့ဒီ ဇာတ်ကားလေးကတော့ ဒီလိုအစ်မရယ်။ ရိုက်နေကျဇာတ်ကားတွေနဲ့ ကွဲထွက်သွားအောင် အဲ့ဒီနေရာလေးကို ကစ်ပဲရွေးတာပါ။ အန်ကယ်လေးကလည်း မေးပါ တယ်။ ကစ်ကစ် အဲ့ဒီ ဗီလိန်နေရာမှာ နေရဲလားတဲ့။ ကစ်ကလည်း နေရတယ်လို့။ ဘာဖြစ်လို့လဲဆိုတော့ တခြားဇာတ်ရုပ်တွေနဲ့က မတူချင်တာလည်း ပါတယ်။ကိုယ်က ရှေ့မှာ Fancy, Romance လေးတွေ၊ ချစ်ကြိုက်ပြီး ညားသွားတဲ့ပုံစံမျိုးလေးတွေ ရှိနေတော့။ အသည်း ကွဲမယ်။ ဗီလိန်ဘက်လည်း သွားတဲ့ဇာတ်ကို စမ်းလုပ်ကြည့်တဲ့ သဘောပေါ့နော်။ အဲ့ဒီကားမှာ ပရိသတ်ကြိုက်တာကိုလည်း အသံပြန်ကြားရတယ်။ ဒီနေရာကို အမြဲလုပ်မှာတော့ မဟုတ်ဘူးပေါ့။ ဘယ်ကာရိုက်တာရယ် လို့ မဟုတ်ပါဘူး။ ဇာတ်ရုပ်ပီပြင်ပြီး ကားကောင်းရင်တော့ ပရိသတ်က အားပေးကြတာပဲ လေ။ ပရိသတ်ကိုယုံကြည်တဲ့ သဘောနဲ့ ဒီကားကို လက်ခံဖြစ်တာပါ။ အမြဲတမ်းကြီး ပရိသတ်ကို အချိုတွေချည်း ပေးပြီးတော့ အီသွားမှာလည်း စိုးတယ်လေ။ အဲ့ဒီတော့ တစ်ခါတလေလည်း ချဉ်ချဉ်စပ်စပ်လေး ရောပေးလိုက်တဲ့ သဘောပေါ့နော်။
ဇာတ်ကားတွေမှာ တစ်ဖက်သက် အချစ်ဇာတ်ကားမျိုးလေးတွေ ရိုက်ဖြစ်နေတာ ဘာကြောင့်လဲ ဆိုတာ ညီမလေးရဲ့ ပရိသတ်က သိချင်ပါတယ်တဲ့။
ဒီလိုကားမျိုးကတော့ ၁နှစ်လုံး ဗီဒီယိုထွက်တဲ့ထဲမှာ ၂ကား ၃ကား လောက်ပဲ ရိုက်ဖြစ်တယ်လို့ ကစ်ထင်တယ်။ တမင်ကြီးပဲ ဒီလိုတွေ ရိုက်တာ  မဟုတ်ပါဘူး။ ပရိသတ်လည်း အပြောင်းအလဲ ကာရိုက်တာလေးတွေ ကြည့် ရအောင် ဒီလိုကားမျိုးတွေ လက်ခံဖြစ်တဲ့ သဘောပါ။
အရွယ်လွန်ယောက်ျားတွေ အပေါ် ညီမလေးရဲ့အမြင်လေး လည်း သိချင်ပါတယ်။
မိန်းကလေးပဲဖြစ်ဖြစ် ယောက်ျားလေးပဲဖြစ်ဖြစ် အရွယ်ပိုကြီးလာလေ ရင့်ကျက်မှု ရှိလာလေလေပါပဲ။ ကစ်ကတော့ ရင့်ကျက်တာကို ပိုပြီး သဘောကျတယ်။ ရင့်ကျက်လာလေ အတွေ့အကြုံ များလာလေ။ ခွဲခြားဆင်ခြင်တုံတရားတွေ ရှိလာမယ်လို့ ထင်တယ်။ အသက်အရွယ်ပေါ်လိုက်ပြီး တည်ငြိမ် ရင့်ကျက်မှုလေးကို ကြိုက်ပါ တယ်။
