Thursday, January 2, 2014

မရေရာအနာဂတ်များနှင့် လမ်းဘေးနေမိသားစုဘ၀များ တဖြည်းဖြည်းများပြားလာ

dfetj67

မြန်မာနိုင်ငံရန်ကုန်မြို့အပါအ၀င် အခြားတိုင်းဒေသကြီးနှင့်မြို့နယ်အသီးသီးမှ မြို့ကြီးများ၌နေထိုင်စရာ အိမ်မရှိ၍ လမ်းဘေးကိုနေအိမ်ကဲ့သို့ သဘောထားပြီးနေထိုင်နေရသူများ အများအပြားရှိလာသည့်ကိစ္စမှာ အချိန်ယူဖြေရှင်း ရမည်ဖြစ်ပြီး ၄င်းတို့အတွက် အလုပ်အကိုင် အခွင့်အလမ်းရှာဖွေပေးနိုင်မှုက အဓိကကျကြောင်း  လူဝင်မှုကြီးကြပ် ရေးနှင့်ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနမှ လူမှုဝန်းထမ်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
 အကြောင်းအမျိုးမျိုးကြောင့် နေစရာအိမ်မရှိသဖြင့်လမ်းဘေးတွင်နေရပြီး ကြုံရာကျပန်းအလုပ်ကိုလုပ်ကိုင်ကာ တစ်နေ့တာဝမ်းရေးကို ခက်ခက်ခဲခဲနှင့် ရင်ဆိုင်နေရသူများ တစ်နေ့တခြားပိုမိုများပြားလာခြင်းဖြစ်သည်။
  “ကျွန်မယောင်္ကျားက ဆုံးသွားပါပြီ။ ကလေးငါးယောက်နဲ့ဒီနေရာမှာ နေလာတာငါးနှစ်လောက် ရှိသွားပြီ၊ နာဂစ် မုန်တိုင်းမှာ နေအိမ်ပါသွားပြီးကတည်းက ကလေးတွေနဲ့ ဒီပတ်ဝန်ကျင်က တိုက်တန်းတွေမှာအမှိုက်တွေကို ပစ်ပေး၊ အိမ်သာသန့်ရှင်းရေး လုပ်ပေးနဲ့ တစ်နေ့ရတဲ့ပိုက်ဆံလေးနဲ့ပဲ စားသောက်နေရတယ်။ ၀မ်းစိုရုံလောက်နဲ့ ရပ်တည် နေရတာပါ။ ဒါတောင်ဒီပတ်ဝန်းကျင်က လူတွေကောင်းလို့ နေရတာပါဟု ရန်ကုန်မြို့လှည်းတန်းဈေးအနောက်ဘက် လမ်းကြား၌ နေထိုင်သူ မယဉ်ယဉ်ဌေးကပြောသည်။
လမ်းဘေးနေထိုင်သူများ၏ ဘ၀မှာ မိုးရာသီဆိုလျှင်လက်ဖက်ရည်ဆိုင်များ၌ တောင်းပန်၍ ညအိပ်ရကြောင်း၊ အနာ ဂတ်မျော်လင့်ချက်မရှိသော်လည်း ရွေးချယ်စရာလမ်းမရှိခြင်းသည့်အတွက် ယခုကဲ့သို့နေထိုင်နေရခြင်း ဖြစ်သည်ဟု ၄င်းက ဆက်ပြောသည်။
ထိုကဲ့သို့ မိဘများလမ်းဘေး၌ နေထိုင်ရသဖြင့် ၄င်းတို့၏ သားသမီးများ ကိုလည်း တစ်ယောက်မှ ပညာသင်ကြား ပေးနိုင်ခြင်းမရှိဟု မယဉ်ယဉ်အေးက ဆိုသည်။
ထိုကဲ့သို့နေစရာအိမ်ခြေမရှိ၍ လမ်းဘေးကိုအိမ်သဖွယ်နေထိုင်သူများမှာရန်ကုန်၌ သာမဟုတ်ဘဲ ဧရာဝတီတိုင်း ဒေသကြီး ပုသိမ်မြို့နှင့် ဟသာင်္တမြို့အပါမ၀င် ရှမ်းပြည်နယ် တောင်ကြီးနှင့် လားရှိုးမြို့များ၌လည်း တွေ့ရှိရသည်။
