Thursday, November 21, 2013

ဝိုင်းဝန်းထိန်းသိမ်းဖို့ အထူးလိုအပ်နေတဲ့ရုပ်သေး (သို့) မြန်မာ့အမြင့်သဘင်

ရုပ်သေးအမြင့်သဘင်တစ်ခုတွင် အနုပညာရှင်များက ဦးရွှေရိုးနှင့် ဒေါ်မိုးအကကို ပုံဖော်တင်ဆက်နေစဉ်။ ကောင်းထက်/မြန်မာတိုင်း(မ်)ရုပ်သေးအမြင့်သဘင်တစ်ခုတွင် အနုပညာရှင်များက ဦးရွှေရိုးနှင့် ဒေါ်မိုးအကကို ပုံဖော်တင်ဆက်နေစဉ်။ ကောင်းထက်/မြန်မာတိုင်း(မ်)
'ချမ်း..ချမ်း..ချမ်း' ဆိုတဲ့ လင်းကွင်းသံနဲ့ အတူ စင်တိုင်တီးလုံးသံကို ကြားလိုက်တာနဲ့ ရုပ်သေးပွဲ
စတော့မယ်ဆိုတာ သိနိုင်ပါပြီ။ စင်တိုင်တီးလုံး ဆိုတာက ရုပ်သေးကတော့မယ်ဆိုတာ အကြောင်း
ကြားတဲ့ ဆော်ဩတီးလုံးလည်း ဖြစ်ပါတယ်။
အထူးသဖြင့် ပရိသတ်နဲ့ ကပြမယ့်သူများ လူစုတဲ့သဘောလည်း ဖြစ်ပါတယ်။ သူ့နောက်ကလာတဲ့ 
တီးလုံးကား ဗိန်းဗောင်းတီးလုံး။ မီး၊ ရေ၊ လေတို့ကြောင့် ပျက်စီးသွားတဲ့ ကမ္ဘာကြီး အသစ်တစ်ဖန်
ပြန်လည်ဖြစ်တည်လာတယ်ဆိုတဲ့သဘောနဲ့ တီးခတ်တဲ့ တီးလုံးဖြစ်ပါတယ်။
ကမ္ဘာအစမှာ ပေါ်ထွက်လာတဲ့ အာသာဝတီနက္ခတ် (ခေါ်) မြင်းခေါင်းနက္ခတ်ကို ကိုယ်စားပြုတဲ့
အနေနဲ့ နတ်မြင်းက တိမ်ညွန့်များကိုစားနေတဲ့ကဟန်နဲ့ ဘယ်မှညာသို့ ကပါတယ်။ မြင်းရုပ်ထွက်
အပြီးမှာတော့ ကမ္ဘာမြေကြီးပေါ်မှာ သစ်ပင်များပေါက်လာတဲ့သဘောနဲ့ မျောက်နှစ်ကောင်အကနဲ့ 
ထွက်ပါတယ်။
အဲဒီနောက် ဘီလူး၊ ဇော်ဂျီနဲ့ မြိုင်ထနှစ်ပါးသွားပြီးတဲ့နောက် ဇာတ်တော်ကြီးဖြင့် ကပြဖျော် ဖြေပါ
တယ်။ အရုပ်လေးတွေမှာ ခေါင်း၊ ခါး၊ ခြေ၊ လက်တို့ကို ကြိုးတပ်လို့ဆွဲပြီး လူတွေရဲ့ ကဟန်၊ 
သရုပ်ဆောင်ဟန်တို့ကို အတတ်နိုင်ဆုံး တူညီအောင် တုပြီး ဖျော်ဖြေသောပညာရပ်မှာ ရုပ်သေး 
ပညာရပ်ပင် ဖြစ်ပါတယ်။
"အရုပ်ကလေးတွေ ကသေးလို့ ရုပ်သေးလို့ခေါ်တာ။ ဘယ်တော့မှကြီးမလာဘူးလေ။ ရှင်းရှင်းလေး
ပါပဲ" လို့ ရုပ်သေးပညာရပ်များကို နိုင်ငံ တကာမှာ သွားရောက်ကပြဖျော်ဖြေနေတဲ့ ထွေးဦးမြန်မာ
ရုပ်သေးအဖွဲ့မှ ဦးခင်မောင်ထွေးက ဆိုပါတယ်။
မြန်မာရုပ်သေးသဘင်ဟာ အလွန်ကိုမှ စည်းကမ်းကလနားကြီးတဲ့ သဘင်မျိုးဖြစ်ပြီး ကပြမယ့်
သဘင်စင်ကိုလည်း အစဉ်အလာအတိုင်း ဆောက်လုပ်ရတာဖြစ်ပါတယ်။
