Friday, February 12, 2016

ဗိုလ်ချုပ်အောင်ဆန်း၏ သက္ကရာဇ်မှတ်တမ်း


၁၉၁၅

မကွေးခရိုင်၊ နတ်မောက်မြို့တွင် အဖ ဦးဖာ၊ အမိ ဒေါ်စုတို့မှ ၁၉၁၅ခု ဖေဖော်ဝါရီလ ၁၃ ရက် စနေနေ့တွင် မွေးဖွားခဲ့သည်။ မွေးချင်းကိုးယောက်တွင် အငယ်ဆုံးဖြစ်၍ ဇာတာအမည်မှာ ထိန်လင်း ဖြစ်သည်။၁၉၃၀ (၁၅)နှစ်

အစိုးရစစ် သတ္တမတန်းစာမေးပွဲ တစ်နိုင်ငံလုံးတွင် နဝမ၊ ဗုဒ္ဓဘာသာ စာသင်ကျောင်းများနှင့် အမျိုးသားကျောင်းများ၌ ပထမရပြီး ဦးရွှေခိုဆု ချီးမြှင့်ခံရသည်။

၁၉၃၂ (၁၇)နှစ်

ဆယ်တန်းစာမေးပွဲကို မြန်မာစာနှင့် ပါဠိဂုဏ်ထူးနှစ်ဘာသာဖြင့် ထူးချွန်စွာ အောင်မြင်ပြီး ရန်ကုန်တက္ကသိုလ်တွင် ဆက်လက်ပညာသင်ယူခဲ့သည်။


၁၉၃၃ (၁၈)နှစ်

ဂန္ထလောကမဂ္ဂဇင်း (The world of Books) ဘာသာပြန် ပြိုင်ပွဲ အမှတ် (၄၁)တွင် လန်ဒန်တက္ကသိုလ် နိုင်ငံရေးသိပ္ပံနှင့် ဘောဂဗေဒပညာရှင် ဟရိုဂျေလတ်စကီး၏ စာကို ‘ပဲခူးကဝေ’ ကလောင်အမည်ဖြင့် ဘာသာပြန်ဆုရခဲ့သည်။

၁၉၃၆ (၂၁)နှစ်

အိုးဝေမဂ္ဂဇင်း အယ်ဒီတာအဖြစ် ဆောင်ရွက်သည်။ အိုးဝေ မဂ္ဂဇင်း၌ ဖော်ပြခဲ့သော ‘ငရဲခွေးကြီးလွတ်နေပြီ’ ဆောင်းပါးရေးသူ၏အမည်ကို ထုတ်ဖော်ပြောရန် ငြင်းဆန်သဖြင့် သမဂ္ဂဥက္ကဋ္ဌ ကိုနုနှင့်အတူ ကျောင်းထုတ်ခံရသည့် အတွက် ကျောင်းသားသပိတ်ပေါ်ပေါက်ခဲ့သည်။ သပိတ်မှောက် ကျောင်းသားများကောင်စီ ပြန်ကြားရေးတာဝန်ခံအဖြစ် တာဝန် ယူခဲ့သည်။

၁၉၃၇ (၂၂)နှစ်

မေလ ၈ ရက်။ ရန်ကုန်မြို့ ဂျူဗလီဟော၌ ဗကသ တည်ထောင်ရာတွင် ပါဝင်လှုပ်ရှားခဲ့သည်။

မေလ ၉-၁၀ ရက်။ မန္တလေးမြို့ ဗဟိုအမျိုးသား အထက်တန်း ကျောင်း၌ ဒုတိယအကြိမ် ဗကသညီလာခံ ကျင်းပရာတွင် သဘာပတိအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့သည်။

၁၉၃၇-၃၈

ရန်ကုန်တက္ကသိုလ်တွင် ဥပဒေတန်း တက်နေစဉ် နယူးဘားမား အင်္ဂလိပ်သတင်းစာ၌ အချိန်ပိုင်းအယ်ဒီတာအဖြစ် သတင်းစာခေါင်းကြီးများ ရေးသားခဲ့သည်။

