Friday, November 29, 2013
'မကောင်းမှုက ကောင်းကျိုးပေးသည်ဆိုခြင်းမှာ'
ဘုရားရှင်က 'မကောင်းမှုက ကောင်းကျိုးပေးသည်ဆိုခြင်းမှာ' မဖြစ် နိုင်။ မကောင်းမှုက မကောင်းကျိုးကိုသာ ပေးသည်။ ကောင်းသောအမှုက မကောင်းကျိုးပေးသည် ဆိုခြင်း မှာ မဖြစ်နိုင်။ ကောင်းမှုက ကောင်းကျိုးကိုသာ ပေး သည်ဟူ၍ မိန့်တော်မူချက်မှာ ကံကံ၏အကျိုးကို ရှင်း ရှင်းလင်းလင်း ဟောဖော်ညွှန်ပြထားခြင်းဖြစ်ပါ၏။ ဘုရားရှင်၏ ဤအဆုံးအမတော်ကို စဉ်းငယ်မျှပင် သံသယမ၀င်ဘဲ ရာနှုန်းပြည့် ယုံကြည်မှသာ ကံကံ၏ အကျိုးကို ယုံကြည်သူဗုဒ္ဓဘာသာဝင်ကောင်းတစ်ယောက် ဖြစ်နိုင်ပါလိမ့်မည်။
ဤလောကတွင် မကောင်းမှုတွေနှင့် အသက် မွေးနေသော်လည်း ငွေကြေးဥစ္စာချမ်းသာနေသူတွေ ရှိပါ၏။ ထိုသူတို့ကို အပေါ်ယံရှပ်ကြည့်ပြီး မကောင်း မှုက မကောင်းကျိုးပေးသည်ဟူသော အချက်ကို သံသယရှိသူတွေလည်း ရှိပါ၏။ မယုံကြည်သူတွေလည်း ရှိပါ၏။ စင်စစ်ထိုသို့ သံသယရှိသူ မယုံကြည်သူတို့ သည် 'ကောင်းကျိုးပေးသည်'ဟူသော အချက်ကို ငွေ ကြေးဥစ္စာချမ်းသာခြင်းတစ်ခုတည်းဖြင့်သာ တိုင်းတာ ယူဆထားသူတွေဖြစ်ပါ၏။
မသမာသောနည်းလမ်းများဖြင့် ၀ိသမလောဘ ကြီးမားစွာ ရှာဖွေသောကြောင့် ဓနဥစ္စာချမ်းသာသော မိသားစုတချို့ကို တွေ့ဖူးပါ၏။ ထိုသူတို့သည် ငွေကြေး ချမ်းသာသော်လည်း စိတ်မချမ်းမြေ့ကြ။ မိသားစု၏ လူမှုရေးကျန်းမာရေးဘက်တွင် ကံမကောင်းမှုတွေ များ လှ၏။ သားဖြစ်သူက ဆေးသမား အလောင်းအစား သမားဖြစ်သောကြောင့် ပြဿနာပေါင်းစုံကို ငွေထုပ် ပိုက်၍လိုက်ရှင်းနေရ၏။ သမီးဖြစ်သူကလည်း အနေ အထိုင် မဆင်ခြင်၊ ရည်းစားများသည်။ ငွေအသုံးအဖြုန်း ကြီးမားသည်။ ဒီအထဲမှာ အိမ်ထောင်စု၏ ဦးစီးခေါင်း ဆောင်ကိုယ်တိုင်ကလည်း ခြေရှုပ်သည်။ ဇနီးဖြစ်သူ ကလည်း သားရေးသမီးရေး လင်ယောက်ျားအရေး တို့ကြောင့် စိတ်ဖိစီးတင်းကျပ်မှုများကာ မကျန်းမာ။ မိစ္ဆာအာဇီဝမှုဖြင့်ရသော ငွေကြေးဥစ္စာများသည် အိမ် ထောင်ဦးစီးနှင့် သားသမီးတို့၏ အကျင့်စာရိတ္တကို ဖျက်ဆီးလျက် ပြန်ထွက်သွားသည်။ မတရားမှုဖြင့် ရှာ ထားသော ဓနဥစ္စာများသည် ၀ိသမလောဘသမား၏ လက်ထဲတွင် ကြာကြာမြဲမနေ။ တစ်ချိန်ချိန်တွင် ပြန် ထွက်တတ်ရာ ထွက်သောအခါ ကောင်းကောင်းမ ထွက်။ သောက၊ ဒေါသ၊ ဒေါမနဿ၊ ဗျာပါဒတရား ဆိုးတို့ကို လက်ဆောင်အဖြစ် ပေးစွမ်းပြီးမှ ပြန်ထွက် တတ်ပါ၏။
ကံကောင်းခြင်း၊ ကံမကောင်းခြင်းကို ငွေ ကြေးဥစ္စာချမ်းသာ<ကယ်ဝခြင်းတစ်ခုတည်းအပေါ်မှာ သာတည်မှီလျက် တိုင်းတာဆုံးဖြတ်ခြင်းသည် ဘောင် ကျဉ်းလွန်းလှပါသည်။ ငွေကြေးချမ်းသာသော်လည်း ပြဿနာအဖုံဖုံ၊ စိတ်ဆင်းရဲစရာမျိုးစုံနှင့် ဖိစီးမွန်းကျပ် မှုများနေလျှင် ကံကောင်းသည်ဟု မဆိုနိုင်ပေ။ မိစ္ဆာ အာဇီဝမူဖြင့် ကြီးပွားသူတို့၏ လတ်တလောချမ်းသာ မှုကိုကြည့်ပြီး 'မကောင်းတာလုပ်လဲ ကောင်းကျိုးပေး တာပါပဲ'ဟုဆိုတတ်ကြသူများသည် ထိုမိစ္ဆာအာဇီဝ သမားများ၏ အနာဂတ်ကာလကို လှမ်းမျှော်ကြည့်ရန် မူ သတိမေ့လျော့နေတတ်ကြပေသည်။
သမ္မာအာဇီဝမှုဖြင့် အသက်မွေးပြီး ငွေ ကြေးဥစ္စာချမ်းသာကြွယ်ဝမှုမရှိစေကာမူ အစ၀ယ် ပြဿနာရှင်းရှင်း စိတ်ဖိစီး မွန်းကျပ်မှုကင်းကင်းဖြင့် ရောင့်ရဲအေးချမ်းစွာ နေသူများကို ငွေကြေးရှုထောင့် တစ်ခုတည်းမှကြည့်ကာ ကံမကောင်းသူများဟု အကဲ ဖြတ်သော် ထိုသူသည် 'ဘ၀၏တန်ဖိုး'ကို နားမလည် သူ၊ ရုပ်ဝါဒီသမားသာဖြစ်ပေလိမ့်မည်။ ငြိမ်းအေးချမ်း မြေ့ခြင်း၏ ရသကို မခံစားတတ်သူသာဖြစ်ပေမည်။
အထက်ပါဘုရားရှင် ဟောတော်မူသည့် ကောင်းမှုက ကောင်းကျိုးပေး၍ မကောင်းမှုက မကောင်းကျိုးပေးသည်ဟူသော အချက်အပေါ် စဉ်း ငယ်မျှပင် သံသယမ၀င်မူလျက် ရာနှုန်းပြည့်ယုံကြည် အပ်ပါ၏။ ထိုယုံကြည်ချက်ကို နှလုံးဝယ်ပိုက်စွဲလျက် ရခဲလှစွာသော လူ့ဘ၀ကိုရစဉ်အခိုက် ကောင်းသော ကိုယ်မှု၊ နှုတ်မှု၊ စိတ်မှုတို့ဖြင့် ဘ၀ကောင်းဘ၀မွန် တစ်ခုကို မြတ်မြတ်နိုးနိုး ထုဆစ်ပုံဖော်သွားအပ်ပါ သည်။ ။
မင်းနန်(မော်ကျွန်း)
ရေးသားသည်။
အနှိုင်းမဲ့ စာတိုပေစများ
မေတ္တာဖြင့် ဝေမျှသူ
အနှိုင်းမဲ့စာတိုပေစများ
ဂျပန်ရောက် စိုင်းစိုင်းခမ်းလှိုင် ဘာပြောထားလဲ
ASEAN-Japan Music festival
 ပွဲကို တက်ရောက်ဖျော်ဖြေပေးခဲ့တဲ့ အဆိုတော် စိုင်းစိုင်းခမ်းလှိုင်က သူ့ကိုအားပေးခဲ့ကြတဲ့ ဂျပန်ရောက် မြန်မာ ပရိတ်သတ်တွေကို သူရဲ့ကိုယ်ပိုင် စာမျက်နှာမှာ တောင်းပန်ထားတာကို ကူယူဖော်ပြပေးလိုက်ပါတယ်။ 
၂၉.၁၁.၂၀၁၃ ရက်နေ့ 7Day Daily သတင်းစုစည်းမှု
လဲနေသူ ထူ၊ အားနည်းသူ ကယ်၊ မယ်တော်ရဲ့မယ်မယ်
နေထွက်သည်နှင့် သူတို့ ရောက်လာတတ်သည်။ ငယ်ရွယ်သည့် မိခင်များ၊ ဖခင်များက စိုးရိမ် သောကအပြည့် မျက်နှာများနှင့် သူတို့၏ သားသမီးများကို ပွေ့ပိုက်ပြီး အရိပ်ထဲတွင် ထိုင်ကာ ဆေးခန်း ဝန်ထမ်းများကို စောင့်နေတတ်သည်။
Thursday, November 28, 2013
အမျိုးသမီးများအား ချဉ်းကပ်ရာဝယ် သတိထားသင့်တဲ့ အမှား(၆)ခု
          တချိန်တုန်းက မင်းမှာ ရွေးချယ်သင့်တဲ့အမျိုးသမီးတစ်ဦး ရှိခဲ့ဖူးမယ်။ သူမမင်းကို လှမ်းကြည့်ပြီး ပြုံးပြတဲ့အချိန်မှာလည်း ရာခိုင်နှုန်း ၅၀လောက် မင်းအတွက် အခြေအနေ ကောင်းတယ်ဆိုတာ သိခဲ့လိမ့်မယ်။ ဒါပေမယ့် ကျန်တဲ့ ၅၀ ရာခိုင်နှုန်းဟာ မင်းထင်သလောက်တော့ မလွယ်ကူပြန်ဘူး။
          အရက်ဟာ တစ်ခါတစ်ရံမှာ စိတ်လွတ်သွားတတ်ပြီး ပိုကောင်းသွားတတ်သလို ပိုလည်း ဆိုးသွားတတ်တယ်။ အဆုံးသတ်ရလဒ်ဟာ ကြောက်စရာကောင်းသွားတတ်တယ်။ သူမအနေနဲ့ မျက်လုံးချင်းဆုံရမှာ ရှောင်ရှားလာမယ်။ မင်းကို မသိချင်ယောင်ဆောင်မယ်။ ဒါတောင်မှ မင်းက နောက်မဆုတ်သေးဘူးဆိုရင် သူမရဲ့ သူငယ်ချင်း၊ ယောက်ျားလေးသူငယ်ချင်းတွေကို ခေါ်ပြီး မင်းကို ရိုက်ခိုင်းတဲ့ အခြေအနေတွေအထိ ဖြစ်လာတတ်ပါတယ်။ ဒီလိုမျိုးနဲ့ မင်းကောင်မလေးတစ်ယောက်ကို ဆုံးရှုံးခဲ့ဖူးပြီးပြီ ဆိုရင်တော့ နောက်တစ်ကြိမ် ဒါမျိုးမဖြစ်ရလေအောင် အခုပြောပြပေးမယ့် အမှားလေး တွေကိုရှောင်ရှားကြည့်ပါ။ မင်းကံကောင်းပါလိမ့်မယ်။
(၁)     နေရာမှားယွင်းစွာ ချဉ်းကပ်မိခြင်း
          တကမ္ဘာလုံးက မင်းရဲ့ကစားကွင်းမဟုတ်ဘူးဆိုတာ သတိပြုပါ။ ကြော်ငြာစာမကပ်ထားပေမယ့် ရွေးချယ်သင့်တဲ့ နေရာအချို့ရှိပါတယ်။ အားကစားရုံတစ်ခုမှာ မင်းက ပြင်းပြင်းထန်ထန် ကစားနေတဲ့အချိန် ချွေးသံတရွှဲရွှဲနဲ့ မင်းရဲ့ လက်မောင်းကြွက်သားတွေကို ကြည့်ပြီး သူမမူးမိုက် လဲသွား နိုင်လောက်တယ်။ ဒီတော့ မင်းအတွက် အန္တရာယ်ကင်းတဲ့ နေရာတွေကတော့ သူငယ်ချင်း တစ်ယောက်ယောက်ရဲ့ ပါတီ ၊ ဒါမှမဟုတ် ဘားတစ်ခုလိုမျိုး စကားစမြည် ပြောလို့ကောင်းတဲ့ နေရာ တွေကိုရွေးချယ်ပါ။ ပျော်ပျော်ရွှင်ရွှင် ရယ်ရယ်မောမော ပြောဆိုနိုင်မှာဖြစ်ပြီး မျှတတဲ့နေရာတစ်ခုလည်း ဖြစ်ပါတယ်။ ဒါပေမယ့် အချစ်အကြောင်းတော့ အသေအချာ မပြောပါနဲ့ဦး။
(၂)     ခံစစ်ပေါ်အခြေခံပြီး မစတင်ပါနဲ့
          တချို့သော ဗျူဟာတွေအတွက် ဒါက အရေးကြီးပေမယ့် ဒီတစ်ခါတော့ အသုံးမ၀င်ပါဘူး။ ပွဲအပြီးရလဒ်ကို အရမ်းစိုးရိမ်နေပြီး သူ့ကိုခံငြင်းဖို့ချည်း စိတ်ကူးထားမယ်ဆိုရင်တော့ မင်းက ခင်မင် နှစ်လိုဖွယ်ကောင်းတဲ့ အမျိုးသားတစ်ယောက် ဖြစ်လာမှာမဟုတ်ပါဘူး။ အမျိုးသမီးတွေက အကြောင်းအရာစုံကို သူတို့နဲ့ လိုက်လျောညီထွေ ဖြစ်အောင် လိုက်ပြောတတ်သူမျိုး၊ အပြင်ထွက်လည်ရ အဆင်ပြေသူမျိုးကို နှစ်သက်တတ်ကြတယ်ဆိုတာ ယုံကြည်လိုက်ပါ။ သူတို့နဲ့ ဆန့်ကျင်ဖို့ထက် ပျော်စရာလေးတွေဖြစ်အောင်ပဲ ဖန်တီးပါ။
(၃)     မင်းအရမ်း မူးနေတဲ့အခါ
(၄)     စတွေ့ချိန်မှာ
          စတွေ့လို့နှုတ်ဆက်ချိန်မှာ သာမန်အတိုင်းပဲ နှုတ်ဆက်ပါ။ ကဗျာဆန်ဆန် ၊ စာဆန်ဆန် ကွန့်ညွန့်လို့ နှုတ်ဆက်ခြင်းက မင်းကို ကိုယ့်ကိုယ်ကိုယုံကြည်မှုမရှိသူ တစ်ယောက်နဲ့ တူစေပါတယ်။ အကောင်းဆုံး အဆင်ပြေစေနိုင်မယ့် စကားလုံးအသစ်အဆန်း မတွေ့မချင်း “Hello” ဟာ အရိုးရှင်းဆုံးနဲ့ ဘယ်တော့မှ မရိုးတဲ့ ဖက်ရှင်ပါပဲ။
(၅)     သူမ သူငယ်ချင်းမှတဆင့် ချဉ်းကပ်ခြင်း
          ဒါတွေက ၁၉၉၀ ခုနှစ် လောက်တုန်းကလူတွေ သုံးတဲ့နည်းလမ်းပါ။ ဒီရာစုနှစ်မှာတော့ ဒါတွေအသုံးမ၀င်တော့ပါဘူး။ တကယ်လို့မင်းက သူမအတွက်နဲ့ သူမသူငယ်ချင်းကို အာရုံစိုက် ချဉ်းကပ်မယ်ဆိုရင်တော့ အမျိုးသမီးတွေက ဒီရှုပ်ထွေးတဲ့ သဘောတရားကို သိပ်ခေါင်းရှုပ်ခံ စဉ်းစားနေတော့မှာမျိုး မဟုတ်ပါဘူး။ သူမအနေနဲ့ သူမရဲ့သူငယ်ချင်းကို နှစ်သက်လို့သာ မင်းဒီနေရာ ရောက်နေတာပဲလို့ ရိုးရိုးရှင်းရှင်းပဲ သဘောက်ပေါက်သွားပါလိမ့်မယ်။
(၆)     အလွန်နီးနီးကပ်ကပ် ရှိခြင်း
          တကယ်လို့များ အကြောင်းတစ်စုံတစ်ရာကြောင့် သူမရဲ့ အိပ်ခန်း ၊ ဆိတ်ကွယ်ရာ နေရာမျိုး ရောက်နေတယ်ဆိုပါစို့။ သူမနဲ့ သိပ်မရင်းနှီးသေးခင် အခြေအနေဆိုရင် မင်းရဲ့လက်တွေကို ထိန်းထိန်းသိမ်းသိမ်းနေပါ။ သူမရဲ့ဘယ်လိုတုံ့ပြန်တယ်ဆိုတာကို စောင့်ကြည့်ပြီး အလိုက်သင့်လေးပဲ နေပါ။ တကယ်လို့များ သူမက မင်းကိုစိတ်ဝင်စားကြောင်း အခိုင်အမာပြနေပြီး မင်းရဲ့ လက်ကလေးကို မတော်တဆ ထိလိုက်မယ်ဆိုရင်တော့ ကြင်နာတဲ့ တုံ့ပြန်မှုမျိုး ပြန်ပြဖို့လိုပါပြီ။ ဖြည်းဖြည်းနဲ့ မှန်မှန်သာ တည်ဆောက်ပါ။ လူထူထပ်တဲ့နေရာမျိုးတွေမှာဆို ရုပ်ပိုင်းဆိုင်ရာ ထိတွေ့မှုမျိုးတွေကို ကြင်နာစွာ ရှောင်ကျဉ်ပါ။
ဒီအချက်တွေကို အလေးအနက်ထား လိုက်နာကြည့်မယ်ဆိုရင် မင်းချဉ်းကပ်လိုတဲ့ မိန်းမကောင်းလေးကို ရရှိမှာမလွဲဧကန်ပါပဲ။
Ref:MENSXP
ထက်ဆု
Trend Myanmar
Ref:MENSXP
Wednesday, November 27, 2013
သန်း ၆ဝ ရှေ့က လူတစ်ယောက်၏ ကန့်လန့်ကာနောက်ကွယ်မှ နှလုံးသားဒဏ်ရာ