ရှေးယခင်က ရုပ်သေးကြိုးဆွဲကပြရာမှာ ယောက်ျားများသာ ကပြဖျော်ဖြေခွင့်ရှိခဲ့သလို ရုပ်သေးရုပ်
တွေကိုလည်း ကြိုးဆွဲသူများကိုယ်တိုင် ပင် ပြုလုပ်ကြတာဖြစ်ပါတယ်။ ရုပ်သေးရုပ်စုံသဘင်ကို 
အမြင့်သဘင်၊ ဇာတ်ကို အနိမ့်သဘင်လို့ ခေါ်ဆိုခဲ့ကြပြီး ရုပ်စုံသဘင်ဟာ အခက်ဆုံး၊ အနက်ဆုံး၊
အရင့်ဆုံးလို့ ပညာရှင်တွေက သတ်မှတ်ခဲ့ကြပါတယ်။
ရုပ်သေးကြိုးဆွဲပညာရှင်၊ ဆိုငိုပြောအတတ်ပညာရှင်၊ အတီးပညာရှင်တို့နဲ့ ပါဝင်ဖျော်ဖြေရပြီး
ကြည့်ရှုတဲ့ပရိသတ်ကို အသံနဲ့ ဆွဲဆောင်နိုင်ဖို့ကလည်း အရေးပါတာမို့ သုံးကိုယ့်တစ်စိတ်ပညာရပ်
လို့လည်း သုံးနှုန်းကြပါတယ်။
ခုအချိန်မှာတော့ ရုပ်သေးပညာရပ်ရဲ့ ရှေးကျလှတဲ့ တချို့အစိတ်အပိုင်းတွေမှာ ပျောက်ဆုံးလုနီးပါး
ဖြစ်နေပြီး လူမျိုးခြားတွေအနေနဲ့ မြန်မာပြည်ကို လာရောက်လည်ပတ်စဉ်မှာ ရုပ်သေးပွဲသွားရောက်
ကြည့်ရှုဖို့ စိတ်ဝင်စားမှုရှိကြပေ မယ့် မြန်မာလူမျိုးတွေကြားမှာတော့ ခေတ်သစ်အနုပညာဖျော်ဖြေပွဲ
တွေကသာ နေရာယူထားကြပြီဖြစ်ပါတယ်။
"အရင်ကဆို ဘုရားပွဲတွေမှာ မြန်မာ့ရုပ်သေးက မပါမဖြစ်အရာပါ။ ခုတော့ တစ်နိုင်ငံလုံးမှာ ရွှေစာရံ
ဘုရားပွဲနဲ့ သန်လျင်က ကျိုက်ခေါက်ဘုရားပွဲနှစ် ပွဲမှာပဲ မြန်မာ့ရုပ်သေးကို ကြည့်လို့ရတော့တယ်။
အဲဒါတွေကလည်း ဗလာပွဲတွေပါ။ ပိုက်ဆံနဲ့ဆိုရင် မြန်မာတွေက မြန်မာ့ရုပ်သေးကို မကြည့်ကြဘူး"
လို့ ဦးခင်မောင်ထွေးက ပြောပါတယ်။
မြန်မာရုပ်သေး ရေရှည်တည်တံ့ဖို့ အတွက် မြန်မာရုပ်သေးပညာရှင်များ ရပ်တည်နိုင်တဲ့ ဈေးကွက်
အနေအထားလိုအပ်နေပြီး ဒီလိုရရှိဖို့အတွက်ကိုလည်း နိုင်ငံခြားသားများထက် ပြည်တွင်းက
ဒေသခံများ ဒီအနုပညာအပေါ် ပြန်လည်စိတ်ဝင်စား အားပေးလာအောင် လှုံ့ဆော်ပေးရမှာ
ဖြစ်ပါတယ်။
ဒီအတွက် ရုပ်သေးပညာရှင်တွေ အနေနဲ့လည်း တီထွင်ဆန်းသစ်မှုတွေပြုလုပ်ကြဖို့ လိုအပ်နေပါ
တယ်။ ထူးခြားရုပ်စုံအမြင့်သဘင်မှ ကြိုးဆွဲခေါင်းဆောင် ဦးမျိုးမင်းအောင်က "ကျွန်တော်တို့ 
အရင်က သေတ္ထိသေန သမ္ဗူလဇာတ်ကတုန်းက မင်းသမီး အရုပ်က အသီးကောက်တဲ့ပုံစံ ထည့်ပြီး
ကတယ်။ အရုပ်က လက်ထဲမှာ တံချူနဲ့ သစ်ပင်ပေါ်ကအသီးကို ထိုးပြီးခူးတဲ့ဟန် ကတယ်။ ပြီးတော့
အသီးကပြုတ် ကျ။ အဲဒါကို ပြုတ်ကျတဲ့အသီးကို အရုပ်က လက်နဲ့ကောက်ပြီး ခြင်းထဲထည့်တဲ့ 
ပုံလုပ်လိုက်တော့ ပရိသတ်က အရမ်း သဘောကျကြတယ်။ အရုပ်က အသီးကို လှမ်းကောက်ပြီး
ခြင်းထဲထည့်တယ်ပေါ့။ ကျွန်တော်တို့ကတော့ ပရိသတ်ကြိုက်အောင် ထွင်ရတာပေါ့ဗျာ"လို့
ပြောပါတယ်။
မျိုးဆက်သစ်များမှာလည်း ရုပ်သေး ပညာရပ်ကို အသက်မွေးဝမ်းကျောင်း ဆိုင်ရာအဖြစ် ရွေးချယ်မှု
နည်းပါးနေ သေးတယ်လို့ ဦးခင်မောင်ထွေးက ဆိုပါတယ်။
"အရင်က အဖွဲ့ထဲမှာ ယဉ်ကျေးမှု တက္ကသိုလ်ကျောင်းဆင်းနှစ်ယောက် ရှိတယ်။ ယူအေအီးနိုင်ငံ မှာ
သွားဖျော်ဖြေကြတော့ ဟိုက လူတွေ နဲ့တွေ့ပြီး ယူအေအီးမှာ အလုပ်လုပ်ဖို့ သူတို့နှစ်ယောက်ကို 
တိုက်တွန်းကြတယ်။ အဲဒါနဲ့ နောက်တော့ သူတို့ လည်း အဖွဲ့ထဲကထွက်ပြီး ဟိုမှာသွား အလုပ်လုပ်
ကြတယ်။ ကလေးတွေကိုလည်း အပြစ်မတင်ချင်ပါဘူး။ သူတို့လည်း သူတို့အတွက် ပိုက်ဆံပိုရမယ့်
အလုပ်အတွက် စိတ်ချရတဲ့နေရာကို သွားချင်မှာပါ"လို့ ဆိုပါတယ်။
ဈေးကွက်အခြေအနေအရ ရုပ်သေး သဘင်ရပ်တည်မှု ခက်ခဲနေတဲ့အပြင် ခုနောက်ပိုင်းမှာ ရုပ်သေး
စည်းကမ်းများကို မလိုက်နာကြတော့တာကြောင့်လည်း ရှေးကတည်းက ချမှတ်ထားခဲ့တဲ့ ရုပ်သေး
သဘင်ရဲ့ စည်းမျဉ်းစည်းကမ်းများမှာလည်း တဖြည်းဖြည်းနဲ့ တိမ်ကောလာနေပြီဖြစ်ပါတယ်။
"အရင်က ရုပ်သေးလုပ်တော့မယ်ဆိုရင် ရမနေသားနဲ့ပဲ လုပ်လေ့ရှိတယ်။ သူက ကျွန်းလိုပဲ 
ခိုင်တယ်။ ဒါပေမဲ့ မလေးဘူး။ ရေငွေ့စုပ်တဲ့ သဘောတော့ ရှိတယ်။ အပြင်မှာ မိုးရွာရင် သူက
စိုထိုင်းထိုင်း ဖြစ်တယ်။ ရမနေကို တော်ဝင်သားဆိုပြီးလည်း သတ်မှတ်ကြတယ်။ ခုတော့
သစ်မျိုးစုံနဲ့ လုပ်လာကြတယ်"လို့ ဦးမျိုးမင်းအောင်က ဆိုပါတယ်။
ရုပ်သေးမှာ သစ်သားကို ထုလုပ်ရခြင်းမဟုတ်ဘဲ သစ်သားကို ထွင်းပြီး လိုရာအရုပ်ကို ပုံဖော်ရတာ
ဖြစ်ပါတယ်။
အဲဒီနောက်မှာမှ ရုပ်သေးကိုယ်ပေါ်မှာ ၀တ်ဆင်မယ့် အ၀တ်အစားအတွက် ဘော်ကြယ်ထိုးတာ၊ 
ချုပ်လုပ်တာနဲ့ ရုပ်သေးရဲ့ မျက်နှာပိုင်း ဆေးခြယ်တာတွေကို ပြုလုပ်ရတာ ဖြစ်ပါတယ်။
အဲဒါကြောင့် ရုပ်သေးကို အရုပ်ပြုလုပ်ခြင်းကစပြီး ကပြဖျော်ဖြေသည်အထိ အစမှအဆုံး အနုပညာ၊ 