၁၉၃၈ (၂၃)နှစ်

နိုဝင်ဘာ ၃ ရက်။ ဗကသနှင့် ဗကသဥက္ကဋ္ဌ တာဝန်နှစ်ရပ်ကို စွန့်လွှတ်သည်။ နိုဝင်ဘာ ၂၆ ရက် ဒို့ဗမာအစည်းအရုံး အထွေထွေအတွင်းရေးမှူးအဖြစ် တာဝန်ပေးအပ်ခံရသည်။

ဩဂုတ် ၁၅ ရက်။ ရန်ကုန်မြို့ မြေနီကုန်း၊ မြေနုလမ်း၊ အမှတ်(၁၄)ရှိ ကိုဗဟိန်း၏နေအိမ်တွင် သခင်လှဖေ(ဗိုလ်လက်ျာ)၊ ကိုဗဟိန်း၊ ရဲဘော်နက်(ဂ်)၊ သခင်စိုးတို့နှင့်အတူ ‘ဗမာပြည်ကွန်မြူ နစ်ပါတီ’ကို လျှို့ဝှက်စွာ ဖွဲ့စည်း၍ တာဝန်ယူဆောင်ရွက်သည်။

အောက်တိုဘာ ၁ ရက် ဗမာ့ထွက်ရပ်ဂိုဏ်း အထွေထွေအတွင်းရေးမှူးအဖြစ် တာဝန်ယူဆောင်ရွက်သည်။


၁၉၄၀ (၂၅)နှစ်

ဇွန်လ ၂၉ ရက်။ ဇွန်လ ၁ ရက်နေ့တွင် အစိုးရကို အကြည်ညိုပျက်အောင် ဟောပြောမှုအတွက် ရာဇသတ်ပုဒ်မ ၁၂၄ (က)အရ ဆုငွေငါးကျပ်ထုတ်ခံရသည်။

ဩဂုတ် ၈ ရက်။ နိုင်ငံခြား အကူအညီရရန် သခင်လှမြိုင် (ဗိုလ်ရန်အောင်)နှင့်အတူ ရန်ကုန်ဆိပ်ကမ်းမှ တရုတ်နိုင်ငံ အမွိုင်သို့ နော်ဝေးပိုင် ဟိုင်လီသင်္ဘောဖြင့် လျှို့ဝှက်ထွက်ခွာခဲ့သည်။

မတ်လ ၁၁ ရက်။ ရဲဘော်သုံးကျိပ် ပထမအသုတ်အဖြစ် ကျောင်းသား၊ ဒို့ဗမာအစည်းအရုံးမှ ခေါင်းဆောင်များနှင့်အတူ ဂျပန်နိုင်ငံသို့ လျှို့ဝှက်ထွက်ခွာသည်။

၁၉၄၂ (၂၇)နှစ်

ဇန်နဝါရီ။ ဘီအိုင်အေသည် ဂျပန်တပ်မတော်နှင့်အတူ စစ်ကြောင်းသုံးကြောင်းဖြန့်လျက် မြန်မာနိုင်ငံအတွင်းသို့ စစ်ချီတက်ခဲ့သည်။ မော်လမြိုင်စစ်ကြောင်းတွေ စစ်ဦးစီးမှူးအဖြစ် တာဝန်ယူဆောင်ရွက်သည်။

ဩဂုတ် ၁ ရက်။ ဘီအိုင်အေကို ဗမာ့ကာကွယ်ရေးတပ်မတော် (ဘီဒီအေ)အဖြစ် ပြောင်းလဲပြီးနောက် ဗိုလ်မှူးကြီးရာထူးဖြင့် ဘီဒီအေ စစ်သေနာပတိချုပ် ဖြစ်လာသည်။