 “ဒီကိစ္စတွေက နိုင်ငံအတော်များများမှာ ဖြစ်နေတာပါ။ အဲ့ဒါတွေအတွက်မူဝါဒတစ်ခုကို အတိအကျ ချမှတ်ပြီး စီစဉ်ဆောင်ရွက်ရမှာ ဖြစ်တယ်။ အချိန်ကတော့ ယူရမယ်။ အလုပ်အကိုင်အခွင့်အလမ်းတွေရရှိရေးက အဓိက ကျနေတယ်။ အခုဆိုရင်သမ္မတကြီး ဦးသိန်းစိန်ကလည်း ဆင်းရဲသားလျော့ချရေး စီမံချက်နဲ့ဆောင်ရွက်နေတာ ရှိပါတယ်။ အခုမှစလုပ်တာဆိုတော့ အသီးအပွင့်တွေကမခံစားရသေးဘူးပေါ့ “ဟု  လူဝင်မှုကြီးကြပ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ လူမှုဝန်းထမ်းဦးစီးဌာန ဒုတိယညွန်ကြားရေးမှူး ဦးအောင်ထွန်းခိုင်က လမ်းဘေးနေထိုင်သူများအရေးနှင့်ပတ်သက်၍ ပြောသည်။
ယခုလက်ရှိအချိန်၌ အိမ်ခြေမဲ့လမ်းလေးနေထိုင်သူများကိုရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲမှ မှော်ဘီမြို့နယ် ၀ါးနက်ချောင်းတွင် အဆောက်အဦများဆောက်လုပ်ပေးထားကြောင်းနှင့် မြန်မာနိုင်ငံတွင် အိမ်ခြေမဲ့လူတန်းစားများ၏ စာရင်းကိုမူ အတိအကျကောက်ယူထားနိုင်ခြင်းမရှိသေးကြောင်းနှင့် ၄င်းတို့အတွက် အလုပ်အကိုင် အခွင့်အလမ်းများ ကိုလည်း ဒေသဆိုင်ရာ အာဏာပိုင်များနှင့်ပူးပေါင်းဆောင်ရွက်သင့်သည်ဟု ၄င်းက ဆက်ပြောသည်။
 “ဒီနေရာမှာနေတာ ခင်ပွန်းမရှိတဲ့ မိန်းမ လေးယောက်နဲ့သားသမီးတွေစုပြီးနေကြတယ်။ ကျွန်မတို ဘ၀တွေက လှေုာ်ရင်း နစ်ဆိုသလိုပဲဖြစ်နေတယ်။ ကိုတွေလို သားသမီးတွေကိုမဖြစ်စေချင်ဘူး။ သူတို့လေးတွေရဲ့ အနာဂတ် ကောင်းမယ်ဆိုရင် ဘာပဲဖြစ်ဖြစ်ပေးဆပ်ရဲတယ်။ သူတိုကိုဒီဘ၀မျိုးနဲ့အဆုံးမသတ်စေချင်ဘူး။ ကျွန်မသေခဲ့ရင် တောင်သူတိုတွေ ဘယ်လိုနေရမယ်ဆိုတာကို မတွေးဝံ့ဘူး ဟု လှည်းတန်းဈေးပတ်ဝန်းကျင်၌ နေထိုင်သူ မယဉ်ယဉ်ဌေးက ဆက်ပြောသည်။
တစ်နေ့လုပ်မှတစ်နေ့စားရသည့် ၄င်းတို့၏ ၀င်ငွေနှင့်အိမ်ငှားနေရန် မဖြစ်နိုင်သည့်အတွက် အာဏာပိုင်များက လာဖမ်းဆီးမည်ဆိုပါကလည်း အဖမ်းခံရမည့်အခြေအနေဖြစ်ကြောင်းနှင့် အဖမ်းခဲ့ပါကလည်း ထောင်ထဲတွင် ထမင်းကျွေးသည့်အတွက် အသက်ဆက် ရှင်နိုင်ကြောင်း၊ ရွေးချယ်စရာ လမ်းမရှိ၍ဖြစ်ချင်ရာဖြစ်ဟုဆိုကာ နေထိုင် ရသည့်ဘ၀များဖြစ်ကြောင်းကိုလည်း လမ်းဘေးနေထိုင်သူတို့က ဆိုသည်။
 အချို့ လမ်းဘေးနေမိသားစုတွေဆိုရင် တောင်းရမ်းစားသောက်ဖို့အတွက် ကလေးငှားရမ်းတဲ့သူတွေတောင် ရှိတယ်၊ အချို့ကလည်းအဲ့ဒီလို လမ်းဘေးနေထိုင်သူတွေရဲ့ ကလေးတွေကိုစုပြီး ကားဂိတ်တွေ ဈေးတွေမှာ လိုက်ပြီး ပိုက်ဆံ ကောက်ခိုင်းတာမျိုးတွေတောင် ရှိတယ် ဟု လမ်းဘေးနေထိုင်သူများနှင့်ကြုံတွေ့ဘူးသည့်လားရှိုးမြို့ခံ မသီတာက ဆိုသည်။

Shwe Myitmakha Media Group

0 comments:

Post a Comment