ညီမလေးက ကြော်ငြာမှာရော ဇာတ်ကားမှာပါ ဒုတိယထက်ထက် မိုးဦးလို့ ညီမလေးရဲ့ ပရိသတ်တွေက ပြောကြတယ်။ ကြော်ငြာမှာ No.1 ဖြစ်ဖို့နဲ့ ဇာတ်ကားမှာ No.1  ဖြစ်ဖို့ ဘယ်လိုကွာခြားမှု ရှိလဲ သိချင်ပါ တယ်။
အဲ့လိုမျိုး မထက်နဲ့ နှိုင်းယှဉ်ခံရတဲ့အပေါ်မှာလည်း ပျော်ပါတယ်။ မထက်လောက်တော့ မတော်ပါဘူး။ မထက်ကတော့ အများကြီး တော်တာပေါ့နော်။ ကိုယ်လည်း ပရိသတ်ပေးတဲ့ နေရာလေးမှာ အမြဲတမ်း အကောင်းဆုံး ကြိုးစားသွားမှာပါ။ ကိုယ်စွမ်းဥာဏ်စွမ်းရှိသမျှ ကြိုးစားပြီး ပရိသတ်အတွက် အလေးထား ကြိုးစားပေးထားပါတယ်။
ဇာတ်ကားတစ်ကား ကမ်းလှမ်းလာပြီဆိုရင် ဘယ်လို ဇာတ်ကားမျိုးကို ဦးစားပေးပြီး ရွေးချယ်လဲ။ ရွေးချယ်ပြီးတဲ့ ဇာတ်ကားအပေါ် ဈေးကွက်ကို လေ့လာပြီးမှ ရိုက်တာလား။ ကိုယ့်ဖီလင် လာမယ့် ဇာတ်ကားမျိုးမှ ရိုက်တာ လား။             
တစ်ခါတလေတော့လည်း ဈေးကွက်ပေါ့ အစ်မရယ်။ ပရိသတ်က မတူဘူးလေ။ တချို့ပရိသတ်တွေက အငိုအယိုကားတွေ၊ အခြေခံ လူတန်းစား ဇာတ်ကားမျိုးတွေမှ ကြိုက်ကြတယ်။ တချို့တွေကြတော့ လည်း ဟော့ရှော့မှ ကြိုက်တာမျိုးတွေ ရှိကြတယ်။ အဲ့ဒီအပေါ်မှာ ကစ်ကတော့ ချိန်ပြီးရိုက်ရတာပေါ့နော်။ ဈေးကွက်တွေ ဘာတွေထက် ပရိသတ်အကြိုက် ဇာတ်ကားလေးတွေကိုတော့ ရွေးချယ်ပြီး ရိုက်တာ များပါတယ်။ ဇာတ်ကားတွေ ကမ်းလှမ်းလာပြီ ဆိုရင်လည်း ငါဒီလို ဇာတ်မျိုးနဲ့ လိုက်ပါ့မလား၊ လုပ်နိုင်ပါ့မလား ဆိုတာပေါ်မှာလည်း မူတည်ပြီးမှ ငါမလုပ်ရသေးတဲ့ ဇာတ်လမ်းရှိသေးတယ်။ ရိုက်ကြည့်ချင်တယ်၊ ကြိုးစားကြည့်ချင်တယ် ဆိုတဲ့ စိတ်လေးနဲ့လည်း ရိုက်ဖြစ်ခဲ့ပါတယ်။
ဇာတ်ကားတစ်ကားရိုက်တဲ့ အခါ ညီမလေးနဲ့လိုက်မယ့် မင်း သား ရွေးချယ်တာမျိုးရှိလား။
ခုချိန်ထိတော့ မရှိသေးပါဘူး။ ဇာတ်ကားပေါ် မူတည်ပြီးတော့ မင်းသား အပြောင်းအလဲတော့ ရှိတာပေါ့နော်။
ညီမလေးရဲ့ ဇာတ်ကားတွေက ကာရိုက်တာ အစုံရိုက်ရတာ ဆိုတော့ အိုက်တင်တွေကို ဘယ်လို လေ့လာ လေ့ကျင့်ယူရလဲ။ ဆရာသမားတွေရဲ့ အကူညီရော လိုလား။