စက်တင်ဘာ ၆ ရက်။ သူနာပြုဆရာမ မခင်ကြည်နှင့် စစ်ဆေးရုံ (ရန်ကုန်စစ်ရုံးချုပ်)၌ လက်ထပ်ခဲ့ပြီး သား အောင်ဆန်းဦး၊ အောင်ဆန်းလင်းနှင့် သမီး အောင်ဆန်းစုကြည်တို့ ထွန်းကားခဲ့သည်။

၁၉၄၃ (၂၈)နှစ်

ဗိုလ်ချုပ်ရာထူးဖြင့် ဘီဒီအေ စစ်သေနာပတိအဖြစ် တာဝန်ယူ ဆောင်ရွက်ခဲ့သည်။

မေလ ၈ ရက်။ ဗမာ့လွတ်လပ်ရေးကော်မရှင်အဖွဲ့ဝင်ဖြစ်သည်။

၁၉၄၃-၄၅

လွတ်လပ်သော မြန်မာအစိုးရအဖွဲ့ ကာကွယ်ရေးဝန်ကြီး စစ်သေနာပတိအဖြစ် တာဝန်ယူခဲ့သည်။

ဩဂုတ် ၂၃ ရက်။ ဖက်ဆစ်တိုက်ဖျက်ရေးအဖွဲ့ချုပ် (ဖတဖ)Anti-Fascist Organization (AFO)ကို ဖွဲ့စည်းပြီး ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သည်။

၁၉၄၅ (၃၀)နှစ်

မတ်လ ၁-၃ ရက်။ ဗိုလ်ချုပ်၏ နေအိမ်တွင် ဖတဖ ခေါင်းဆောင်များနှင့် ဆွေးနွေးပြီး ဖက်ဆစ်တိုက်ဖျက်ရေးအဖွဲ့ချုပ်ကို ဖက်ဆစ်တိုက်

ဖျက်ရေး ပြည်သူ့လွတ်လပ်ရေးအဖွဲ့ချုပ် (ဖတပလ)အမည်သို့ပြောင်း၍ စစ်ရေးခေါင်းဆောင်အဖြစ် တာဝန်ယူသည်။

မတ်လ ၂၇ ရက် တစ်နိုင်ငံလုံး ဖက်ဆစ်တော်လှန်ရေး စတင်သည်။

၁၉၄၆ (၃၁)နှစ်

ဇန်နဝါရီ ၁၇-၁၈ ရက်။ ရန်ကုန်မြို့ ရွှေတိဂုံစေတီ အလယ်ပစ္စယံ၌ ဖဆပလအဖွဲ့ချုပ်ကြီး၏ ပထမအကြိမ် ပြည်လုံးကျွတ်ညီလာခံကျင်းပရာ သဘာပတိအဖြစ် ဆောင်ရွက်သည်။

၁၉၄၇ (၃၂)နှစ်

ဇန်နဝါရီ ၂၇ ရက်။ အောင်ဆန်း-အက်တလီစာချုပ်ကို လက်မှတ်ရေးထိုးခဲ့သည်။

ဖေဖော်ဝါရီ ၁၂ ရက်။ ရှမ်းပြည်ပင်လုံမြို့၌ တိုင်းရင်းသား ခေါင်း ဆောင်များနှင့် သမိုင်းဝင်ပင်လုံ စာချုပ်ကို မြန်မာအစိုးရကိုယ်စားလှယ်အဖြစ် ဦးဆောင်လက်မှတ်ရေးထိုးခဲ့သည်။

ဇွန်လ ၁၀-၁၈ ရက်။ ပထမအကြိမ် တိုင်းပြုပြည်ပြု လွှတ်တော်ညီလာခံ ကျင်းပရာ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရာတွင် ပါဝင်မည့် အခြေခံမူများကို ကိုယ်တိုင်တင်ပြဆွေးနွေးခဲ့သည်။

ဇူလိုင် ၁၉ ရက်။ နံနက် ၁၀ နာရီ ၃၇ မိနစ်တွင် မသမာသူတစ်စု၏ လုပ်ကြံမှုဖြင့် ကျဆုံးခဲ့သည်။

7Day Daily

0 comments:

Post a Comment