ဓာတ်ပုံတစ်ခုဟူသည် သမိုင်းဖြစ်သည်။ အထူးသဖြင့် ထိုသမိုင်းသည် သံမဏိအမျိုးသမီးဟု ကမ္ဘာကအမည် နာမတပ် ရသည်အထိ လေးစားကြသော  မြန်မာ့ဒီမိုကရေစီ အရေးအတွက် ဘဝကို ပေးဆပ်မြှုပ်နှံထားခဲ့သည့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့တန်းရောက်ခွင့်မရသော မိသားစုသမိုင်း။ ၁၉၈၇ ခုနှစ် ဇန်နဝါရီလ ၁ဝ ရက်၊ စနေနေ့က မိဘနှစ်ပါးစုံညီစွာ ဖြင့် သားနှစ်ဦးကို ရှင်ပြုအလှူတော်မင်္ဂလာ ကျင်းပခွင့်ရခဲ့သည့်  မှတ်တမ်းဓာတ်ပုံ။ အသံမဲ့ စကားလုံးများက ခံစားတတ်သူတိုင်း၏
နှလုံးသားကို ခပ်ပြင်းပြင်းခေါက်လိုက်သလိုပင်ဖြစ်သည်။
ထိုပုံကို အင်တာနက်ဖေ့စ်ဘွတ်တွင် တင်ခဲ့သူက မစီစီရိုဇာ။ သူက ထိုပုံကို ကျော်ကြားမှုနှင့် အကျိုးမျှော်လင့်ချက် တစ်စုံ တစ်ရာအတွက် တင်ခဲ့ခြင်း မဟုတ်။ ထိုပုံ တင်ဖြစ် ခဲ့ခြင်း တွင် အဓိပ္ပာယ်များစွာ ရှိပြီး ထိုဓာတ်ပုံတွင်လည်း ပြန် လည်တူးဆွစရာသမိုင်းနှင့် ခံစားချက်များစွာရှိပါသည်။
 ”မေမေစု အကြောင်း ဆိုရင် သူ အကျယ်ချုပ်တုန်း က ဆင်းရဲဒုက္ခခံခဲ့ရတာတွေ ပဲ လူတွေက ပြောကြတယ်။ မိသားစုလည်း ဥကွဲ သိုက် ပျက် ဒုက္ခရောက်ခဲ့ရတယ်။ မိသား စုဆိုတာက ပင်လယ် သမုဒ္ဒရာတွေခြားနေရတယ်။ ဒီမှာကျတော့လည်း ယောက်ျားလည်းမရှိ၊ သားတွေလည်းမရှိ၊ အဖေလည်းမရှိ အမေလည်းမရှိနဲ့ မြန်မာပြည်သူ သန်း ၆ဝ အတွက်ပဲ သူနေခဲ့တာပါ။ တကယ်တော့ ဒီပုံတင်တာဟာ ဗိုလ် ချုပ်မို့ မဟုတ်ဘူး၊ ဒေါ်အောင်ဆန်းစုကြည်မို့လို့ မဟုတ်ဘဲ၊ အဲဒါ တွေ ကြားချပြီး လူသားဆန်ဆန်
နှလုံးသားတွေကို ပြချင်တာပါ” ဟု မစီစီက သူပုံတင်ဖြစ်ခြင်း၏ ခံစားချက်ကို ပြောသည်။
သူ့ခံစားချက်က ပြောစရာများသည်။ တကယ်တော့လည်း အမှန်တရားဖြစ်ပါသည်။ ဒေါ်စု၏ ခင်ပွန်းဖြစ်သူက ကင်ဆာ ရောဂါဖြစ်ပွားချိန်တွင် ကျန်းမာရေးအကြောင်းပြ ချက်ဖြင့် ပြည်ဝင် ခွင့်မရခဲ့ချိန်တွင်တော့ စိတ်ဂျုံးဂျုံးကျကာ ကွယ်လွန်ခဲ့ခြင်း ဖြစ် သည်။
ထို့ပြင် ထိုဓာတ်ပုံတွင် ဒေါ်စုက သားဖြစ်သူကို ငေးကြည့်နေ သည့် မျက်ဝန်းများကိုလည်း မစီစီက”ပုံထဲမှာ သားကိုပဲ ကြည့်နေ တာ။ သားကို ဘယ်လောက်ချစ်လဲ ဆိုတာ ပေါ်လွင်နေတာပဲ”ဟု သူ့ခံစားချက်ကို ပြောသည်။
တကယ်တမ်း မစီစီသာမက ဖတ်ဖူးသည့်လူသားတိုင်း စိတ်မကောင်းဖြစ်ရသည်ကNoriko Otsu ၏  Letter for Aung San Su Kyi (မသီတာ-စမ်းချောင်းဘာ သာပြန်) ‘ဒေါ်အောင် ဆန်းစုကြည်အတွက် စာတစ်စောင်’စာအုပ်ထဲမှ ဒေါ်စုက ခင်ပွန်း ဖြစ်သူကို နောက်ဆုံးပြောခဲ့သည့်စကား ဖြစ်သည်။
”အဲဒီစာကိုဖတ်ရတာ စိတ်ထိခိုက်ရတယ်။ အဲဒီမှာရေးတာက ”မိုက်..မင်းနဲ့ငါနဲ့အချစ်ကို ဘယ်သူမှ ရွေ့လျားလို့ မရနိုင်ပါဘူး တဲ့”ဟု မစီစီက သူ့ခံစားဖြင့် မျှဝေပြောပြ သည်။ သူကပင်ဆက်၍ ”ဒီစာအုပ်က  မြန်မာပြည်သားတိုင်း လူတိုင်းဖတ်သင့်တဲ့စာအုပ်ပါ။ ဒီစာအုပ်ကို ဖတ်ရင် နှလုံးသားရှိတဲ့သူငိုမှာပဲ။ မငိုတဲ့သူဟာ နှလုံးသားမရှိတဲ့ သူဖြစ်မှာပါ”ဟုလည်း လှိုက်လှဲစွာဆိုခဲ့သည်။
ထိုဓာတ်ပုံတွင် ခင်ပွန်းဖြစ်သူ မိုက်ကယ်က ဇနီးနှင့် သား များကိုချစ်မြတ်နိုးကာ ဗုဒ္ဓဘာသာထုံးတမ်းစဉ်လာအတိုင်း သံဃာ တော်တွေကို ရှိခိုးကန်တော့ခဲ့သည်ကို လည်း မြင်နိုင်ပြီး ထိုဓာတ် ပုံကို ဒေါ်စု အကျယ်ချုပ်မှ လွတ်မြောက်စဉ်က မစီစီကိုယ်တိုင် ဒေါ်စုထံပေးခဲ့ဖူးပြီး ထိုမှတ်တမ်းများ အယ်လ်ဘမ်နှင့် ရှိသည်ဟု လည်း ပြောခဲ့ သည်ဟု မစီစီက သမိုင်းကို ဖြည့်စွက်ခဲ့သည်။
တကယ်တော့ ဒေါ်အောင် ဆန်းစုကြည်သည်လည်း လူ သားတစ်ဦးပင်ဖြစ်ရာ မြန်မာ ပြည်သူများအတွက် ကြံ့ကြံ့ခံရပ်တည်ရင်ဆိုင်နေသော်လည်း သူ၏နှလုံးသားထဲ လူသားဆန်သော အလွမ်း၊ ဆုံးရှုံးမှုနှင့် မျိုသိပ်ခံစားရခြင်းများလည်း ရှိနိုင်ပေရာ ထိုဓာတ်ပုံကအမှတ်မထင်လှပ်ပြနိုင်ခဲ့ခြင်းပင် ဖြစ်သည်။
 Poppular Myanmar
ရထားလက်မှတ်
ဟိုတလောက ရန်ကုန်ကနေ မန္တလေးသွားမယ်၊ ရထားမစီးဖြစ်တာ ကြာပြီ ဆိုပြီး ရထားလက်မှတ် ၀ယ်တယ်။
 အကောင်းဘက်ကပြောရရင် ရထားလက်မှတ်က ရှေးရှေးတုန်းကလိုပါပဲ၊ ကတ်ထူစက္ကူသေးသေးလေးနဲ့။ 
ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ "နိုင်ငံတော်"ရဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်က မီးရထားနဲ့ မဆိုင်သေးဘူးထင်ပါရဲ့ လို့ ဆိုရမယ်။
ခပ်ညစ်ညစ်ကတ်ထူစက္ကူပေါ် မထင်မရှား ပုံနှိပ်ထားတယ်။ ရက်စွဲ၊ ခရီးသည်အမည်၊ နိုင်ငံသားစိစစ်ရေးကတ် နံပါတ်တွေကို လွတ်တဲ့နေရာမှာ လိုက်ဖြည့်ထားတယ်။
ရထားပေါ်မှာ လက်မှတ်စစ်တွေက လက်မှတ်တောင်းကြည့်ပြီး လက်မှတ်ပေါ် ဟိုဟိုဒီဒီ ခြစ်ဦးမယ်။
အပြောင်းအလဲ မလုပ်ချင်တာ မဟုတ်ပါ၊ စက္ကူချွေတာခြင်းပါ လို့ ဆိုချင် ဆိုနိုင်တာပေါ့။
မြန်မာ့မီးရထားလက်မှတ်က ဒီလိုအခြေအနေ ဖြစ်နေရင် ရထားတွေကရော ဘယ်လိုအခြေအနေ ရှိပါသလဲ။
ကြမ်းပိုးကိုက်တယ်လို့ တယောက်က ဆိုပါတယ်။
ကံကောင်းတယ် ပြောရမလား၊ ကံဆိုးတယ် ပြောရမလား... အဲဒီရထား မစီးဖြစ်လိုက်ဘူး။ ဘူတာဆင်းခါနီးမှမော်လမြိုင်ဘက်ကို အရေးပေါ်သွားစရာကိစ္စတခု ပေါ်လာတယ်။ ဒါနဲ့ပဲ ဒီလက်မှတ်ကို အမှတ်တရ သိမ်းထားမိတာပါ။
