Monday, November 18, 2013

ချစ်ကြည်ရေးပွဲမှာ လူငယ်တွေ ထိုးကြိတ်ကြခြင်း

မနေ့ကမဲဆောက်မှာ ကျင်းပတဲ့ ထိုင်း-မြန်မာချစ်ကြည်ရေး တန်ဆောင်တိုင်မီးမျှောပွဲ(လွိုင်းကထုံး)ပွဲမှာ မြန်မာနဲ့ထိုင်း လူငယ်တွေ ၅ ကြိမ်ထက်မနည်း ထိုးကြိတ်ကြလို့  နှစ်ဖက်လူငယ်တွေ ထိခိုက်မှုတွေဖြစ်ခဲ့ကြပါတယ်။



မနေ့ညက မဲဆောက်မှာကျင်းပတဲ့ ချစ်ကြည်ရေးမီးမျှောပွဲ (ဓာတ်ပုံများ - မန်းမျိုးမြင့်)

 မြန်မာအဆိုတော်တွေ ဖျော်ဖြေနေတဲ့ မဲဆောက်မြူနီစပါယ်ဘောလုံးကွင်းမှာ ၃ ကြိမ်နဲ့ မဲဆောက်ကမ်းနားကပွဲမှာ ၂ ကြိမ်ဖြစ်ပွားခဲ့ကြတာပါ။
 အသေအပျောက်တော့ မရှိဘူးလို့ ပွဲကျင်းပရေးကော်မတီကပြောပါတယ်။

လူစည်ကားတဲ့ပွဲ နဲ့ ရန်ဖြစ်ထိုးကြိတ်ကြခြင်းက ဒွန်တွဲနေတတ်တယ်မဟုတ်လား။
ရှေးရှေးကလည်း ဒွန်တွဲကြ၊ နောင်လည်း ဒွန်တွဲနေကြဦးမယ်လို့ ယူဆရပါတယ်။
ပွဲတော်က ချစ်ကြည်ရေးအတွက် ဆိုပေမယ့် ဒါက လူကြီးတွေအချင်းချင်း သတ်မှတ်ထားကြတာပါ။ 
လူငယ်တွေကတော့  ပွဲဟာ ပွဲပါပဲ။ ပျော်မယ် ပါးမယ် ဆိုပါစို့။ ခြေမြန်လက်မြန် စိတ်မြန်သူတချို့ကတော့ ထစ်ခနဲရှိ ထိုးမယ်ကြိတ်မယ် ဆိုပါစို့။

ရန်ပွဲတွေက ကင်မရာရှေ့မှာ လာဖြစ်တာ မဟုတ်လို့ မှတ်တမ်းမတင်လိုက်နိုင်တာကိုတော့ ခွင့်လွှတ်ကြပါ။



ချစ်ကြည်ရေးအမည်တပ်ထားတဲ့ ဒီပွဲကိုနှစ်စဉ် မဲဆောက်ရောက်မြန်မာပြည်သားငါးသောင်းလောက် ဆင်နွဲကြပါတယ်။

လူများတဲ့အတွက် နေရာ ၅ ခုလောက်ခွဲပြီး ကျင်းပခဲ့ရတာပါ။
 ချစ်ကြည်ရေးတန်ဆောင်တိုင်မီးမျှောပွဲကို ထိုင်းနဲ့မြန်မာ အများစုကတော့ နှစ်နိုင်ငံနယ်ခြား သောင်းရင်းမြစ်ထဲမှာဘဲ မီးကြာခွက်တွေမျှောခဲ့ကြပါတယ်။

 ဒီပွဲတော်ကို ထိုင်းနဲ့မြန်မာရိုးရာယဉ်ကျေးမှု အကတွေအပြင် ထိုင်း-မြန်မာခေတ်ပေါ် တေးဂီတအဖွဲ့တွေလည်း မဲဆောက်မြို့မှာ တင်ဆက်ခဲ့ကြပါတယ်။
 ထိုင်း-မြန်မာနယ်စပ်မှာ ပြုလုပ်တဲ့ပွဲတော်တွေထဲမှာ တန်ဆောင်တိုင်မီးမျှောပွဲကတော့ အစည်းကားဆုံး ပွဲတော်ဖြစ်တယ်လို့ ပွဲတော် ကျင်းပတဲ့ မဲဆောက်မြူနီစပါယ် ဥက္ကဌကပြောပါတယ်။

  
























ဧရာဝတီ

1 comments:

  1. သူတို့ပုံတွေကျတော့တင်တတ်ကျတယ်

    ReplyDelete