ယဉ်ကျေးမှုတို့ ပါဝင်နေတဲ့ ပညာရပ်တစ်ခုအဖြစ် သတ်မှတ်ထားကြတာဖြစ်ပါတယ်။
"ရုပ်သေးပညာရပ်က အစဉ်အလာကြီးတဲ့၊ စည်းကမ်းကြီးတဲ့ ပညာရပ်ပါ။ နောက်ပိုင်းလူတွေက
သိပ်ဂရုမထားကြတော့ဘူး။ နိုင်ငံခြားသားတွေ စိတ်ဝင်စားကြတော့ တချို့နေရာတွေမှာဆို အရုပ်
တစ်ရုပ်ကို ဆိုင်းမပါ၊ နောက်ခံ လက်တန်းမပါ၊ ကြမ်းပြင်ပေါ်မှာ ကပြတာမျိုးတွေ မြင်ရရင် 
စိတ်မကောင်းဘူး။ နိုင်ငံခြားသားတွေက မြန်မာ့ရုပ်သေးကို ဒီလိုအဆင့်ပဲ ရှိတယ်လို့ ထင်သွားမှာ
စိုးတယ်။ ကပြရင်လည်း ကျကျနန စင်မြင့်နဲ့ ကပြစေချင်တယ်။ ကျွန်တော်တို့ကတော့ ဘယ်သူ့ကို
ဖြစ်ဖြစ် နိုင်ငံရပ်ခြား သွားကပြရင်ပဲ ဖြစ်ဖြစ် မြန်မာ့ရုပ်သေးရဲ့ အစဉ်အလာတွေ၊ စည်းကမ်းတွေကို
သေချာအောင် ပြောပြတယ်"လို့ ဦးခင်မောင်ထွေးက ပြောပါတယ်။
မြန်မာ့ရုပ်သေး မတိမ်ကော မပပျောက်ရန် "ခုအခြေအနေအတိုင်းဆိုရင် တစ်ချိန်ချိန်မှာ ဒီပညာရပ်
က တိမ်ကောသွားနိုင်တယ်။ ရုပ်သေးပညာရပ်သာ ပျောက်သွားမယ်ဆိုရင် မြန်မာ့အနုပညာနဲ့ 
ယဉ်ကျေးမှုအတွက် အရမ်းနှမြောဖို့ကောင်းတယ်။ ထိန်းသိမ်းဖို့ကတော့ ပညာရှင်တွေ၊ ပုဂ္ဂလိကနဲ့ 
အစိုးရမှာပါ တာဝန်ရှိတယ်"လို့ ဦးမျိုးမင်းအောင်က ပြောပါတယ်။
ဦးခင်မောင်ထွေးက ရုပ်သေးသဘင်ကို ထိန်းသိမ်းမြှင့်တင်ရေးနဲ့ပတ်သက်ပြီး "တီထွင်ဆန်းသစ်နိုင်
ရင် မြန်မာလူမျိုးတွေလည်း ကြည့်လာကြမှာပါ။ တချို့မိဘတွေဆို သူတို့သားသမီးတွေကို ပြချင်လို့ 
ရုပ်သေးပွဲဘယ်မှာရှိလဲ လာမေးတာမျိုး ရှိတယ်။ ဗီယက်နမ်က ရေပေါ်ရုပ်သေးဆိုရင် နိုင်ငံတကာက 
လက်ခံတယ်။ နာမည်ကြီးတယ်။ ကျွန်တော်တို့ကတော့ ပြချင်ပေမယ့် တချို့အနေအထားတွေမှာ
နောက်က လိုက်မလုပ်နိုင်တာတွေ ရှိတယ်။ အစိုးရက အခုထက်ပိုပြီး အာရုံစိုက်ပံ့ပိုးပေးစေချင်
တယ်"လို့ ပြောပါတယ်။
မြန်မာ့ရုပ်သေးပညာရပ်မှာ မြန်မာတို့ရဲ့ အနုပညာနဲ့ ယဉ်ကျေးမှုအဆင့်အတန်းကို ဖော်ပြနေပေမယ့်
လည်း လတ်တလောမှာတော့ မြန်မာ့ရုပ်သေးရဲ့ ရှေ့အလားအလာမှာ တိမ်ကောပပျောက်သွားမှာ
ကို စိုးရိမ်နေရတဲ့ အနေအထားမှာ ရောက်ရှိနေတာ ဖြစ်ပါတယ်။

Myanmar Times

0 comments:

Post a Comment