ရထားစီးရတာ ကြမ်းပိုးကိုက်မယ်၊ အချိန်ပိုကြာမယ်ဆိုကြပေမယ့် သူ့မှာ အားသာချက်တွေ ရှိပါတယ်။
မြို့ပြင်အဝေးပြေးဂိတ်ကို တကူးတက မသွားရဘဲ မြို့လယ်ခေါင် ဘူတာကြီးကနေ တက်စီးနိုင်တယ်။
မန္တလေးရောက်ရင်လည်း ဘူတာကြီးက မြို့ထဲမှာပဲ ရှိနေသေးတယ်။ ကားကြီးဝင်းလို မြို့ပြင် မဟုတ်သေး။
ပြီးတော့ ကားခထက် ထက်ဝက် သက်သာမယ် - ရိုးရိုးတန်း သစ်သားခုံနဲ့ ဆိုရင်ပေါ့လေ။ ဒါကလည်း အရေးကြီးတယ်။   ချွေတာရေးက အရေးကြီးတယ်။ မီးရထားဝန်ကြီးကလည်း ကျနော့်လိုပဲ ချွေတာရေးသမား ဖြစ်မယ် ထင်တယ်။
ရထားလက်မှတ် ၀ယ်ရခြင်း အကြောင်းရင်း နောက်တခုက  လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်က အကြိမ်ကြိမ် စီးခဲ့တဲ့ ရထားကို သံယောဇဉ်မကုန်သေး၊ ရထားလမ်းရှုခင်း ပျင်းနေအောင် ကြည့်ရတဲ့အရသာကို ပြန်ခံစားကြည့်ချင်လို့ပါ။
ရထားနဲ့သွားရင် ဂျုံးဂျုံးဂျက်ဂျက်သံစုံကို စိတ်ပျက်ဖွယ် ကြားရမှာ သိပေမယ့် ရထားစီးချင်စိတ် မပျောက်သေး။
ရထားစီးရတဲ့ရသစုံကို ခံစားကြည့်ချင်သေး။ လူတွေကို လေ့လာချင်သေး။
အခုတော့ ခရီးက လမ်းကြောင်းပြောင်းသွားတာကြောင့် ရထားလက်မှတ်လေးကိုပဲ လေ့လာနေရပါတယ်။
ဧရာဝတီ
၂၇.၁၁.၂၀၁၃ ရက်နေ့ 7Day Daily သတင်းစုစည်းမှု
Tuesday, November 26, 2013
Monday, November 25, 2013
ပုဒ်မ (၁၈) သည် အခြေခံဥပဒေအား လုံးဝဆန့်ကျင် နေကြောင်းနှင့် ပြစ်ဒဏ်နည်းသောသူများ ထောင်ပြင်ပသို့ ထွက်လျှင် ခြေချင်းခတ်ခြင်းမှာ လူ့ဂုဏ်သိက္ခာကို ချနင်းခြင်းဖြစ်ကြောင်း ဝေဖန်မှုများ ရှိနေ
8.1.1
လက်ပံတောင်းတောင် သပိတ်စခန်း အင်အားသုံးဖြိုခွင်းမှုအပေါ် ဆန္ဒပြမှုကြောင့် ထောင်ဒဏ်ကျခံခဲ့ရ သူများဖြစ်သည့် ကိုမြင့်ကျော်ဦး၊ ကိုဒီငြိမ်းလင်း၊ ကိုမိုးသွေးတို့အား
နိုဝင်ဘာ ၂၅ ရက်က စမ်းချောင်းတရားရုံးတွင် တွေ့ရစဉ် (ဓာတ်ပုံ-ဝေလင်းအောင်)
ငြိမ်းစုစီ ဥပဒေဟု လူသိများသည့် ပုဒ်မ ၁၈၊ ပုဒ်မ ၅၀၅ (ခ) သည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက် ဖြစ်သည့် ပုဒ်မ ၃၅၄ နှင့် လုံးဝဆန့်ကျင်ဘက် ဖြစ်နေသောကြောင့် ထိုဥပဒေအား ပြန်လည်သုံးသပ်ရန် လိုအပ်နေကြောင်း နိုင်ငံရေး တက်ကြွလှုပ်ရှားသူများ၊ နိုင်ငံရေး အကျဉ်းသား ဟောင်းများနှင့် ရှေ့နေများက တညီတညွတ်တည်း ဝေဖန်ပြောကြားလိုက်ပြီး ပြစ်ဒဏ်ချမှတ် ခံထားရသူ တစ်ဦးကို နောက်တစ်မှုကြောင့် ဖြစ်စေ၊ ထောင်ပြောင်းခြင်းကြောင့်ဖြစ်စေ၊ ကျန်းမာရေးအရ ဆေးရုံသို့ တက်ရောက်ကုသခံ နေချိန်တွင်ဖြစ်စေ ခြေချင်းခတ်ခြင်းမှာ အခြေခံ ဥပဒေပါ ပြဋ္ဌာန်းချက်ဖြစ်သည့် ပုဒ်မ ၄၄ (လူ့ဂုဏ်သိက္ခာ ညှိုးနွမ်းသေးသိမ်စေသည့် ပြစ်ဒဏ်ပြဋ္ဌာန်းခွင့် မရှိစေရ) အား ဖောက်ဖျက်နေခြင်း ဖြစ်သည့်အပြင် လူ့အခွင့်အရေးကိုလည်း ချိုးဖောက်နေမှု ဖြစ်ကြောင်း တစ်ဆက်တည်း ဝေဖန်လိုက်သည်။
၂၀၀၈ ဖွဲစည်းပုံ အခြေခံဥပဒေပါ ပုဒ်မ ၃၅၄ တွင် နိုင်ငံသားတိုင်း အနေဖြင့် နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး၊ ရပ်ရွာအေးချမ်း သာယာရေးအတွက် ပြဋ္ဌာန်းထားသည့် ဥပဒေများအား မဖောက်ဖျက်လျှင် ဖော်ထုတ်ပြောဆို ရေးသားဖြန့်ချိခွင့်၊ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် ရှိသည်ဟု ဖော်ပြထားသော်လည်း နည်းဥပဒေအရ ဆန္ဒထုတ်ဖော်လိုသူများ အနေနှင့် ၂၁ ရက် ကြိုတင်စာတင် ရမည်ဖြစ်ပြီး တင်ပြထားသော်လည်း မြို့နယ်အုပ်ချုပ်ရေးမှူးက ခွင့်ပြုချက် မပေးသည့် ဖြစ်စဉ် အများအပြား ရှိသည်ဟု ဆန္ဒပြခဲ့သူများက ပြောကြားကြသည်။ ခွင့်ပြုချက် မရရှိဘဲ ဆန္ဒပြပါက ပုဒ်မ ၁၈ အရ အမြင့်ဆုံး ထောင်ဒဏ်တစ်နှစ် သို့မဟုတ် ငွေဒဏ် သုံးသောင်း သို့မဟုတ် ထောင်ဒဏ်၊ ငွေဒဏ် နှစ်ရပ်လုံး ချမှတ်နိုင်သည် ဟုလည်း သိရသည်။
“မြေနိမ့်ရာ လှံစိုက်သလို မဖြစ်ဖို့ အားလုံးမှာ တာဝန်ရှိတယ်”
 လိင်အလုပ်သမ, HIV, စစ်ဆေးမှု, ယဉ်ကျေးမှု, လိင်ပညာပေး, ပြည့်တန်ဆာ, ကွန်ဒုံး
Marie Stopes International Myanmar မှ Country Director ဒေါက်တာ စစ်နိုင် (ဓာတ်ပုံ – စိုင်းဇော် / ဧရာဝတီ)
မူးယစ်ဆေးဝါးက ခြိမ်းခြောက်နေတဲ့ ကချင်ပြည်
ကချင်, မူးယစ်ဆေးဝါး, ဘိန်းဖြူ, ကျောက်တူးသမား, ဖားကန့်,  မြစ်ကြီးနား
ဘိန်းဖြူ၊ မက်သဖက်တမင်းနှင့် ဘိန်းရှုခြင်း အလေ့အထက မြစ်ကြီးနား၊ ဗန်းမော်နှင့် ဖားကန့် မြို့နယ်များတွင် ကျယ်ပြန့်နေသည် (ဓာတ်ပုံ – Reuters)
Sunday, November 24, 2013
ကျွန်တော်နှင့် နွားဘဝ
ကျွန်တော် မျက်လုံးနှစ်လုံး ဖွင့်ဖွင့်ချင်း မြင်လိုက်ရတာက ကျွန်တော့်ကို စိတ်ဝင်စားစွာ ငုံ့ကြည့်သော ဇနီးနှင့် သားလေး… ကျွန်တော် ၀မ်းသာအားရ အော်ခေါ်လိုက်ချင်ပေမယ့် ပါးစပ်ထဲက ဘာသံမှ ထွက်မလာခဲ့..။ ချစ်နှင့် သားလေးကိုကြည့်ရတာ ကျွန်တော့်ကိုကြည့်ပြီး အတော့်ကို ပျော်ရွှင်နေပုံရသည်…။
"အမေရေ…၊ အထီးလေးဗျ..၊ အထီလေး…ဒီအကောင်ကို သားယူမယ်.."
"အင်း..ဟုတ်တယ်နော်.. စပ်ကြားလေးနဲ့.. ချစ်စရာလေး.."
အလို…၊ ကျွန်တော် ဘယ်ကို ရောက်နေတာလဲ..၊ ကျွန်တော် ဘာဖြစ်နေတာလဲ..? ကျွန်တော် နောက်ဆုံးသိလိုက်တာက ကျွန်တော် ချစ်တို့နဲ့အတူ နေ့လည်စာ ထမင်းစားပြီး အထမှာ မူးကနဲ ဖြစ်ပြီး မေ့လဲသွားခြင်း..၊ အခု.. ကျွန်တော်..ဘယ်ရောက်နေတာလဲ..၊ ကျွန်တော် သေဆုံးသွားခဲ့တာလား….
"ဒီကောင်လေးကို ဘယ်လိုနာမည်ပေးရင်ကောင်းမလဲ…အမေ…"
"ညိုမောင်း လို့ နာမည်ပေးလိုက်မယ်လေ…သားကြိုက်လား"
"ကောင်းတယ်အမေ.. အဖေသာရှိရင် ဒီကောင့်ကို သိပ်သဘောကျမှာဗျ…"
ကျွန်တော် သိလိုက်ပါပြီ..၊ ကျွန်တော် သေဆုံးသွားခဲ့ပါပြီ..၊ ကျွန်တော်ဟာ ကျွန်တော် ချစ်တဲ့ ချစ်ဇနီးနဲ့ သားလေးတို့နဲ့ စည်းတစ်ခု ခြားထားတဲ့ ဘုံဘ၀ တစ်ခုမှာ နွားဘ၀နဲ့ လာဖြစ်နေရပြီလေ…၊ ဒီအချိန်မှာပဲ ကျွန်တော့်ကို မွေးဖွားပေးတဲ့ နွားမကြီးကို ကျွန်တော့်ကို ညှင်သာစွာ လျှာနဲ့လျှက်ပြီး ကိုယ်ပေါ်က အညစ်အကြေးတွေကို ဖယ်ရှားပေးလိုက်သည်။ လူ့ဘ၀က အရက်သောက်..၊ ဖဲရိုက်ပြီး မိသားစုပေါ် တာဝန်မကျေခဲ့တဲ့ကျွန်တော် ဒီဘ၀မှာတော့ နွားဘ၀ နဲ့ ရှေးဘ၀က ၀ဠ်ကြွေးတွေ ဆပ်ရတော့မယ် ထင်ပါရဲ့ဗျာ…။
ကျွန်တော်နွားဘ၀ရောက်နေရပေမယ့် ကံကောင်းတာလေး တစ်ခုတော့ရှိသည်။ သားလေးက ကျွန်တော့်ကို တော်တော်ချစ်သည်..။ အရင်ဘ၀က သားအဖ တော်စပ်ခဲ့တာကြောင့်လည်း ဖြစ်နိုင်သည်။ သားလေးရဲ့ ကျောင်းသွား ကျောင်းပြန်ချိန် စီးတော်ယာဉ်မှာ ကျွန်တော်ဖြစ်ခဲ့သည်။ သားလေးရဲ့ ကစားဖော် ကျွန်တော်သာ ဖြစ်ခဲ့သည်။ ကျောင်းပိတ်ရက်တွေဆို သားလေးက ကျွန်တော့်ကို တောစပ်တွေဆီ ခေါ်သွားတတ်သည်။ သစ်ပင်ရိပ်အောက်မှာ သားလေးနဲ့ အတူတူ အိပ်ခဲ့ရတဲ့ အချိန် အခိုက်အတန့်တွေဟာ ကျွန်တော် လက်ရှိ ဘယ်ဘ၀ရောက်နေလဲဆိုတာကိုတောင် မေ့ပျောက်နိုင်စွမ်းခဲ့သည်။
ချစ်ကတော့ ကျွန်တော်လူ့ဘ၀တုန်းက ကျွန်တော့်ကိုအတော် ချစ်ခဲ့သည်။ ကျွန်တော် ဆိုးသမျှ သည်းခံခဲ့သည်။ ယခုလည်း သူ့ရုပ် သူ့အရွယ်နဲ့ နောက်အိမ် ထောင်ပြုနိုင်သော်လည်း သူစိတ်မ၀င်စားခဲ့..၊ သားလေးနဲ့ ချစ်ရဲ့ ၀မ်းရေးအတွက် လယ်များကို သူရင်းငှားချထားပြီး ဖြေရှင်းခဲ့သည်။ ချစ်ကို ကျွန်တော် မချီးကျူးပဲ မနေနိုင်…..။ တစ်ခါ တစ်ခါ ချစ်သည် အဝေးကို အကြာကြီး ငေးမောနေတတ်သည်။ ကျွန်တော့်ကို လွမ်းနေသည်ဟု အတတ် မပြောနိုင်သော် လည်း ကျွန်တော့်စိတ်က ကျွန်တော့်ကိုသာ လွမ်းစေချင်နေမိသည်။ ထိုအခါမျိုးတွင် ချစ်ကိုကျွန်တော် ပြေးပြီး ထွေးပွေ့ထားချင်မိသော် လည်း ဘ၀ချင်းစည်းခြား နေပြီဖြစ်သည့်အတွက် ကျွန်တော့်မှာ ချစ်ကိုကြည့်ပြီးသာ ၀မ်းနည်းနေရသည်။
ဒီလိုနဲ့ အချိန်တွေ တရွှေ့ရွှေ့ ကုန်ဆုံးမှန်းမသိ ကုန်ဆုံးခဲ့သည်။ နွေ၊ မိုး၊ ဆောင်းတို့ အလီလီပြောင်းခဲ့သည်။ ထို့အတူ ချစ်၊ သားလေးနှင့် ညိုမောင်း ဆိုသော နွားပြာကြီး တစ်ဖြစ်လဲ ကျွန်တော်တို့၏ သံဃောဇဉ်သည်လည်း အတိုင်းအဆမရှိ ရစ်ပတ်ချည်နှောင်မိခဲ့ကြသည်။ သားလေးသည်လည်း အလယ်တန်း ကျောင်းသား ဖြစ်လာသလို ကျွန်တော်သည်လည်း အရွယ်ရောက်သည့် နွားပျိုတစ်ကောင် ဖြစ်လာသည်ပဲလေ…။
ဒီနှစ်…. ချစ်ရဲ့ လယ်တွေ သီးနှံထွက် မကောင်း၊ လယ်များ ပိုးကျသောကြောင့်၊ ရှိသမျှ လယ်တွေ ထုတ်ရောင်းခဲ့ရသည့် အပြင် ကျွန်တော့်ကို မွေးဖွားခဲ့သည့် နွားမကြီး တစ်ရှဉ်းကိုပါ ထုတ်ရောင်းခဲ့ရသည်။ တစ်ခုတော့ရှိသည်။ ချစ်တို့ စီးပွားရေး ဘယ်လောက်ပဲ ကျကျ၊ သူတို့ ကျွန်တော့်ကို ဘယ်တော့မှ ထုတ်ရောင်းလိမ့်မည် မဟုတ်မှန်း ကျွန်တော် ရဲရဲကြီး အာမခံရဲသည်။
တစ်နေ့…...........
