သမိုင်းသင်တာ မအ အောင်လို့ ဟု သမိုင်းဆရာကြီး ဒေါက်တာသန်းထွန်းက မိန့်ဖူး၏။ ထို့အတူ ဗိုလ်ချုပ်အောင်ဆန်း ကလည်း နိုင်ငံကို ဦးဆောင်ဦးရွက်ပြုမည့် သူများ အနေဖြင့် မိမိနိုင်ငံ၏ အတိတ် သမိုင်းကြောင်း၊ ကမ္ဘာ့နိုင်ငံများ၏ သမိုင်းကြောင်းကို ခြေခြေမြစ်မြစ်သိဖို့ လိုကြောင်း ဆိုခဲ့ဖူးသည်။ သမိုင်း ထဲတွင် သင်ခန်းစာ ယူစရာများ၊ သံဝေဂရစရာများ အများအပြားပင် ဖြစ်သည်။အတိတ်မှ အဖြစ်အပျက် များတွင် မြှုပ်နှံနေရန် မသင့်သော်လည်း အတိတ်မှ အမှားများကို သင်ခန်းစာ အဖြစ်ယူကာ အနာဂတ် အတွက် ဆုံးဖြတ်ချက်များ မှန်မှန်ကန်ကန် ချမှတ်ရန် အတွက် အတိတ် သမိုင်းကြောင်းကို လေ့လာသင့်သည်သာ။တစ်ချိန်တွင် လွတ်လပ်သော အိန်္ဒိယနိုင်ငံ၏ ခေါင်းဆောင် ဖြစ်လာမည့် ဂျဝါဟာလားနေရူးက သူအကျဉ်းကျ ခံနေရစဉ် အတွင်း မိတဆိုး သမီးကလေး၊ ရောဂါသည် သမီးကလေး၊ နောင်တွင် သံမဏိ အမျိုးသမီးဟု အမည်တပ်ခံ ရမည့် သူ၏ သမီးကလေး အင်ဒီရာဂန်္ဒီ ထံသို့ စာများရေးခဲ့သည်။ ထိုစာများမှာ သာကြောင်း၊ မာကြောင်း၊ ချစ်ကြောင်း၊ လွမ်းကြောင်း ရေးသားထားသည့် စာများ မဟုတ်ဘဲ ကမ္ဘာ့သမိုင်းကို အတွင်းကျကျ သုံးသပ် ထားသည့် စာများ ဖြစ်သည်။ ထိုပေးစာများကို အမြတ်တနိုး လေ့လာဖတ်ရှု ခဲ့သည့် သမီးဖြစ်သူ အင်ဒီရာဂန်္ဒီသည် တစ်ချိန်တွင် သံမဏိ အမျိုးသမီးဟု ကင်ပွန်းတပ်ရ လောက်အောင် မာထန်၊ ထက်မြက်သော အမျိုးသမီး ခေါင်းဆောင်တစ်ဦးဘ၀ ရောက်ခဲ့ရသည်မှာ တိုက်ဆိုင်မှုတစ်ခု မဖြစ်နိုင်ပေ။ ဤစာများ၏ လွှမ်းမိုးမှု သွန်သင်မှုများ၏ ရလဒ်များဟု ဆိုရလျှင် လွန်အံ့ မထင်ပါ။
ထိုစာများကို စာအုပ်အဖြစ် ထုတ်ဝေရာတွင်လည်း အောင်မြင်လှသည်။ယခုအခါတွင် အဆိုပါ စာအုပ်၏ အခန်း (၁၄၅) မှ (၁၉၆) အထိကို စာရေးသူ ဘိုးလှိုင်က ဂျဝါဟာလားနေရူး၏ လျှပ်တစ်ပြက် ကမ္ဘာ့သမိုင်း (ခေတ်သစ် အပိုင်း) ဟူသော အမည်ဖြင့် ဒုတိယပိုင်းကို မြန်မာပြန်၍ ထုတ်ဝေလိုက်သည်။ အဆိုပါ စာအုပ်ကို နှင်းဆီဖြူ စာအုပ်တိုက်က တစ်အုပ်လျှင် တန်ဖိုး (၆၀၀၀) ကျပ်ဖြင့် ဖြန့်ချိထားခြင်း ဖြစ်သည်။
ပဏ္ဍိတ်နေရူးသည် သူ၏ ချစ်သမီးအား ထောင်တွင်းက ပေးစာများဖြင့် ပညာအမွေပေးပြီး သည့်နောက် ရင်တွင်းက ပို့ချသော ကိုယ်တွေ့ သင်ခန်းစာများဖြင့် အာဏာအမွေ ကိုလည်း ပေးခဲ့လေသည်။ Oxford၊ Cambridge တို့၌ ကျောင်းမတက်ခဲ့ရသော အင်ဒီယာဂန်္ဒီသည် ဖခင်ဖြစ်သူ၏ တက္ကသိုလ်ကျောင်း၌ တက်ခဲ့ရသည်ဟု ဆိုရမည် ဖြစ်သည်။ ဖခင်ပေးသော စာပေါင်း (၁၅၇) စောင်တို့သည် Oxford တက္ကသိုလ်က ပေးသော သင်ခန်းစာတို့ထက် အရေအတွက် များသည်။ အဆင့်အတန်းလည်း မြင့်သည်။ သို့ဖြစ်ခြင်းကြောင့် ဖခင်၏ ချစ်သမီးထံ ပေးစာများကို University of the Letter (ပေးစာ တက္ကသိုလ်)ဟု ဆိုလိုက်ချင်သည်။ စာပေသည် တန်ခိုး ကြီးမားသည်။ သြဇာ ကြီးမားသည်။ သို့သော် စာတိုင်းပေတိုင်း သြဇာ ကြီးမားလိမ့်မည် မဟုတ်။ Character ကြီးမားသော သူတို့၏ စာသည်သာလျှင် Power ကြီးမားသည်သာ ဖြစ်ပါသည်။ Character is Power ဟု ