Thursday, January 16, 2014

ခေတ်သစ်ကမ္ဘာကြောင့် မြန်မာ့သမိုင်းဝင် အဆောက်အအုံများ ပျက်စီးမည့်ဘေး ကြုံနေရပြီ


ပြည်ပရင်းနှီးမြှုပ်နှံမှုများ ဖွင့်ပေးလိုက်ခြင်းနှင့်အတူ ရန်ကုန်မြို့က ရှေးဟောင်းသမိုင်းဝင်အဆောက်အအုံများ  ဖျက်ဆီးခံရမည့် အန္တရာယ်နှင့် ကြုံတွေ့ရမည့် အခြေအနေများကို လော့စ်အိန်ဂျလိစ်တိုင်းမ်သတင်းစာတွင် ဆောင်းပါးရှင် ကိတ်လင်သီကမ်က သုံးသပ်တင်ပြထားရာ . . . . .

ကမ္ဘာပေါ်တွင် နောက်ဆုံးကျန်ရှိသောဈေးကွက် နယ်ပယ်သစ်များထဲက တစ်နေရာ၌ လူတွေ ပြည့်ကျပ်ညပ်နေသည့် အိမ်ခြံမြေကွန်ဖရင့် ကြီးတစ်ခုတွင် ကက်ပချီနိုကော်ဖီသောက်ကြရင်း ရင်းနှီး မြှုပ်နှံသူတစ်ဦးက အခြားတစ်ဦးအား ယခုလိုရွှင် ပျဝမ်းသာပြောသည်။ ““ချမ်းသာကြယ်ဝဖို့ ကျွန် တော် ဒီကိုရောက်လာတာဗျ””။ သူတို့သည် “မြန်မာ့အနာဂတ်ရှုခင်း”နှင့် “ဟိုတယ်နှင့် အပန်းဖြေစခန်းများအလားအ လာ”ကဲ့သို့သော ခေါင်းစဉ် များနှင့် ဆွေးနွေးပွဲ များသို့ တက်ရောက်ရန်  တစ်ဦးလျှင် ဒေါ်လာနှစ်ထောင်ကျော်ပေးခဲ့ကြရသည်။

အထင်ကရ ပြည်တွင်းဆောက်လုပ်ရေး ကုမ္ပဏီကြီးတစ်ခုအပါအဝင်ဖြစ်သော နှီးနှောဆွေးနွေးပွဲကို ကမကထပြုလုပ်သူများက စီးပွားရေး(နာမည်)ကတ်များနှင့် သူတို့ဆောက်လုပ် ကြရန်မျှော်လင့်ထားသည့် သစ်လွင်တောက်ပသော ကွန်ဒိုများ နှင့် ဈေးဝယ် စင်တာကြီးများကို အသားပေးဖော်ပြထားသည့် လက်ကမ်းကြော်ငြာများကို ကမ်းနေကြသည်။ (ဦး)သန့်မြင့်ဦးက မတ်တတ် ရပ်လိုက်သည်။ ခြေညှပ်ဖိနပ်နှင့် ရိုးရာလုံချည် ကိုဝတ်ဆင်ထားသည့် အမွေအနှစ် ထိန်းသိမ်း ရေး တက်ကြွလှုပ်ရှားသူတစ်ဖြစ်လဲ ပညာရှင်ဖြစ်သော သူက စကားပြောစင်သို့တက်သွားသည်။ ပြီးတော့ မြန်မာ နိုင်ငံ၏အနာဂတ်တွင် အကျိုးအမြတ်ရယူလိုကြသည့် ဘဏ္ဍာငွေကြေးရင်းနှီး မြှုပ်နှံသူများနှင့် ဆောက်လုပ်ရေး လုပ်ကိုင် ကြ သူများအား ခဏကလေးလောက် နားပြီး အတိတ်ကိုပြန်စဉ်းစားပေးကြဖို့ တောင်းဆိုလိုက်သည်။

ဆယ်စုနှစ်များစွာ မိမိကိုယ်မိမိ အထီးကျန်ပစ်လိုက်ခြင်းနှင့် နိုင်ငံတကာ က နှစ်ရှည်လများအပယ်ခံဖြစ်ခဲ့သောနိုင်ငံအား စီးပွားရေးပိတ်ဆို့မှုများပြုလုပ် ခဲ့ခြင်းကြောင့် မြန်မာနိုင်ငံသည် သောင်မတင်ရေမကျ ကျန်ရစ်ခဲ့ရသည်။ လူ ဦးရေ လေး ပုံသုံးပုံသည် လျှပ်စစ်ဓာတ်အား ယခုတိုင်မရရှိဘဲရှိနေသည်။ သို့သော် အနောက်အုပ်စု၏ ရင်းနှီးမြှုပ်နှံမှုမရှိခဲ့ခြင်းက အမွေအနှစ်ထိန်းသိမ်း စောင့်ရှောက်သူများအတွက် မျှော်လင့်မထားသော အကျိုးအမြတ်ရရှိသွားစေ သလိုဖြစ် သည်။ ရန်ကုန်မြို့၏နေရာအများစုမှာ သမိုင်းဝင်ဗိသုကာလက်ရာများ ဖြင့် ကျန်ရစ်ဆဲဖြစ်သည်။

သန့်မြင့်ဦးက ရန်ကုန်မြို့လယ်ရှိ ဆူညံနေသောလမ်းများတွင် ယခုတိုင် တည်ရှိနေဆဲဖြစ်သည့် ၀ိတိုရိယခေတ်၊ (၁၉၂၀ ဝန်းကျင်က အနုလက်ရာများ ဖြစ်သော)အတ်တ်ဒီကိုများ၊ (ရောမနှင့် ဂရိရှေးဟောင်း)ဂန္ထဝင်ပုံစံကိုအခြေခံ သော အနုလက်ရာများစွာကို ပါဝါပွိုင့်ဖြင့် အသားပေးပြသနေသည်။ ထိုအမွေ အနှစ်များသည် ဆယ်စုနှစ်များစွာကြာညောင်းခဲ့သည့် ဗြိတိသျှကိုလိုနီအုပ်စိုးမှု နှင့် လွတ်လပ်ရေးတိုက်ပွဲဝင်မှုတို့ဖြစ်သော ခေတ်သစ်သမိုင်းကိုပြောပြနေသည် ဟု သူကဆိုသည်။

ယခုအချိန်တွင်စစ်အစိုးရခေါင်းဆောင်ဟောင်းများသည် တစ်ချိန်က ရင်းနှီး မြှုပ်နှံမှုပိတ်ဆို့ခဲ့သည့် နိုင်ငံများအား တံခါးဖွင့်ပေးလိုက်ပြီဖြစ်ရာ ထိုအဆောက် အဦများသည် အန္တရာယ်နှင့် နဖူးတွေ့ဒူးတွေ့ ရင်ဆိုင်နေကြရပေပြီ။ စင်တာပွိုင့် တာဝါကဲ့ သို့သော ခေတ်မီအဆောက်အအုံများ ဆောက်လုပ် ရန်အတွက် ရာပေါင်းများစွာသော ကိုလိုနီခေတ်လက်ရာများသည် ပြီးခဲ့သည့် နှစ်များအတွင်း အဖျက်အဆီးခံလိုက်ကြရပြီဖြစ်သည်။ နှစ် ၁၀၀ သက်တမ်းရှိ ပျက်စီးယိုယွင်း နေသော တရားရုံးချုပ်အဆောက်အအုံနှင့် ဆေးဖြူသုတ်ထားပြီး အနုစိတ်လွှာဆင့် အမိုးမိုးထားသော မွေးနေ့ကိတ်တစ်လုံးလိုဖြစ်နေသည့် မြို့ တော်ခန်းမအပါအဝင် သမိုင်းဝင်ဘလောက်ကြီးပေါ်တွင် ယခုနှစ်မှာ ပြီးစီးသွား သည့် ဖန်ရောင် လက်လက်ထနေသော အထပ် ၂၅ ထပ် မိုးမျှော်အဆောက်အအုံ ကြီးက ဘွားခနဲပေါ်လာသည်။

အဆောက်အအုံဟောင်းအတော်များများ၏အခြေအနေမှာ ဖြိုချပစ်ရမည့် အနေအထားဖြစ်နေသည်။ တစ်ချိန်က ဆိုဖေယားကုန်တိုက်ဖြစ်ခဲ့သည့် အဆောက် အအုံတစ်ခု၏ ကော်ရစ်တိုင်လုံးကြီးများမှာ ပဲ့ကျနေသည်။ အမိုးခုံးအဆောက် အအုံကြီး တွင် မှိုတွေစွဲနေသည်။ တစ်ကြိမ်တစ်ခါတုန်းက ကြီးကျယ်ခမ်းနားခဲ့ သည့် နောက်အဆောက်အအုံတစ်လုံးကိုလည်း လူနေအိမ်ခန်းများဖဲ့လုပ်ထား သည်။ နေထိုင်သူတွေက လှေကားတစ်လျောက်မှာ အဝတ်တွေလှမ်းထားကြသည်။
ရန်ကုန်မြို့ သည် ယဉ်ကျေးမှုအမွေအနှစ်များ ပိုမိုဆုံးရှုံးလာကာ ၀ိညာဉ်မဲ့ ရုံးအဆောက်အအုံ များနှင့် သေတ္တာတုံးသဏ္ဍာန်မိုးမျှော်လူနေအဆောက်အအုံ များဖြင့် ပြည့်ကျပ်နေသည့် အရှေ့တောင်အာရှ၏နောက်ထပ်မြို့ပြတစ်ခုဖြစ် လာမည် ကို သန့်မြင့်ဦးက အစိုးရိမ်ကြီးနေသည်။

“လာမယ့်နှစ်အနည်းငယ်အတွင်း ဒီအမွေအနှစ်တွေကို  ကျွန်တော်တို့ ဖျက်ဆီးပစ်လိုက်ကြမှာလား၊ ဒါမှမဟုတ် အဲဒါတွေကို ခေတ်မီအဆောက်အအုံ အဖြစ် ထည့်သွင်းပေါင်းစပ်ဖို့လုပ်ကြမလား။ ဆန္ဒသာတကယ်ရှိကြမယ်ဆိုရင် မှန်မှန် ကန်ကန် လုပ်နိုင်အောင် အခြေအနေရှိပါသေးတယ်”ဟု သူက ကောင်း မွန်လှသော အင်္ဂလိပ်အသံထွက်ဖြင့် စကားလုံးတိုင်းကို တိတိရိရိသုံးကာ ရင်းနှီး မြှုပ်နှံသူများအား မေးခွန်းထုတ်ခဲ့သည်။

ကင်းဘရစ်တက္ကသိုလ်ထွက်ဖြစ်သော သူသည် မြန်မာ့သမိုင်းအကြောင်း ကျယ်ကျယ်ပြန့်ပြန့်ရေးသားခဲ့သည်။ ယခု သူက သမိုင်းကို ပုံသွန်းကြည့်ဖို့ကြိုးစား နေပြန်သည်။ သန့်မြင့်ဦး ကို မြန်မာပြည် တွင်မွေး ခဲ့သည်။ (သူသည် နယူးယောက် တွင် မွေးခဲ့သည်ဟု တစ်ဦးက ထောက်ပြပါသည်- ဘာသာပြန်ဆိုသူ)။ ပြီးတော့ နယူးယောက်မြို့ရှိ ဟတ်ဆင်မြစ်ကမ်းဘေးကအိမ်တွင် လူလားမြောက်ခဲ့သည်။ ထိုအိမ်သည် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်၏ နေအိမ်ဖြစ် သည်။ ဦးသန့်သည် သန့်မြင့်ဦး၏အဖိုးဖြစ်လေသည်။

သူတို့အိမ်ဝင်းသည် မြန်မာပြည်အသေးစားလေးတစ်ခုဟု သန့်မြင့်ဦးက  မှတ်မိနေသည်။ ထိုအိမ်သည် မြန်မာနိုင်ငံကထွက်လာသူများ၏ စုစည်းရာ နေရာဖြစ်ခဲ့သည်။ ပထမထပ်တွင် ဘုရားစင်ရှိပြီး မီးဖိုဆောင်သည် ဟင်းနံ့များ မွှေးကြိုင် နေသည်။ နွေရာသီတွင် သန့်မြင့်ဦးနှင့်မိသားစုသည် ဆွေမျိုးများဆီလည်ပတ်ရန်နှင့် ဘုန်းကြီးကျောင်းတွင် အလှူလုပ်ရန် ရန်ကုန်မြို့သို့သွားခဲ့သည်။ သူ့မျိုးရိုးစဉ် ဆက်အရ အလည်အပတ်ခရီးများသည် အမြဲတမ်းပင် မလွယ်ကူလှပါ။
ဦးသန့် သည် ၁၉၆၂ ခုနှစ်တွင် အာဏာသိမ်းဖြုတ်ချခံရသည့် လွတ်လပ် သောမြန်မာနိုင်ငံ၏ ပထမဆုံးဝန်ကြီးချုပ်(ဦးနု)၏ အရင်းနှီးဆုံး အကြံပေးဖြစ် ခဲ့သည်။ သူသည် ထိပ်တန်းသံတမန်တစ်ဦးဖြစ်လင့်ကစား စစ်တပ်ခေါင်းဆောင် များက သူ့ကို ယုံကြည်မှုမရှိခဲ့။ ၁၉၇၄ ခုနှစ်တွင် ကင်ဆာရောဂါဖြင့် သူကွယ် လွန်သောအခါ သူတို့က ဦးသန့်အား တရားဝင်အခမ်းအနားဖြင့်သင်္ဂြိုဟ်ခြင်း မပြုဖို့ အမိန့်ထုတ်ခဲ့ကြသည်။

၁၉၈၈ ခုနှစ်တွင် စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက် သန့်မြင့်ဦးသည် မြန်မာနိုင်ငံသို့ ခရီးသွားခြင်းရပ်ဆိုင်းခဲ့သည်။ ထိုစဉ်က ကျောင်းသားတစ်ဦးဖြစ် သော သူသည် နိုင်ငံရေးအရ တိုင်းပြည်မှထွက်ပြေးလာကြသူများနှင့် အတူ လက်တွဲ ကာ နိုင်ငံတကာအရေးယူပိတ်ဆို့မှုများပြုလုပ်ကြရန် တောင်းဆိုခဲ့သည်။ ၂၀၀၆ ခုနှစ်တွင် ကုလသမဂ္ဂ၌ သူတာဝန်ထမ်းဆောင်ပြီးနောက် သူသည် ရှေး အကျဆုံး အင်ပါယာခေတ်မှသည် ကိုယ့်ကိုယ်ကိုယ် အထီးကျန်နေလိုက်သော ကာလအထိ ပါဝင်သည့် မြန်မာနိုင်ငံအကြောင်း ရောင်းအကောင်းဆုံးစာရင်းဝင် စာအုပ်တစ်အုပ်ကို ရေးသားခဲ့သည်။