"အမေ…၊ ညိုမောင်းကြီးကို မခိုင်းပါနဲ့လားဗျာ…၊ "
"မခိုင်းလို့ မရဘူးသားရဲ့..၊ အမေတို့မှာလည်း ဒီနွားတစ်ကောင်ပဲ ကျန်တော့တာ..၊ သူ့မှ မခိုင်းရင် အမေတို့ ဘာနဲ့စားကြမလဲ.. "
"သား..ထမင်းမစားတော့ဘူးဗျာ…၊ ညိုမောင်းကြီးကိုတော့ သူရင်းငှားတွေ လက်ထဲ မထည့်လိုက်နဲ့.."
"သြော်.သားရယ်.. ညနေဆိုလည်း ကိုယ့်အိမ်ပြန်လာအပ်မယ့်ဟာပဲ..၊ ဘယ်သူမှလည်း မတရားမခိုင်း ပါဘူးကွယ်..၊ နော်..၊ သားက လိမ္မာပါတယ်.."
"………………………….."
ကျွန်တော် ကျေနပ်ပါတယ်..။ သူတို့ပြောနေတာကို ကျွန်တော် နားထောင်ပြီး ပျော်ရွင်နေပါတယ်..။ ကျွန်တော် မနက်ဖြန်ကစပြီး လယ်ထဲမှာ စရုန်းရမှာ ဖြစ်ပေမယ့် သားလေးရဲ့ ကျွန်တော့်အပေါ် ထားရှိတဲ့ မေတ္တာတရားကို ကျွန်တော် တွေ့လိုက်ရသည်လေ..။ ကျွန်တော် ပျော်ပါတယ်ဗျာ..။ အလို….. ကျွန်တော့် ပါးပြင်ပေါ် မျက်ရည်တွေ စီးကျနေပါလား…၊ ကျွန်တော် ငိုနေတာမဟုတ်ပါဘူး..။ ပျော်နေတာပါဗျာ…။
နောက်နေ့ ကျွန်တော့်ကို သူရင်းငှားတွေ လာခေါ်တော့ သားလေးက အိမ်ပေါ်ကို ဆောင့်အောင့်ပြီး တက်သွားခဲ့သည်။ ချစ်ကတော့ ကျွန်တော့်ကို အစာကျွေးဖို့နဲ့ ရေမှန်မှန်တိုက်ပေးဖို့ မှာနေရှာသည်။ ချစ်လည်း ကျွန်တော့်အပေါ် သံဃောဇဉ်ကြီးကြောင်း ကျွန်တော် သိသည်။ ချစ်က ကျွန်တော့် နဖားကြိုးကို ဆွဲပြီး သူရင်းငှား လက်ထဲထည့်ပေးလိုက်သည်။ ကျွန်တော့်ကို ချစ်ဘယ်ထည့်ချင်ပါ့မလဲဗျာ..၊ ကျွန်တော့် မိန်းမအကြောင်း ကျွန်တော်သိတာပေါ့..။
တစ်ကယ်တော့ လယ်ထွန်ရတာ အတော့်ကို မလွယ်တဲ့ အလုပ်ဖြစ်သည်။ အရင်က သားလေးနဲ့ ပျော်ရွှင်စွာ ကြီးပျင်းလာပြီး မိမိကိုယ့်ကို ဘ၀မေ့နေသော ကျွန်တော့်အဖို့ ဒီနေ့သည် ကျွန်တော်သည် နွားတစ်ကောင်ဖြစ်ကြောင်း သင်ခန်းစာပေးလိုက်သည့်နေ့ ဖြစ်တော့သည်။ သူရင်းငှားကလည်း ချစ်မှာသည့် အစာကျွေးဖို့နေနေသာသာ ကြိမ်လုံးနှင့်သာ တဖြောင်းဖြောင်း တွယ်တော့သည်။ ကျောပေါ် တရစပ် ကျနေသော ကြိမ်ချက်များ၊ သူရင်းငှားပါးစပ်မှ အော်မြစ်တောက်တီး ဆဲဆိုသံများ မိမိရဲ့ ပုခုံးပေါ်တွင်တင်ထားသော လေးလံတဲ့ အရာများ..၊ လျှောက်ရန်ပင်ခက်ခဲသော လယ်ထဲမှာ အားသွန် ခွန်စိုက် ရုံးကန်နေရသော မိမိတစ်ကိုယ်လုံး ……..သြော်…. ခံပေအုံးတော့…၊ အရင်ဘ၀က ၀ဠ်ကြွေး တွေ ၀ဠ်ရှိ သမျှတော့ ခံလိုက်ပေအုံးတော့လို့…ကိုယ့်ကိုယ်ကို ဖြေသိမ့်ရင်းနဲ့သာ……။
ညနေ လယ်သိမ်း အိမ်ပြန်တော့ ကျွန်တော့်ခြေလှမ်းတွေ တက်ကြွနေသည်။ ကျောင်းမှ လွှတ်သော ကလေးတစ်ယောက်လို အိမ်ကို အပြေးပြန်ရန် တာစူနေမိသည်။ သူရင်းငှားကတော့ ကျွန်တော့် အမူအရာကို ရိပ်မိသည်ထင့်..။
"သြော်..ညိုမောင်း..၊ အိမ်ပြန်ရတော့မယ်ဆိုတော့ ကြွနေတာပဲ..၊ အလုပ်ထဲမှာကျတော့ လေးတိလေးကန်နဲ့…ငါလုပ်လိုက်ရ…သေတော့မယ်.."
သူရင်းငှားရဲ့ ကြိမ်းမောင်းသံကို ကျွန်တော် ဂရုမပြုအား..၊ ကျွန်တော့်အား စောင့်ကြိုနေမည့် သားလေးရဲ့ မျက်နှာနဲ့ ချစ်ရဲ့ မျက်နှာကို မြင်ယောင်နေမိ သည်။ ကျွန်တော် အိမ်အမြန် ရောက်ချင်လှပြီ..။
ကျွန်တော့်ကို တွေ့တော့ သားလေးက ခြံဝန်းထိပ်က စောင့်နေရာကနေ ပြေးလာသည်။ ပြီးတော့ သူရင်းငှားလက်ထဲက ကြိုးကို လူယူပြီး ကျွန်တော့်ကို ခြံဝန်းထဲဆွဲခေါ်ခဲ့သည်။ ချစ်ကတော့ ကျွန်တော့်ကို ကြည့်ပြီး စိတ်မကောင်းဖြစ်နေပုံရသည်။ သားလေးက ကျွန်တော့်ကို ဆွဲခေါ်သွားပြီး အစာကျွေး၊ ရေတိုက်သည်။
"ရှင်..၊ ညိုမောင်းကို ရိုက်တာလား.."
"အမရယ်..၊ နွားပဲ..၊ ပေကပ်ကြီးလုပ်နေရင် နည်းနည်းပါးပါး မောင်းပေးရမှာပေါ့.."