အမှန်တိုင်းပြောရရင်တော့ ဆရာသမားတွေကလဲ ရိုက်ကွင်းပေါ်မှာ ရိုက်ရင်းသင်ရင်း၊ သင်ရင်း ရိုက်ရင်းပေါ့။ အဲ့လိုပဲသင်ပေးသွားတဲ့ ဒါရိုက်တာတွေလည်း ရှိပါတယ်။ တစ်ခါတလေကြရင်လည်း ကိုယ့်ဟာကိုယ် အိုက်တင်တွေ ထွင်ရတာမျိုးလည်း ရှိပါတယ်။ ဘာပဲပြောပြော ဆရာသမား ဆိုတာကတော့ လိုအပ် ပါတယ်။
ဇာတ်လမ်းတစ်ပုဒ်မှာ ဘာ အဓိက အကျဆုံးလို့ ညီမလေး ထင်လဲ။
ဇာတ်ကားတစ်ခုမှာ ဒါရိုက်တာက အဓိကအကျဆုံးပါ။ ပြီးတော့ ဇာတ်ညွှန်းကလည်း အဓိကကျပါတယ်။ နောက်မှ မင်းသား၊ မင်းသမီး အပါအဝင် ဇာတ်ကားထဲမှာ ပါဝင်တဲ့ ဇာတ်ဆောင် အမျိုးမျိုးရဲ့ သရုပ်ဆောင် ပီပြင် မှုပေါ့နော်။
ရုပ်ရှင် ဇာတ်ကားကြီးနဲ့ Video ကားလေးတွေမှာ သရုပ်ဆောင်ရတာ ဘာကွာသွားတယ်လို့ ထင်လဲ။
ကွာခြားမှုကတော့ ရှိတယ်။ ဒါပေမဲ့ အားစိုက်ရတာခြင်းအတူတူပါပဲ။ Film ဆိုရင်တော့ Video ရိုက်သလိုမျိုး ရိုက်လို့မရဘူးပေါ့။ အချိန်ပေးရတယ်။ ရိုက်ကူးမှုပြုလုပ်တဲ့အခါ အမှားနည်းနိုင်သမျှ နည်းအောင် ကြိုးစားရတယ်။ ဘာဖြစ်လို့လဲဆိုတော့ Film ကုန်ကျငွေနဲ့ Video တစ်ကား ကုန်ကျငွေက ကွာတယ်လေ။
ဒါရိုက်တာနေပိုင်ရဲ့ ‘ဝိညာဉ် ဆိုတဲ့ သီချင်းသံ’ ဇာတ်ကားမှာ ဆိုရင် ဝိုင်းစုခိုင်သိန်းနဲ့ မင်းသမီး နှစ်ယောက် အပြိုင် သရုပ်ဆောင်ရတာဆိုတော့ ဒီဇာတ်ကားကို ဘယ်လိုပုံစံမျိုးနဲ့ ရွေးချယ်ပြီး ဝိညာဉ်ဇာတ်ကောင်ကို ဘယ်လို ရိုက်ဖြစ်သွားတာ လဲ။
ဝိညာဉ်ကားတော့ တစ်ခါမှ မရိုက်ဖူးပါဘူး။ ထူးထူးခြားခြားလေး ဖြစ်သွားအောင်ဆိုပြီးတော့ ဒီဇာတ်လမ်းကို ရိုက်ဖြစ်သွားတာပါ။ ဇာတ်လမ်းကို ဖတ်ကြည့်တော့ ဇာတ်လမ်းလေးကို ကြိုက်တာလဲပါပါတယ်။  အနေနဲ့ဝိညာဉ်ကားကို ဒီတစ်ကားပဲ ရိုက်ဖူးတာပါ။ နောက်ထပ် ရိုက်ထားတာ မရှိပါဘူး။ အမှတ်တရလေးလည်း ဖြစ်သွားတာပေါ့နော်။ ဝိညာဉ်ကားဆိုရင် ပြောရရင် ‘သရဲကား’ ပေါ့နော်။ အစွယ်ကြီးတွေနဲ့ သွေးသံတရဲရဲ ဇာတ်ကားတွေက ပိုများတယ်။ ဒီကားလေးက သရဲကြောက်တတ်တဲ့သူတောင် သရဲမကြောက်နိုင်တော့ဘဲ ကြေကွဲစရာ သနားစရာ တကယ့် အဖြစ်အပျက်လို ခံစားသွားရတယ်လို့ ပြောလာတဲ့ပရိသတ်ရဲ့ စကားအသံ အပေါ် ညီမလေးရဲ့ ခံစားချက်လေးကို သိချင်ပါတယ်။ သရဲကားကို ကစ်ကိုယ်တိုင် ရိုက်ရမယ်ဆိုတော့ ကိုယ့်ရုပ်ကြီးကို ကြောက်စရာ ကောင်းအောင် ခြယ်ပြီးတော့ မရိုက်ချင်ဘူး။ ကြည့်ရတာတော့ ကြိုက်တယ်လေ။ ကိုယ်ကိုယ်တိုင်ကြတော့ ကြောက်စရာရုပ်ကြီး စိတ်ပျက်စရာ ရုပ်ကြီးနဲ့ မရိုက်ချင်ဘူးပေါ့။ ဇာတ်လမ်းအရလည်း သရဲကားဆိုပေမယ့်။  Drama ဘက် ချိုးသွားတဲ့ ဇာတ်မျိုးလေး ဆိုတော့ ကစ်လည်း ကြိုက်တာ နဲ့ ရိုက်ဖြစ် သွားတာပါ။ ဒီလိုဝိညာဉ်ကားလေးနဲ့ ပတ်သက်ပြီး ကစ်ကို အားပေးကြတဲ့ ပရိသတ်ကိုလည်း ကျေးဇူးတင်ပါတယ်။
ဒါရိုက်တာ ဗန်းကြီးရဲ့  ‘လက်ခုပ်ထဲက လမင်း’ DVD ဇာတ်ကားကြီးကို နဝဒေး ရုပ်ရှင်ရုံမှာ ရုံတင်ပြသတုန်းက လာရောက် ကြည့်ရှုသူများကို ပါဝင်တဲ့ သရုပ်ဆောင်တွေက အမှတ်တရ လက်မှတ်ရေး ထိုးပေးမယ် ဆိုပြီးကြေညာထားလို့ ညီမလေးကို ကြိုက်ကြတဲ့ ပရိသတ်တွေက မင်းသမီး ဝတ်မှုန်ရွှေရည်ကို အပြင်မှာလည်းမြင်ချင်၊ လက်မှတ်လည်း အမှတ်တရ လိုချင်လို့ လာကြတဲ့အခါ ဇာတ်ကားထဲမှာ ပါဝင်တဲ့ အခြား သရုပ်ဆောင်တွေသာ လာပြီး ညီမလေးနဲ့ ကိုလူမင်းဖြစ်တဲ့ မင်းသားကြီးနဲ့ မင်းသမီးကြီး မလာတော့ စိတ်ညစ်သွားရတဲ့ ညီမလေးကို လာအားပေးတဲ့ ပရိသတ်ကြီးအတွက် အဲ့ဒီနေ့က ဘာဖြစ်လို့ မလာဖြစ်တဲ့ အကြောင်းလေး ပြောပြပေးဦးနော်။
အမှန်တကယ်ဆို အခု အစ်မ ပြောမှပဲသိတာပါ။ တကယ်ပြောတာပါ။ ဘာဖြစ်လို့လဲ ဆိုတော့ တစ်ခါတလေကျရင်လည်း Producer တွေဘက်က သူတို့ ကြေညာထားတာကို မင်းသား၊ မင်းသမီး မအားဘူး ထင်ပြီး မပြောဘဲ ကြေညာလိုက်တာလည်း ပါမယ် ထင်တယ်။ ဒါပေမဲ့ ကစ်ကတော့ ကစ်နာမည် ကြေညာပြီးသားသိတဲ့အခါဆိုရင် မဖြစ်မနေတော့လုပ်ပေးပါတယ်။ အခုဟာက ကစ်တို့ကိုလည်း အစီ အစဉ်လုပ်ထားတယ်လို့ လာမပြောဘူး။ ပြောရင်တော့လည်း ကြေညာထားပြီးပြီ ဆိုတော့ ပရိသတ်တွေကိုလည်း အဲ့လို မထီမဲ့မြင် မလုပ်ဘူးပေါ့နော်။ ကြိုပြီးပြောထားလို့ သိရင်လည်း ကစ်ကို အားပေးနေတဲ့ ပရိသတ်တွေ အတွက် လေးလေး စားစားနဲ့ လာပေးမှာပါ။