ထိုစာအုပ်ထဲဖော်ပြခဲ့သော အချို့အဆောက်အအုံများသည် သန့်မြင့်ဦး၏  Yangon Heritage Trust   ဟူသည့် အကျိုးအမြတ်မယူသောအဖွဲ့အစည်း က ယခုအခါ အကာအကွယ်ပေးနေပြီဖြစ်သည်။ ယင်းတို့ထဲမှတစ်ခုမှာ ပဲခူး ကလပ်ဖြစ် သည်။ ပဲခူးကလပ်သည် ဗြိတိသျှစစ်တပ်မှအရာရှိများအတွက် လူဖြူ ကလပ်တစ်ခုအဖြစ်တည်ဆောက်ခဲ့သော ကျွန်းအိမ်ကြီးဖြစ်သည်။ နောက် အဆောက်အအုံတစ်ခုမှာ အတွင်းဝန်များရုံးဖြစ်သည်။ ၀ိတိုရိယခေတ်လက် ရာများဖြင့် အံ့မခန်း ဖွယ် ထိုအဆောက်အအုံသည် လက်ရှိအတိုက်အခံခေါင်း ဆောင်(ဒေါ်)အောင်ဆန်းစုကြည်၏ဖခင် လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ် (ကြီး)အောင်ဆန်း လုပ်ကြံခံလိုက်ရသောနေရာလည်းဖြစ်သည်။

လူတစ်သိန်းကျော်အသက်ဆုံးရှုံးခဲ့ရသည့် ၂၀၀၈ ခုနှစ် နာဂစ်ဆိုင်ကလုန်း မုန်တိုင်းအပြီး ကူညီထောက်ပံ့မှုလုပ်ငန်းများလုပ်ရန် မြန်မာနိုင်ငံသို့ပြန်သွားခဲ့ပြီး ၂၀၁ဝပြည့်နှစ်အရောက် စစ်ခေါင်းဆောင်များက ထိန်းချုပ်ကိုင်တွယ်မှု စတင် လျှော့ချလိုက်ချိန်တွင် သူသည် အခန်းကဏ္ဍအသစ်တစ်ခု ယူခဲ့လေသည်။

ပြီးခဲ့သည့်နှစ်အတွင်း သူ့အဖွဲ့အစည်းသည် ရန်ကုန်မြို့ရှိ ရာပေါင်းများစွာ သော အဆောက်အအုံများနှင့်ပတ်သက်သည့်သမိုင်းများကို စုဆောင်းခဲ့သည်။ ထိုအထဲတွင် ဘဏ်များ၊ ဇာတ်ရုံများ၊ ရန်ကုန်မှနေပြည်တော်သို့ ၂၀၀၅ ခုနှစ် တွင် မြို့တော်ရုတ်ချည်းပြောင်းရွှေ့သွား၍ ကျန်ရစ်ခဲ့သော အစိုးရပိုင်ရုံးအများ အပြား ပါဝင်သည်။

သူတို့အဖွဲ့သည် များစွာသောအဆောက်အအုံများအား အမွေအနှစ်အဖြစ် ကာကွယ်စောင့်ရှောက်ရမည့် စာရင်းထဲထည့်သွင်းလိုက်ခြင်းဖြင့် ဆောက်လုပ် ရေးလုပ်ငန်းရှင်များက ဖြိုချပစ်ဖို့ပိုခက်ခဲသွားအောင် ကူညီလုပ်ဆောင်ပေးခဲ့ကြ သည်။ သိပ်မကြာ ခင် ကပင် သူတို့သည် မြို့လယ်တွင် အထပ် ၄၀ ရှိ ရုံးခန်း အဆောက်အအုံကြီးကို ဆောက်လုပ်နေခြင်းရပ်တန့်သွားအောင် ကူညီနိုင်ခဲ့ပြီး မိုဟန်ဒတ်စ်ကေဂန္ဒီကို ဂုဏ်ပြုတည်ဆောက်ခဲ့သော ဗိသုကာလက်ရာအရ ထူးခြားလှသည့် ခန်းမကြီး ကိုလည်း ဖြိုချမည့်ဘေးမှ ကယ်တင်နိုင်ခဲ့သည်။