ချစ်ဘာမှ ပြန်မပြော….၊ အစာစားနေသော ကျွန်တော့်ကျောကို လက်နဲ့ လာသပ်ပေးသည်။ သေချာပါတယ်.. ချစ်ဝမ်းနည်းနေပါလိမ့်မယ်..၊ ဒါပေမယ့် မျက်ရည်တော့ ကျမှာ မဟုတ်ပါဘူး..၊ ချစ်က မျက်ရည်အလွယ်တကူ ကျတတ်တဲ့ မိန်းမမျိုးမှ မဟုတ်တာပဲလေ…၊ ကျေးဇူးတင်ပါတယ် ချစ်နဲ့ သားလေးရယ်..၊ မင်းတို့ နှစ်ယောက်အတွက်နဲ့ဆိုရင် ကိုယ်ဘယ်လောက် ပင်ပန်းပါစေ..။ အရင်ဘ၀က မကျေခဲ့တဲ့ တာဝန်တွေကို ဒီဘ၀မှာ တတ်နိုင်သမျှ ကျေခဲ့ချင်ပါတယ်... မင်းတို့ရဲ့ ခိုင်းနွား တစ်ကောင် အဖြစ်နဲ့ပေါ့လေ…။
ဒီနေ့ ကျွန်တော် အလုပ်လုပ်ရတာ.. လုံးဝ စိတ်မပါ…။ ကျွန်တော့် စိတ်ထဲ တစ်ခုခုဖြစ်နေသည်။  စိတ်ထင့်နေသည်ဆို ပိုမှန်လိမ့်မည်။ တစ်ခုခုဖြစ်တော့မည်ကို ကြိုသိနေသည်။ သူရင်းငှား ကတော့ ပုံမှန်မဟုတ်သော ကျွန်တော့်ကို ကြိမ်ဖြင့် နာနာနှက်ရင်း ဆဲဆိုကြိမ်းမောင်းနေလေတော့သည်။ ဒီနေ့ အဖို့ အရင်နေ့တွေက် အချိန်ကုန်တာ အရမ်းနှေးလှတယ်လို့ ကျွန်တော် ထင်နေမိသည်။
ညနေ လယ်သိမ်းအိမ်ပြန်ချိန်ရောက်တဲ့အထိ ကျွန်တော် စိတ်မကြည်နိုင်သေး..၊ ကျွန်တော် သိသည်။ ကျွန်တော့် သားလေး တစ်ခုခု ဖြစ်နေပြီ..။ သားသမီး တစ်ခုခုဖြစ်ရင် စိတ်ထဲက သိနေတတ်သော မိဘတို့ရဲ့ စိတ်ကလေး ကျွန်တော့်စီမှာ ရှိသည် ထင်သည်။ ကျွန်တော့် သားလေး ဘာမှ မဖြစ်ပါစေနဲ့ ဘုရား..။ ပြုခဲ့သမျှ ကောင်းမှုကြောင့် သားလေး ဘာမှ မဖြစ်ပါစေနဲ့ဘုရား..။ လူ့ဘ၀မှာ ဘုရား တရားမေ့နေတတ် သော ကျွန်တော်သည် နွားဘ၀ရောက်မှ သားလေးအတွက် ဘုရား တ တတ်လေပြီ…။
ထင်သည့်အတိုင်းပင် အိမ်ပြန်ရောက်တော့ သားလေးနဲ့ ချစ်ကို မတွေ့..၊ သူရင်းငှားကတော့ ဘေးအိမ်က လူတွေကို လှမ်းအော်မေးနေသည်။
"နွားအပ်မလို့ဗျို့..၊ ဒီကအမ ဘယ်သွားခဲ့လဲ မသိဘူး.."
"နေ့လည်က ကျောင်းမှာ သူ့သားလေး..၊ ပိုးထိလို့တဲ့..၊ ဆေးပေးခန်း သွားတယ်…"
ကျွန်တော့်ခေါင်းတစ်ခုလုံး ချာချာလည် သွားသည်ထင်သည်။ ကျွန်တော့်မျက်စိထဲ ဘာမှ မမြင်ရတော့..၊ ဘာမှ မလုပ်ရပဲနဲ့ အသက်ရှုမြန်လာပြီး ကျွန်တော့်ရင်ဘတ် အစုံတို့သည် နိမ့်ချည်မြင့်ချည် ဖြစ်လာခဲ့သည်။ သားလေး ပိုးထိတယ်တဲ့..။ ဒီရွာမှာ ပိုးထိပြီဆိုလျှင် ရှင်တဲ့သူက ရှားသည်။ ကလေးဆိုရင် ပိုဆိုးသည်။ ကျွန်တော် ဆက်မတွေးရဲတော့… သူရင်းငှား က ကျွန်တော့်ကို ခြံထဲက တိုင်တစ်တိုင်မှာ ကြိုးချည်ထားခဲ့သည်။ ကျွန်တော် လုပ်စရာ တစ်ခုပဲ ရှိတော့သည်။ သားလေး ဘာမှ မဖြစ်ပါစေနဲ့ဘုရားးး…။
ခဏကြာတော့ ချစ် တစ်ယောက်တည်း အိမ်ပြန်လာသည်။ ချစ်ပုံစံကြည့်ရတာ မျက်နှာမကောင်း၊ ကျွန်တော့် စိုးရိမ်စိတ်တို့ ငယ်ထိပ်သို့ရောက်လာသည်။ သားလေး နေကောင်းရဲ့လား..၊ သားလေး ကျန်းမာရဲ့လား..၊ ဂဏှာမငြိမ် ဖြစ်နေသော ကျွန်တော့်ကို ချစ်တွေ့သော်လည်း ဂရုမစိုက်အားမှန်း ကျွန်တော် သိသည်။ ဘေးအိမ်မှ ဒေါ်ကြီးနဲ့ ချစ်တို့ရဲ့ အပြန်အလှန် ပြောနေတာကို ကျွန်တော် နားစွင့်နေလိုက်သည်။
"မိမော်ရေ..၊ ညည်းသားလေး အခြေအနေ..ဘယ်လိုလဲ..? "
"ခုဆေးပေးခန်းမှာ၊ ဒေါ်ကြီး..၊ သားလေးကို မြို့ဆေးရုံပို့ရမယ်တဲ့..၊ အဲ့ဒါမှ အသက်မှီမှာတဲ့.."
"ဒါဆို..ဆေးရုံပို့ဖို့လုပ်လေ…"
"………"
"ဟဲ့…ငါပြောနေတာ မကြာဘူးလား..၊ ဆေးရုံပို့ဖို့ လုပ်ပါဆို…"
"………."
"ဟဲ့….မိမော်…."
"ဒေါ်ကြီးရယ်..၊ ဘယ်လိုပြောလိုက်တာလဲ…။ ပို့ချင်တာပေါ့တော်… ဒါပေမယ့် ကျွန်မမှာ ပိုက်ဆံက…..….."
"အေး..၊ ဒါတော့ ငါတို့လည်း ဆင်းရဲသားဆိုတော့ အများကြီး မကူနိုင်ဘူး..၊ တစ်ခုတော့ ရှိတယ်..၊ ငါတို့ရွာက အမဲဒိုင်မှာ ညိုမောင်းကြီး ခဏအပ်လိုက်ပါလား..၊ ညည်းပိုက်ဆံရမှ ပြန်ရွေးပေါ့.."
"အို… ညိုမောင်းကြီးတော့ မအပ်နိုင်ပါဘူးတော်..၊….."
"ဟဲ့..၊ အပ်တာဆိုတာ ရောင်းတာမှ မဟုတ်တာ..၊ ညည်းငွေပေါ်ရင် ပြန်ရွေးလို့ရတာပဲဟာကို..၊ ညည်းသားက သေရေးရှင်ရေးနော် မိမော်..သည်း သေချာစဉ်းစား"
"………………."
"အိုအေ…၊ နင်စဉ်းစားမနေနဲ့တော့..၊ လာငါ့နောက်သာလိုက်ခဲ့…"
ပြောပြောဆိုဆို ဒေါ်ကြီးက ကျွန်တော့်ကို ဆွဲခေါ်ပြီး ခြံဝန်းထဲကနေ ဦးဆောင်ထွက်သွားသည်။ ဟုတ်ပါတယ်…။ ဒါအသင့်တော်ဆုံး အကြံဥာဏ်ပါ..။ ဒေါ်ကြီးကို ကျွန်တော့်စိတ်ထဲကနေ လှိုက်လှိုက်လှဲလှဲကို ကျေးဇူးတင်မိပါတယ်..။ ဟုတ်တယ်လေ..။ ကျွန်တော့်ကြောင့် ရတဲ့ ပိုက်ဆံနဲ့ သားလေး အသက်ကို ကယ်နိုင်တော့မည်လေ…..။
"ဘယ်လောက်ယူမှာလဲ…"
"တစ်သိန်းပါ…"
"တစ်လအတွင်း ပြန်မရွေးရင် အဆုံးနော်…"
"………………"
"ဟဲ့..မိမော်..အော်..ညည်းကလဲ..မေးနေတယ်..ပြန်ပြောလိုက်လေ…"
"ဟုတ်…..ဟုတ်ကဲ့ပါ…"
"ကဲ..ရော့… တစ်သိန်း…၊ ဟိုကောင်တွေ လာစမ်းဟေ့…၊ ဒီကောင်ကြီးကို ဟိုးဘက်က ခြံထဲ ထည့်ထားလိုက်…"
ကျွန်တော့် သူ့တို့ ဆွဲခေါ်ရာနောက်ကို အသာတကြည်ပဲ လိုက်ခဲ့လိုက်သည်။ ကျွန်တော် ချစ်ကို တစ်ချက်ကြည့်လိုက်သည်။ ချစ်မျက်ဝန်းမှ မျက်ရည်တို့ စီးကျလာသည်။ ကျွန်တော် အံ့သြသွားသည်။ ချစ်က တော်ရုံ ငိုခဲသည့် မိန်းမမျိုးမဟုတ်..။ ကဲ…ကျွန်တော် မပြောဘူးလား… ချစ်က ကျွန်တော့်အပေါ် သံဃောဇဉ် ကြီးပါတယ်လို့..။
ဒီလိုနဲ့ ခြံထဲမှာ နေရင်း နေ့စဉ်ရက်ဆက် ကျွန်တော် သားလေးအတွက် ဆုတောင်းခဲ့သည်။ ယခုအချိန် သားလေး အသက်ရှင်ဖို့ဆိုရင် ကျွန်တော့် အသက်၊ ကျွန်တော့် ခန္ဓာကိုယ်ကို ပေးဖို့ ကျွန်တော် အသင့်ဖြစ်နေပြီ..၊ သားလေးသည်သာ ကျွန်တော့် ဘ၀..၊ သားလေးသည်သာ ကျွန်တော့် ကမ္ဘာ…..။ သားလေး ကျန်းမာဖို့ အရေးသည်သာလျှင် ဒီအချိန်မှာ အရေးအကြီးဆုံးအရာ..။ ဒါပေမယ့် သေချာပါတယ်..။ ကျွန်တော့် သားလေး ပြန်ကျန်းမာ လာမှာပါဗျာ။ ပြီးတော့ ချစ်နဲ့ သားလေး ကျွန်တော့်ကို ပြန်လာခေါ်ကြလိမ့်မယ်.. ပြီးတော့ အရင်လို ကျွန်တော် သူတို့တွေကို လုပ်ကျွေးမယ်..။ ကျွန်တော် နောက်ဆုံး ထွက်သက်ထိ ချစ်နဲ့ သားလေး ဘေးမှာ နေသွားမယ်…
ဒီနေ့……. ကျွန်တော့်ကို သူတို့ ခြံထဲက ဆွဲထုတ်နေကြသည်။ ချစ်တို့ ကျွန်တော့်ကို ပြန်လာရွေးတာဖြစ်လိမ့်မည်။ ကျွန်တော် မျှော်လင့် စောင့်စားခဲ့တဲ့ နေ့ရက် တို့ ရောက်လာပြီလေ…။ သားလေးနဲ့ တွေ့ရတော့မည်။ ချစ်နဲ့ တွေ့ရတော့မည်။ သို့ပေမယ့် ခြံပြင်ရောက်တော့..၊ ချစ်နဲ့ သားလေးကို ကျွန်တော်မတွေ့….၊
"ဒီကောင်ကြီးကို ကြိုးချည်လိုက်..၊ မြဲအောင်ချည်နော်…. အကောင်ကကြီးတော့ ရုန်းကန်ရင် လွတ်သွားနိုင်တယ်.."
