Tuesday, February 2, 2016

ဒေါ်အောင်ဆန်းစုကြည်ကိုတော့ ယုံပါတယ်၊ ဒါပေမယ့်လည်း ရှေ့မှာမှုန်မှုန်မှိုင်းမှိုင်းကြီးပါ


အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို ယုံကြည်ပေမယ့်လည်း ပြည်ထောင်စုပါတီလို့ ဆိုကာ ရှေ့ဆက်နေဦးမည် ဆိုပါက တိုင်းရင်းသား ပါတီငယ်များကို ဖျက်ပစ်သလို ဖြစ်မှာကို စိုးရိမ်စရာ ရှိတယ်လို့ ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်က The Messenger Media ကို ပြောပါတယ်။''အယောင်ပြ ပြီးတော့မှ ပြည်ထောင်စုပါတီ ဆိုတာလေးတွေနဲ့ ရှေ့ဆက်သွားရင်၊ တိုင်းရင်းသားတွေရဲ့ အရေးကို ရအောင် ဆောင်ရွက်နိုင်တဲ့ အခြေအနေ ပေါ်လာရင်တော့ တိုင်းရင်းသား ပါတီတွေကို ဖျက်ပစ်ရမှာပေါ့ဗျာ။ အဲဒီလို ယုံကြည်မှု အခုထိ မတွေ့သေးလို့ပါ။ ဒေါ်အောင်ဆန်းစုကြည် ကိုတော့ ယုံပါတယ်။ သို့သော်လည်း တွေ့ရတာ ကျွန်တော်တို့က ရှေ့မှာ မှုန်မှုန်မှိုင်းမှိုင်းကြီးပါပဲ။ တိုင်းရင်းသား ပါတီငယ်လေးတွေ မပြိုပျက်ဖို့ အတွက် ပြည်မပါတီကြီးတွေမှာ တာဝန်ရှိပါတယ်'' လို့ ဒေါက်တာ အေးမောင်က ပြောပါတယ်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို ယခုအထိ ထောက်ခံပြီး ၎င်းတို့ရဲ့ ရပ်တည်ချက်ကို ကြိုက်နှစ်သက်ကြောင်း၊ ဒါပေမယ့်လည်း တိုင်းရင်းသားပါတီတွေရဲ့ အသက်ရှင်ရေးကို ပြည်ထောင်စုပါတီ ဆိုတာကြီးထဲက မကြည့်စေလိုကြောင်း ဒေါက်တာ အေးမောင်က ဆိုပါတယ်။ NLD ပါတီရဲ့ ရပ်တည်ချက်ကို သဘောပေါက်ပြီး အတူတကွ ပူးပေါင်း ဆောင်ရွက်လိုသောစိတ် ရှိနေကြောင်း၊ တိုင်းရင်းသား ပါတီတွေကို တိုင်းရင်းသား ပါတီတွေထဲက မျက်လုံးများနဲ့ ကြည့်စေလိုတယ်လို့ ဒေါက်တာအေးမောင်က ဆိုပါတယ်။

ပြည်နယ် ၀န်ကြီးချုပ်နေရာနဲ့ ပြည်နယ် အစိုးရအဖွဲ့တို့ကို ဦးဆောင် ဖွဲ့စည်းခွင့် မရပါက အစိုးရ အဖွဲ့အစည်းမှာ လုံးဝပါဝင်တော့မှာ မဟုတ်ဘဲ အတိုက်အခံပါတီ အနေနဲ့သာ ရပ်တည် သွားတော့မယ်လို့ ဇန်န၀ါရီလ (၁၉) ရက်နေ့မှာ ရခိုင်အမျိုးသားပါတီက ကြေညာချက် တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။ အစိုးရအဖွဲ့မှာ ပါဝင်မယ့် ရခိုင်အမျိုးသား ပါတီဝင်တွေဟာ ပါတီက နုတ်ထွက်ရမှာ ဖြစ်တယ်လို့လည်း ရခိုင်အမျိုးသားပါတီ တာဝန်ရှိသူတွေက ပြောဆိုထားပါတယ်။

ရခိုင်အမျိုးသား ပါတီဝင် တစ်ဦးဖြစ်တဲ့ ဦးအေးသာအောင်ကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က အမျိုးသား လွှတ်တော် ဒုတိယဥက္ကဋ္ဌ ရာထူးကို ပေးအပ်ခဲ့ကြောင်း ဇန်န၀ါရီလ (၂၈) ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်က တရားဝင် အတည်ပြု ပြောဆိုခဲ့ပါတယ်။ ရခိုင်အမျိုးသား ပါတီဝင် တစ်ဦးဖြစ်သူ ဦးဇော်အေးမောင် ကလည်း ရန်ကုန်တိုင်း ဒေသကြီးရဲ့ ရခိုင်တိုင်းရင်းသားရေးရာ ၀န်ကြီးတစ်ဦး အဖြစ် ဆက်လက် ရှိနေပါတယ်။

''ဒီအတိုင်းဆိုရင် ကျွန်တော်တို့ တစ်တွေလည်း ပြည်ခိုင်ဖြိုးပါတီနဲ့ NLD ပါတီထဲ ၀င်လိုက်မှာပေါ့။ ဘာကြောင့် ရခိုင်အမျိုးသားပါတီ တည်ထောင်တော့မှာလဲ။ ခိုင်းတာလုပ်တယ်။ ပေးတာကျွေးလို့ရတယ်။ နေဆိုတဲ့ နေရာမှာ နေမယ်ဆိုရင် ကျွန်တော်တို့က နိုင်ငံရေး အစဉ်အလာ ပျက်သွားမှာပေါ့။ ဒီနေ့အထိ အသက်ရှင် ရပ်တည်နေခဲ့တာက ကိုယ့်တိုင်းရင်းသား အရေးကို ကာကွယ် စောင့်ရှောက်ဖို့ လိုအပ်လို့ပဲဗျ။

မလိုအပ်ဘူးလို့ ယူဆရင် ကျွန်တော်တို့ ပြည်ထောင်စု ပါတီထဲမှာ ရှိနေမှာပဲ။ ကျွန်တော်လည်း ဒီအတိုင်းပဲ၊ ဦးအေးသာအောင်လည်း ဒီအတိုင်းပဲ။ ဒါပေမယ့်လည်း ကျွေးတာလေးနဲ့ ၊ပေးတာလေးနဲ့ ကိုယ့်အမျိုးသား အကျိုးစီးပွားကို မေ့ပစ်မယ်ဆိုရင် နိုင်ငံရေးသမား မဟုတ်ဘူး'' လို့ ဒေါက်တာအေးမောင်က ပြောပါတယ်။

ပြည်ထောင်စု အရေးနဲ့ ပတ်သက်လာပါက ပြည်ခိုင်ဖြိုး ပါတီကို ဖြစ်စေ၊ တပ်မတော်ကို ဖြစ်စေ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို ဖြစ်စေ ရဲရဲဝံ့ဝံ့ ပြောဆိုသွားမှာ ဖြစ်တယ်လို့ ဒေါက်တာအေးမောင်က ဆိုပါတယ်။

၂၀၁၅ ရွေးကောက်ပွဲမှာ ရခိုင်ပြည်နယ် အတွင်းမှာ မဲဆန္ဒနယ် (၃၅) နေရာ ရှိခဲ့ပါတယ်။ အဲဒီအထဲမှာ ရခိုင်အမျိုးသားပါတီက (၂၃) နေရာ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က (၉) နေရာ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက (၃) နေရာ အနိုင်ရထားခဲ့တာ ဖြစ်ပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံ အရကတော့ နိုင်ငံတော် သမ္မတဟာ ပြည်နယ်ဝန်ကြီးချုပ်ကို ခန့်အပ်နိုင်လို့ တစ်နိုင်ငံလုံး အနိုင်ရခဲ့တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က တင်မြှောက်တဲ့ သမ္မတဟာ ရခိုင်ပြည်နယ် ၀န်ကြီးချုပ်ကို ခန့်အပ်ရတာပါ။

၁၉၉၀ ပြည့်နှစ်မှာ အနိုင်ရတဲ့ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ ၂၀၁၀ ပြည့်နှစ်တွင် တည်ထောင်ပြီး ရွေးကောက်ပွဲ ၀င်ခဲ့သည့် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီတို့ ပူးပေါင်းပြီး ၂၀၁၅ ရွေးကောက်ပွဲတွင် ရခိုင်အမျိုးသားပါတီ အမည်ဖြင့် ၀င်ရောက် ယှဉ်ပြိုင်ခဲ့ကြတာပါ။

''တိုင်းရင်းသားတွေနဲ့ တွေ့ဖို့ အစီအစဉ်က ဒေါ်အောင်ဆန်းစုကြည် စိတ်ထဲမှာလည်း ရှိတယ်။ ကျွန်တော်တို့ အမြဲတမ်း ချောင်းနေတယ်။ လူများတော့ အချိန်မပေးနိုင်ဘူး၊ မတွေ့ချင်လို့ မတွေ့တာ မဟုတ်ဘူး။ မူဝါဒအရ မတွေ့တာ မဟုတ်ဘူး။ တွေ့ချင်တယ်။ အချိန်မရလို့ ။ တိုင်းရင်းသားတွေ NLD ရဲ့ မူဝါဒကို စောင့်ကြည့်ပါဦး'' လို့ NLD ပါတီမှ ဦးဝင်းထိန်က The Messenger Media ကို ပြောခဲ့ပါတယ်။

တေဇာဘုန်းမြင့်
Messenger News Journal

0 comments:

Post a Comment