သန့်မြင့်ဦးနှင့် ပြည်တွင်းဗိသုကာပညာရှင်များနှင့် အီတလီမှ မြို့ပြစီမံကိန်း ရေးဆွဲသူများဖြင့် ပါဝင်ဖွဲ့စည်းထားသော သူ့အဖွဲ့အနေဖြင့် ဖွံ့ဖြိုးရေးလုပ်ငန်း အသစ်များသည် ရှောင်လွှဲမရဘဲ မလွဲဧကန်ဖြစ်လာရမည်ကို သိကြပါသည်။ လာမည့် ဆယ်စုနှစ်နှင့်တစ်ဝက်တွင် လူ ၁၀ သန်းခန့်သည် မြန်မာနိုင်ငံ၏ အကြီးဆုံးမြို့ပြများ ဆီသို့ အလုပ်အကိုင်အခွင့်အလမ်းအတွက် ရွှေ့ပြောင်း လာကြမည်ဟုမျှော်လင့်ထားသည်။ သူတို့အတွက် နေစရာ ထိုင်စရာတွေဘယ်လိုပဲဖြစ်ဖြစ်ရှိရမည်။
သို့သော် ထိန်းသိမ်းစောင့်ရှောက်ရေးသမားများက ဉာဏ်အမြော်အမြင် ရှိသော ဖွံ့ဖြိုးရေးလုပ်ငန်းများသည် ဖြစ်နိုင်ကြောင်း မလျှော့တမ်းပြောနေကြ သည်။ ကိုလိုနီခေတ်အဆောက်အအုံအများစု စုပြုံဝိုင်းရံနေသော ရန်ကုန်မြို့ လယ်နှင့် မိုင်အနည်းငယ်ကွာသော နေရာမျိုးတွင်သာ အိမ်ရာအသစ်များဆောက် လုပ်သင့်သည်ဟု သူတို့ကပြောသည်။ အိုဟောင်းနေသောအဆောက်အအုံ များကို ပြုပြင်မွမ်းမံမှုပြုသင့်သည်ဟု ဆိုကြသည်။

“အထပ်မြင့်တွေဆောက်ဖို့နေရာကတစ်ခု၊ အထပ်မြင့်တွေမရှိရမယ့်နေရာ ကတစ်ခုဖြစ်ရမယ်”ဟု ရန်ကုန်မြို့လယ်ရှိ အိမ်ခန်းအိုတစ်ခန်းတွင်နေထိုင်သူ သန့်မြင့်ဦးကပြောသည်။

“ဗိသုကာလက်ရာအဆောက်အအုံတွေနဲ့ ဘယ်လိုမှသဟဇာတမဖြစ်တဲ့ အဆောက်အအုံတွေ အများကြီးထိုးထွက်လာနေကြတယ်”ဟု သူကဆက်ပြော သည်။

ခံတပ်ကြီးနှင့်တူလှသည့် မြို့လယ်အစွန်က ဟိုတယ်ကြီးတစ်ခု၏ ခေတ်မီ သားနားလှသောဧည့်ဆောင်တွင် သူက အချိုရည်ကို ဖြည်းဖြည်းချင်းစုပ်သောက် နေသည်။ နေဝင်ချိန်ဖြစ်ရာ နံရံပြတင်းမှအလင်းများဝင်လာသည်။ သည်နေရာ နှင့် တစ်မိုင်ခန့်ကွာဝေးသောနေရာမှာ ရွှေရောင်ဝင်းပနေသော ရွှေတိဂုံစေတီ တော်မြတ်ကြီး တည်ရှိနေသည်။ ခေတ်မီသောတိုက်ခန်းများအကြားတွင် မြန်မာ တို့ အထွတ်အမြတ်ထားသည့် အရေးအပါဆုံးသော ဘာသာရေးဌာနကြီးသည် လင်းလက်တောက်ပလျက်ရှိနေသည်။