ကိုလူမင်းနဲ့ ရိုက်တဲ့ ‘တစ်ရှက် ကနေ နှစ်ရှက်’ ကားထဲမှာလည်း ညီမလေး သရုပ်ဆောင်တဲ့ အခန်းက အသည်းယားစရာ၊ ရင်ဖိုစရာလို့ ပရိသတ်တွေက ပြောကြတယ်။ အဲ့ဒီ ဇာတ်ကားထဲမှာ ဒါရိုက်တာကိုပေါက် ကိုယ်တိုင် မိန်းကလေးတွေ များစွာနဲ့ ပတ်သက်ပြီး မတရားမှု ပြုလုပ်ပုံတွေကို အင်တာနက်ပေါ်တင်ပြီး သိက္ခာချတဲ့ ဇာတ်ဝင်ခန်းကလည်း အရင်ကရိုက်ဖူးတဲ့ဇာတ်ကားမျိုး ဆင်တူ ယိုးမှားတောင် မရှိတာ တွေ့ရ တယ်။ အဲ့ဒါကြောင့် ဒီကားလေးနဲ့ပတ်သက်ပြီး ပရိသတ်ကို ဘယ်လို Message ပေးချင်တာလဲ။
အဓိကကတော့ ဒီကားလေးမှာ ဘယ်သူ့ကိုမဆို အလွယ်တကူနဲ့ မယုံမိဖို့ပေါ့နော်။ ပညာပေးဇာတ်ကားလေးပါ။ ပြီးတော့ ငယ်ငယ်ရွယ်ရွယ်လေးနဲ့ တချို့ဆယ်ကျော်သက်လေးတွေဆို မနူးမနပ်နဲ့ တစ်ဦး တစ်ယောက်ကို ယုံကြည်မှု ပိုကဲသွားတာလေးတွေ ရှိတတ်တယ်လေ။ အဲ့ဒီအတွက် ပညာပေးပြီး ရိုက်ကူးထားတာပါ။ မိဘတွေ အနေနဲ့လည်း ကိုယ့်သားသမီးကို စောင့်ရှောက်လို့ ရအောင်၊ သားသမီးတွေ အနေနဲ့လည်း ဆင်ခြင်လို့ ရအောင်၊ ကြောက်တတ်အောင် ရိုက်ပြပေးထားတာပေါ့နော်။
ညီမလေးရဲ့ ရွေးချယ်တဲ့ ဇာတ်နဲ့ ဝတ်ပုံ စားပုံ၊ ကာရိုက်တာ တချို့ဟာ နယ်ပရိသတ် တချို့အတွက် အံဝင်ခွင်ကျ မဖြစ်ဘူးလို့ ကြားရတယ်။ အဲ့ဒီအပေါ် ညီမလေးရဲ့ ထင်မြင် ယူဆချက်လေး ပြောပြပေးပါဦး။
အဲ့ဒါဆိုရ ခုနကပြောခဲ့သလိုပေါ့နော်။ ပရိသတ်က အမျိုးမျိုးရှိတယ် ဆိုတာလေ။ လူတန်းစားအမျိုးစုံ၊ အရွယ် အမျိုးစုံ၊ ကိုယ့်ကို အားပေးတဲ့ ပရိသတ်က အမျိုးစုံရှိတာဆိုတော့။ ‘အစ်မ ခုနက မေးတယ်လေ။ ဇာတ်ကား တစ်ကားကို ဘယ်လိုမျိုး ရွေးချယ်ပြီးတော့ ရိုက်ကူးလဲဆိုတာ’ လိုလေ။ ကစ်တို့ဘက်ကတော့ အလွှာမျိုးစုံ၊ ကစ်ကို အားပေးနေတဲ့ မြို့တွေ၊ နယ်တွေမှာ ရှိတဲ့ပရိသတ်တွေ အကြိုက် အနု၊ အကြမ်း၊ ဟော့ရှော့၊ ဗီလိန် နေရာမျိုးက အစ ပရိသတ် အကြိုက်ဖြစ်အောင် ဇာတ်ကားမျိုးစုံ၊ ကာရိုက်တာမျိုးစုံနဲ့ ရိုက်ပြရတာပါ။ ခုနကမေးတဲ့ ’3 & 4′ ဇာတ်ကားဆိုရင် ဇာတ်ကားရဲ့  Frame အရရောရ၊ ဇာတ်လမ်း အရပါ International ဇာတ် ဖြစ်နေတယ်။ ရိုက်ထားတာကလည်းရရ International School နိုင်ငံခြား ဘာသာရပ် သင်ကြားတဲ့ကျောင်းမှာ ရိုက်ထားတာ ဆိုတော့ ဘွတ်ဖိနပ်လေးတွေ၊ စကတ်တိုတိုလေးတွေ ဝတ်ရတဲ့ နိုင်ငံခြား High School ကျောင်းသူ ပုံစံလေးဖြစ်အောင် ဝတ်ဆင်ရတာ ဆိုတော့ ဇာတ်နဲ့လိုက်အောင် ဝတ်စား ဆင်ယင်တဲ့ သဘောပါ။ နိုင်ငံခြားဘာသာကျောင်းမှာ သွားရိုက်ပြီးတော့ အဖြူ၊အစိမ်း ဝတ်စုံနဲ့ ရိုက်ရင် ဘယ်အဆင်ပြေပါ့ မလဲ။ ဇာတ်နဲ့လည်း တခြားစီ ဖြစ် သွားမှာပေါ့။ အဲ့လို လွဲချော်မှုတွေ ဖြစ်တဲ့အခါ ပရိသတ်က ပိုပြီးတော့ Minus ပိုဖြစ်မယ်ဆိုတဲ့ အတွက် ဒါရိုက်တာရဲ့ Idea ရယ်၊ ဇာတ်လမ်းအရရယ်ကြောင့် ကစ်တို့ ဝတ်ဆင်ရတာပါ။
ကိုလူမင်းနဲ့ ရိုက်တဲ့ ‘ချာတိတ်’ ကားမှာဆိုရင် ညီမလေးက ဘယ်လို နေရာကနေ သရုပ်ဆောင်ပြီး ပရိသတ်ကို ဘယ်လို Message မျိုးလေး ပေးချင်တာလဲ။
‘ချာတိတ်’ ဇာတ်လမ်းလေးကတော့ ဖန်စီလေးပါပဲ အစ်မရယ်။ လူငယ် ဇာတ်ကားလေးပါပဲ။ ကစ်နဲ့လည်း လိုက်အောင်၊ အန်ကယ်လေးနဲ့လည်း လိုက်အောင် ရိုက်ကူးထားတဲ့ ဇာတ်ကားလေးပေါ့နော်။ ပရိ သတ်ကြည့် တဲ့အခါ ပျော်ရွှင်စရာ၊ Relax ဖြစ်စရာလေးတွေနဲ့ ပျော် ရွှင်စေချင်တဲ့ သဘောပါ။
ညီမလေးကို မေးတာလည်း များနေပြီ ဆိုတော့ အခု နောက်ဆုံး အနေနဲ့ ရိုက်ထားတဲ့ ဇာတ်ကားလေးတွေကိုလည်း ပရိသတ် မျှော်လင့်လို့ ရအောင် မိတ်ဆက်ပေးပါဦး။
