Wednesday, November 27, 2013

ရထားလက်မှတ်

ဟိုတလောက ရန်ကုန်ကနေ မန္တလေးသွားမယ်၊ ရထားမစီးဖြစ်တာ ကြာပြီ ဆိုပြီး ရထားလက်မှတ် ၀ယ်တယ်။
 အကောင်းဘက်ကပြောရရင် ရထားလက်မှတ်က ရှေးရှေးတုန်းကလိုပါပဲ၊ ကတ်ထူစက္ကူသေးသေးလေးနဲ့။ 
 


ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ "နိုင်ငံတော်"ရဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်က မီးရထားနဲ့ မဆိုင်သေးဘူးထင်ပါရဲ့ လို့ ဆိုရမယ်။

ခပ်ညစ်ညစ်ကတ်ထူစက္ကူပေါ် မထင်မရှား ပုံနှိပ်ထားတယ်။ ရက်စွဲ၊ ခရီးသည်အမည်၊ နိုင်ငံသားစိစစ်ရေးကတ် နံပါတ်တွေကို လွတ်တဲ့နေရာမှာ လိုက်ဖြည့်ထားတယ်။
ရထားပေါ်မှာ လက်မှတ်စစ်တွေက လက်မှတ်တောင်းကြည့်ပြီး လက်မှတ်ပေါ် ဟိုဟိုဒီဒီ ခြစ်ဦးမယ်။

အပြောင်းအလဲ မလုပ်ချင်တာ မဟုတ်ပါ၊ စက္ကူချွေတာခြင်းပါ လို့ ဆိုချင် ဆိုနိုင်တာပေါ့။

မြန်မာ့မီးရထားလက်မှတ်က ဒီလိုအခြေအနေ ဖြစ်နေရင် ရထားတွေကရော ဘယ်လိုအခြေအနေ ရှိပါသလဲ။
ကြမ်းပိုးကိုက်တယ်လို့ တယောက်က ဆိုပါတယ်။
ကံကောင်းတယ် ပြောရမလား၊ ကံဆိုးတယ် ပြောရမလား... အဲဒီရထား မစီးဖြစ်လိုက်ဘူး။ ဘူတာဆင်းခါနီးမှမော်လမြိုင်ဘက်ကို အရေးပေါ်သွားစရာကိစ္စတခု ပေါ်လာတယ်။ ဒါနဲ့ပဲ ဒီလက်မှတ်ကို အမှတ်တရ သိမ်းထားမိတာပါ။


 


ရထားစီးရတာ ကြမ်းပိုးကိုက်မယ်၊ အချိန်ပိုကြာမယ်ဆိုကြပေမယ့် သူ့မှာ အားသာချက်တွေ ရှိပါတယ်။
မြို့ပြင်အဝေးပြေးဂိတ်ကို တကူးတက မသွားရဘဲ မြို့လယ်ခေါင် ဘူတာကြီးကနေ တက်စီးနိုင်တယ်။
မန္တလေးရောက်ရင်လည်း ဘူတာကြီးက မြို့ထဲမှာပဲ ရှိနေသေးတယ်။ ကားကြီးဝင်းလို မြို့ပြင် မဟုတ်သေး။
ပြီးတော့ ကားခထက် ထက်ဝက် သက်သာမယ် - ရိုးရိုးတန်း သစ်သားခုံနဲ့ ဆိုရင်ပေါ့လေ။ ဒါကလည်း အရေးကြီးတယ်။   ချွေတာရေးက အရေးကြီးတယ်။ မီးရထားဝန်ကြီးကလည်း ကျနော့်လိုပဲ ချွေတာရေးသမား ဖြစ်မယ် ထင်တယ်။

ရထားလက်မှတ် ၀ယ်ရခြင်း အကြောင်းရင်း နောက်တခုက  လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်က အကြိမ်ကြိမ် စီးခဲ့တဲ့ ရထားကို သံယောဇဉ်မကုန်သေး၊ ရထားလမ်းရှုခင်း ပျင်းနေအောင် ကြည့်ရတဲ့အရသာကို ပြန်ခံစားကြည့်ချင်လို့ပါ။

ရထားနဲ့သွားရင် ဂျုံးဂျုံးဂျက်ဂျက်သံစုံကို စိတ်ပျက်ဖွယ် ကြားရမှာ သိပေမယ့် ရထားစီးချင်စိတ် မပျောက်သေး။
ရထားစီးရတဲ့ရသစုံကို ခံစားကြည့်ချင်သေး။ လူတွေကို လေ့လာချင်သေး။

အခုတော့ ခရီးက လမ်းကြောင်းပြောင်းသွားတာကြောင့် ရထားလက်မှတ်လေးကိုပဲ လေ့လာနေရပါတယ်။

ဧရာဝတီ


0 comments:

Post a Comment