အုပ်စိုးသူဗိုလ်ချုပ်ကြီးများအား အရေးယူပိတ်ဆို့လိုက်ခြင်းကြောင့် ဥရောပ နှင့်အမေရိကားတို့မှကုမ္ပဏီများ ထွက်သွားချိန်ဖြစ်သည့် ၁၉၉၀ ပြည့်လွန်နှစ် များတွင် ထိုင်းနှင့်တရုတ်နိုင်ငံများမှ ဆောက်လုပ်ရေးကုမ္ပဏီများသည် မြန်မာ နိုင်ငံတွင် အဆောက်အအုံများ တည်ဆောက်ဖွံ့ဖြိုးရေးတွင် ကူညီခဲ့ကြသည်။  သမ္မတ(ဦး)သိန်းစိန်က အစိုးရ၏ မီဒီယာအပေါ်ချုပ်ကိုင်မှုများနှင့် လွတ်လပ် စွာ ပြောဆိုခွင့်များကိုဖြေလျှော့ပေးကာ နေအိမ်အကျယ်ချုပ်ခံနေရသော (ဒေါ်) အောင်ဆန်းစုကြည်အား လွှတ်ပေးခဲ့ပြီးသည့်နောက်ပိုင်း ၂၀၁၂ တွင် ထို အဆောက်အအုံများဆီ သူတို့ရောက်ရှိလာကြသည်။

ရွှေရောင်အိပ်မက်မက်သူများ မြန်မာနိုင်ငံသို့ စုပြုံဝင်ရောက်လာကြသည်။ မြန်မာနိုင်ငံတွင် ကြယ်ဝလှသော ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံသူများက အကျိုးအမြတ်ရရှိရေး နည်းလမ်းရှာကြံလာကြသည်။ နိုင်ငံတကာကုမ္ပဏီများက ဓာတ်အားပေးစက်ရုံများဆောက်လုပ်ရန်၊ ဆက်သွယ် ရေးကွန်ရက်များ တည်ဆောက်ရန်နှင့် ညံ့ဖျင်းဆိုးရွားလှသောလမ်းများအား ပြုပြင်ရန် အုံလိုက်ကျင်းလိုက်ဝင်ရောက်လာကြသဖြင့် ယနေ့ရန်ကုန်တွင် လေ အေးပေးစက်တပ်ထားသော ရုံးခန်းအဆောက်အအုံများ၏ငှားရမ်းခမှာ မြို့လယ် မန်ဟန်တန်(နယူးယောက်)ထက်ပင် ဈေးကြီးနေသည်။ ကိုကာကိုလာနှင့် နစ် ဆန်းတို့မှာ စက်ရုံများဖွင့်လာကြသည်။

ဒင်းနစ်မက်ဒလီနိုရိုဒရစ်သည် ပေါ်တူဂီလူမျိုး ဟိုတယ်လုပ်ငန်းရှင်တစ်ဦး ဖြစ်သည်။ ဆီလိမ်းကျံထားသော ဆံပင်နက်နက်၊ အသံသြဇာကောင်းကောင်း နှင့် သူသည် ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများရှာဖွေရန် ရန်ကုန်သို့ ယခုနှစ်တွင် ပြန်လည်ခြေချလာသည်။ ကမ်းနား(စထရင်း)ဟိုတယ်ရှိ မီးခိုးနံ့များမွှန်ထူနေ သည့်ဘားတွင် ယမကာသောက်ရင်း သူက လာမည့်နှစ်များတွင် မြန်မာနိုင်ငံ၌ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းသည် ၂၀ ရာခိုင်နှုန်းနီးပါး တိုးတက်လာမည်ဟု ခန့်မှန်းထား သည့် အမေရိကန်အခြေစိုက် အကြံပေးကုမ္ပဏီ မက္ကင်ဇီအင်န်ကို၏ လတ်တလောထုတ်ပြန်လိုက်သောအစီရင်ခံစာကို ကိုးကားပြောဆိုလိုက်သည်။

“အရင်တုန်းက ဘယ်သူကမှ မသွားဖူးတဲ့နေရာကိုသွားရတာ စိတ်လှုပ်ရှား မိတာအမှန်ပဲ”ဟု သူကပြောသည်။ “ယေဘုယျသဘောဆိုရရင် ဒီနေရာဟာ နောက်ဆုံးနယ်ပယ်သစ်ပဲ။ ခင်ဗျားအနေနဲ့ ခေတ်မီချင်သပဆိုရင် ဘယ်သူမှ မရောက်ဖူးတဲ့နေရာတစ်ခုခုကို ခင်ဗျားသွားရမယ်” သူကဆက်ပြောသည်။ ရန်ကုန်၏ သမိုင်းဝင်အဆောက်အအုံများကို စောင့်ရှောက်ထိန်းသိမ်းရေး အကြောင်း သန့်မြင့်ဦး၏တင်ပြမှုကို သူက နားထောင်ခဲ့ပြီး ထိုစေ့ဆော်မှုမှ သူ ခွာလာခဲ့သည်။ သူက မြို့လယ်ရှိ ကိုလိုနီခေတ်အဆောက်အအုံတစ်ခုခုကို ပြန်လည်ပြုပြင်မွမ်းမံပြီး ခေတ်ဆန်သားနားသောဟိုတယ်အသွင် ပြောင်းချင်သည် ဟု ပြောသည်။

စထရင်းဟိုတယ်သည် ဧရာဝတီမြစ်ကမ်းတွင်ရှိသည်။ (အမှန်မှာ ရန်ကုန် မြစ်ကမ်းဘေးဖြစ်ပါသည်- ဘာသာပြန်ဆိုသူ)။ သူပြောသောစီမံကိန်းမျိုးဖြစ် နိုင်သည်ဟု စထရင်းက သက်သေပြနေပါသည်။ တစ်ချိန်တုန်းက ဂျော့အိုဝဲလ် နှင့် ရုယတ်ကစ်ပလင်းတို့ တည်းခိုနေထိုင်ခဲ့သည်ဟုသိကြသည့် ၀ိတိုရိယခေတ် အဆောက်အအုံကြီးမှာ လွန်ခဲ့သောနှစ်အနည်းငယ်ကတည်းက သပ်ရပ်ကြော့ ရှင်းသော ဇိမ်ခံဟိုတယ်ကြီးအဖြစ် အသွင်ပြောင်းခဲ့ပြီးဖြစ်သည်။  ဈေးအပေါဆုံး အခန်းတစ်ခန်းပင်လျှင် တစ်ညတာတည်းခိုခမှာ ဒေါ်လာ ၄၀၀ ကျော်ရှိနေသည်။

သန့်မြင့်ဦးက ထိုဟိုတယ်ကို ကိုးကားသက်သေထူကာ မြို့လယ်ဘလောက် များကို ထိန်းသိမ်းစောင့်ရှောက်ရန်ကြိုးပမ်းအားထုတ်သူများသည် ကဖျက်ယဖျက် လုပ်သူများမဟုတ်ဟု ပြောလေသည်။ သူက ရင်းနှီးမြှုပ်နှံသူများ နားလည်မည့် အသုံး အနှုန်းများဖြင့် သူတို့ကို စကားပြောခဲ့သည်။ “ရန်ကုန်ကို အရှေ့တောင်အာရှက ဆွဲဆောင်မှုအရှိဆုံး၊ အလှပဆုံး အသက် ဝင်ဆုံးမြို့အဖြစ် ကျွန်တော်တို့လုပ်နိုင်မယ်ဆိုရင် ဒါဟာ ဒေါ်လာတွေဘီလျံချီ တန်သွားလိမ့်မယ်” ဟု သန့်မြင့်ဦး က ပြောလေသည်။

Los Angeles Times  ဆောင်းပါးရှင် Kate Linthicum ရေးသားသော Myanmar's historic buildings imperiled by modern world ကို မြန်မာဘာသာသို့ ဆီလျော်အောင် ပြန်ဆိုပါသည်။  

ညီလတ်
Yangon Media Group

0 comments:

Post a Comment