နောက်ဆုံး အနေနဲ့ကတော့ ချောင်းသာမှာ ကိုနေတိုးနဲ့ တစ်ကား၊ မြင့်မြတ်နဲ့ နှစ်ကား ရိုက်ထားပါတယ်။ ရန်ကုန် ပြန်ရောက်တော့ ဒါရိုက်တာ ကိုပေါက်ရယ်၊ ကိုစိုင်းစိုင်း ခမ်းလှိုင်ရယ်နဲ့ တစ်ကား ရိုက် တယ်။ ပြီးတော့ ကားကြီး တစ်ကား လက်ကျန် ဖြတ်တယ်။ ခုနောက်ဆုံး ရိုက်ထားတဲ့ ဇာတ်ကားလေးတွေကတော့ ဇာတ်ရုပ်လေးတွေလည်း ထူးခြားတယ်။ ဇာတ်ကားလေးလည်း စိတ်ဝင်စားစရာ ကောင်းအောင် အရင်နဲ့ မတူ တာလေးတွေ ရိုက်ထားပါတယ် အစ်မ။
ညီမလေး အခုလို စိတ်ရှည်လက်ရှည် ဖြေပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ညီမလေးရဲ့ ပရိသတ်အတွက် ကျေးဇူးတင် နှုတ်ဆက် စကားလေး ပြောပေးပါဦးနော်။
အစ်မက.. ကစ်ကို ဇာတ်လမ်းတွေနဲ့ ပတ်သက်ပြီး Interviewတာ ဆိုတော့လည်း ကစ် ဝတ်စားရတာတွေဟာ သရုပ်ဆောင်ရတဲ့ ကာရိုက်တာတွေ၊ ဇာတ်ရဲ့ ဖန်တီးမှုတွေ၊ ဒါရိုက်တာရဲ့ အိုင်ဒီယာကြောင့် ဇာတ်လမ်းနဲ့ လိုက်ဖက်အောင် ဝတ်စား ဆင်ယင်ရတာပါလို့ အံဝင်ခွင်ကျမဖြစ်တဲ့ ပရိသတ်တွေကို ပြောပြချင်ပါတယ်။ ပရိသတ်တွေက ဟော့ရှော့ကြိုက်တဲ့ ပရိသတ်တွေ ရှိသလို၊ မြန်မာ ဆန်ဆန်ကြိုက်တဲ့ ပရိသတ်တွေလည်း ရှိ တယ်လေ။ ပရိသတ်အကြိုက် အမျိုးအစားအလိုက် မတူအောင်လို့ ကစ်က အားလုံး အကြိုက်နဲ့ ကိုက်အောင်လို့ ကာရိုက်တာ တစ်ခု သတ်သတ်မှတ်မှတ် မသွားဘဲနဲ့ မျိုးစုံအောင်လို့ မြန်မာဝတ်စုံလေး ဝတ်လိုက်၊ ဂါဝန်လေးဝတ်လိုက်၊ ဘောင်းဘီတိုလေး ဝတ်လိုက်နဲ့ ကာရိုက်တာပေါ် မူတည်ပြီး ပြောင်းပြီး ဝတ်ဆင်ရတာမျိုးလေးတွေ ရှိတာပါ။ အမြဲတမ်းကြီး ထဘီဝတ်နေတော့လည်း ပရိသတ်က ရိုးသွားမှာပေါ့နော်။ အဲ့ဒါကြောင့် ပရိသတ်တွေနဲ့ တိုက်ရိုက် မထိတွေ့၊ တိုက်ရိုက် ပြောခွင့် မရပေမယ့် စာနယ်ဇင်းကနေ တစ်ဆင့် ပရိသတ်နဲ့ ရင်နှီးပြောဆိုခွင့်၊ ပရိသတ် ပြောတာတွေ ပြန်သိ၊ ပြန်ပြောပြနိုင်အောင် အခုလို မေးပေးတဲ့ မမိုးသောက်ကြယ် ကိုလည်း ကစ်က ကျေးဇူးတင်ပါတယ်။ ကစ်ကို အားပေးနေတဲ့ ပရိသတ်ကြီးကိုလည်း ကျေးဇူးတင်ပါတယ်။ ကစ်ကို ချစ်တဲ့ ကစ်က ချစ်တဲ့ ပရိသတ် အားလုံး ကျန်းမာ ချမ်းသာပါစေလို့ ဆုတောင်းပေးပါတယ်။
မိုးသောက်ကြယ်
yatimagazine

0 comments:

Post a Comment