Wednesday, February 10, 2016

AA လက်နက်အဝယ်တော်နှင့် ဆက်နွှယ်သူထံမှ မူးယစ်ဆေးဝါး၊ ကျည်ဆန်နှင့် ဖောက်ခွဲရေးပစ္စည်းများ ဖမ်းမိ

တာမွေမြို့နယ်တွင် ဖမ်းမိခဲ့သည့် AAမှ လက်နက်အဝယ်တော် ဒုဗိုလ်မှူးကြီးဟုဆိုသူနှင့် ဆက်နွှယ်သည့် အသက် ၃၃နှစ် အရွယ် အမျိုးသား၏နေအိမ်များထံမှ ကျပ်သိန်း တစ်သောင်းခြောက်ထောင်ကျော်ဖိုး ရှိသော စိတ်ကြွဆေးပြားများ၊ ပီနံအိတ်ဖြင့် ထုပ်ပိုးထားသည့် ကျည်ဆန်ကျည်ကတ်များနှင့် ဖောက်ခွဲရေး ပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများကို ဖမ်းမိခဲ့ကြောင်း ရဲအသိုင်းအဝိုင်းထံမှ စုံစမ်းသိရှိရ သည်။

AA လက်နက်အဝယ်တော်ဟုဆိုသူနှင့် ဆက်နွှယ်သူဟုဆိုသူ အသက် ၃၃နှစ်အရွယ် ဦးဝေသာထွန်း(ခ) မျိုးဇော်နေထိုင်သည့် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၄၂) ရပ်ကွက်၊ ကင်းဝန်(၄)လမ်းရှိ နေအိမ်ကို ဖေဖော်ဝါရီလ ၉ရက် မွန်းလွဲ ၁နာရီက ရဲတပ်ဖွဲ့ဝင်များဝင်ရောက်ရှာဖွေခဲ့ရာ ပြောက်ကျားရောင် ယူနီဖောင်းများ၊ စစ်အသုံးအဆောင်ပစ္စည်းများ နှင့်အတူ ဆက်သွယ်ရေးသုံး ပစ္စည်းများကို သိမ်းဆည်းရမိခဲ့ ကြောင်း ယင်းမြို့နယ် ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရှိရသည်။

“နေအိမ်ထဲ ပစ္စည်းတွေ သိမ်းဆည်းရမိခဲ့ပေမယ့် လူကို မမိခဲ့ဘူး။ မြောက်ဥက္ကလာပ(ဈ)ရပ်ကွက်မှာ သူ့အိမ်ရှိတယ် သတင်းရတာကြောင့် အဲ့ဒီနေ့ ညနေမှာပဲ သွားစုံစမ်းခဲ့ပြီးသူအပါအဝင် သူ့မိသားစုဝင် သုံးယောက်ကို ဖမ်းမိခဲ့တယ်။ ဖမ်းဆီးစစ်ဆေးရာကမူးယစ်ဆေးဝါးနဲ့ လက်နက်ခဲယမ်းတွေကို မြောက်ဥက္က လာနဲ့ လှိုင်သာယာက သူ့အိမ်နှစ်လုံးမှာ ထပ်မံ သိမ်းဆည်းရမိခဲ့ပါတယ်”ဟု ရန်ကုန်အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။မြောက်ဥက္ကလာပမြို့နယ်၊ (ဈ)ရပ်ကွက်၊ ဘုမ္မာ(၂)လမ်းရှိ ဦးဝေသာထွန်း(ခ) မျိုးဇော်၏နေအိမ်ကို ဖေဖော်ဝါရီလ ၁ဝရက် နံနက် ၉နာရီက ဝင်ရောက်ရှာဖွေခဲ့ရာ ကျပ် သိန်း ၁၆၅၄ဝ ဖိုး ရှိ WY နှင့် R စာတမ်းပါ စိတ်ကြွဆေးပြား ၃၃ဝ၈ဝဝကို သိမ်းဆည်းရမိခဲ့ကြောင်း မြောက်ဥက္ကလာပမြို့နယ် ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။ ယင်းနောက် မွန်းလွဲ ၁နာရီခွဲတွင် လှိုင်သာယာမြို့နယ် အတွင်း ပဒံကျေးရွာ၊ ရွှေကမ်းသာယာအိမ်ရာဝင်းရှိ ဦးဝေသာထွန်း(ခ) မျိုးဇော်ပိုင်သည့် နေအိမ်တစ်လုံးကို ဝင်ရောက်ရှာဖွေခဲ့ရာ ပီနံအိတ်တစ်လုံးဖြင့် ထုပ်ပိုးထားသည့်လေ့ကျင့်ရေး ကျည်ဆန်၊ လက်နက်ကြီး ကျည်ဆန်နှင့် ယမ်းထုတ်များကို ထပ်မံ သိမ်းဆည်းရမိခဲ့ကြောင်း ရဲအသိုင်းအဝိုင်းထံမှ စုံစမ်းသိရှိရသည်။

“သူရယ် သူ့ဇနီး သူ့ယောက္ခထီးတို့ကို ဖမ်းဆီးစစ်ဆေးနေတယ်။ AA အဖွဲ့ဝင်လို့ လတ်တလောသိထားပြီး သူတို့အဖွဲ့နဲ့ ဆက်နွယ်နေသူတွေကို ထပ်မံဖမ်းဆီးနိုင်ဖို့ စစ်ဆေးနေတယ်။ သတင်းအသေးစိတ်ကို ထုတ်ပြန်လို့ မရသေးဘူး” ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။ ဖေဖော်ဝါရီလ ၆ ရက် နံနက် ၂နာရီက တာမွေမြို့နယ်၊ ဦးထွန်းမြတ်လမ်းရှိ Victoria International School ရှေ့တွင် ရပ်ထားသော မော်တော်ယာဉ်ပေါ်မှ လက်နက်ခဲယမ်းများ၊ နိုင်ငံသားစိစစ်ရေးကတ်ပြား အတုများဖြင့် ဖမ်းမိခဲ့သည့် အသက် ၂၆ နှစ်အရွယ်ရှိ AAမှ ဒုတိယ ဗိုလ်မှူးကြီးဟုဆိုသူ ကိုအောင်မြတ် ကျော်(ခ) ညီညီစိုး(ခ) မင်းခန့်(ခ) ညီညီကို စစ်ဆေးခဲ့ပြီးနောက် အဆိုပါ မူးယစ်ဆေးဝါး၊ ကျည်ဆံနှင့် ဖောက်ခွဲရေးပစ္စည်းများနေအိမ်သုံးလုံးတွင် သိုဝှက်ထားသည့် ဦးဝေသာထွန်း (ခ) မျိုးဇော်ကို ဖမ်းမိခဲ့ ကြောင်း ရဲအသိုင်းအဝိုင်းထံမှ သိရှိရသည်။

The Voice Weekly

0 comments:

Post a Comment