လူလေးယောက်လောက် ကျွန်တော့်ကို တွန်းလှဲပြီး ကျွန်တော့်ရဲ့ ရှေ့ခြေထောက်နှစ်ချောင်းနဲ့ နောက်ခြေထောက် နှစ်ချောင်းကို ပူးတွဲပြီး ချည်လိုက် သည်။ တစ်ခုခုတော့မှားနေပြီ..၊ သူတို့ ဘာလုပ်ကြတာလဲ..၊ ကျွန်တော့်ကို ပြန်လာရွေးမှာလေ..၊ ကျွန်တော့်ကို သူတို့ ပြန်လာရွေးကြမှာ…။
"ဟိုကောင်၊ ခွက်တစ်လုံးယူခဲ့..၊ သွေးခံရအောင်၊ အမဲသွေးခဲတွေက ဈေးကောင်းတယ်…"
အို…ကျွန်တော့်ကို သတ်ကြတော့မှာပါလား..။ ကျွန်တော့်ကို သူတို့ လည်လှီးဖို့ လုပ်နေကြတာပါလား..။  ကျွန်တော် အခုမှ အသိတရားဝင်ပြီး ရှိသမျှ အားနှင့် ရုန်းကန်သည်။ သေရတော့မယ် ဆိုတဲ့ အသိ၊ ချစ်နဲ့ သားလေးတို့ကို ခွဲသွားကြရတော့မယ် ဆိုတဲ့အသိကြောင့် ကျွန်တော် ပိုရုန်းကန်မိသည်။ သို့ပေမယ့် ကျွန်တော့်ကို ဖမ်းချုပ်ထားတာ ဥာဏ်ရည်မြင့်တဲ့ လူတွေလေဗျာ…။ ကျွန်တော် ဘယ်ရုန်းနိုင်ပါ့မလဲ……
"ကဲ..စမယ်…ခြေ လက်တွေကို ချုပ်ထား..၊ တစ်ယောက်က ဂြိုလ်ကို လာကိုင်ထားစမ်း…"
ကျွန်တော် နောက်ဆုံးအချိန်ထိ ချစ်တို့ကို မျှော်နေမိသည်။ သူတို့လာမှာပါ..။ သူတို့ ကျွန်တော့်ကို လာခေါ်ကြမှာပါ..။ ချစ်နဲ့ သားလေးက ကျွန်တော့်ကို အရမ်းချစ်တာမှတ်လား..။ သူတို့ ကျွန်တော့်ကို ဒီလို ဘယ်အဖြစ်ခံပါ့မလဲ..၊ သူတို့လာခေါ်ကြမှာပါ…။
"ဟုတ်ပြီ..၊ သေချာကိုင်ထား..၊ ကဲ..ဓါးသွားယူခဲ့တော့.."
ကျွန်တော့်ကို ကြိုးချည်ထားသည့်အပြင် လူလေးယောက်လောက် ချုပ်ထားတာကြောင့် လုံးဝ လှုပ်လို့မရတော့..၊ ကျွန်တော်လဲလျက်ကပင် ခြံပေါက်ဝ လူဝင်လမ်းကို ချစ်နဲ့သားလေးတို့ လာမလားလို့ မျှော်ကြည့်မိနေသည်။
ဟော.. ပြောရင်း ဆိုရင်း.. လူတစ်ယောက်လာနေပြီ..ချစ်နဲ့ တူလိုက်တာ…. ဟုတ်ပါတယ်…ချစ်ပါ…. မလွဲပါဘူး..၊ အဲ့ဒါ ကျွန်တော့် မိန်းမ ချစ်ပါ..။ ချစ် ကျွန်တော့်ကို ပြန်လာရွေးတာလေ…ကျွန်တော် မသေတော့ ဘူးပေါ့.. ဒါနဲ့ နေပါအုံး… ချစ်က ဘာလို့ ကခုန် နေတာပါလိမ့်..…၊ ပါးမှာလည်း သနပ်ခါးအဖွေးသားနဲ့..၊ နှုတ်ခမ်းနီတွေလည်း ဆိုးလို့၊ ရင်ဘတ်မှာလည်း နို့ဆီဗူးတွေ တို့လို့ တွဲလောင်း……အို…ခေါင်းမှာ ပန်းတွေလည်း ပန်လို့ပါလား..…. သီချင်းတွေလည်း အော်ဆိုလို့…. ဘေးနားမှာလည်း ချစ်ကို လိုက်ဟောင် နေတဲ့ ခွေးတစ်အုပ်…. အို…ဘယ်လိုဖြစ်ရတာလဲ ချစ်ရယ်… ဘာဖြစ်လို့ ဒီလို ဖြစ်သွားရတာလဲ… နေပါအုံး.. ချစ်လက်ထဲမှာ ဘာလေး ကိုင်ထားတာပါလိမ့်…. အိုး… ကလေး အရုပ်လေး တစ်ရုပ်ပါလား…..။
ကျွန်တော် မျက်လုံး မှိတ်လိုက်သည်။ ဓါးသွားနဲ့ ကျွန်တော့် လည်ပင်း သွေးကြောအထိအတွေ့ကို ကျွန်တော်သိသည်။ ကျွန်တော့် လည်ပင်းက သွေးတွေ ပန်းထွက်နေတာ ကျွန်တော်သိသည်။ ကျွန်တော် မရုန်းချင်ပေမယ့် မသိစိတ်ရဲ့ ခိုင်းစေမှုကြောင့် ကျွန်တော့် ခန္ဓာကိုယ်တွေ ရုန်းကန်နေတာ ကျွန်တော် သိသည်။ ဒါပေမယ့် ဒီအချိန်မှာ ကျွန်တော့်အတွက် နာကျင်မှုဆိုတာ မရှိတော့ပါဘူးဗျာ….။ ကျွန်တော် နောက်ဆုံး အချိန်မှာ ဘ၀ကူးကောင်းဖို့ ဘုရားတရားကို အာရုံပြုနေချင်ပေမယ့် မြင်နေရတာက သားလေးနဲ့ ချစ်တို့ရဲ့ ၀ိုးတ၀ါး မျက်နှာ နှစ်ခု..….၊ ကျွန်တော် မငိုပါဘူး..။ ဒါပေမယ့် ကျွန်တော် မျက်ရည်တော့ ကျနေပါလိမ့်မယ်……..
ပြီးအောင် ဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်..။ ကျွန်တော့်စာလေး ဖတ်ပြီး စာဖတ်ရင်ထဲ တစ်ခုခု ခံစားရမယ်ဆိုရင် ကျွန်တော် ရေးရကျိုး နပ်ပါတယ်..။
အောင်ထွန်းဦး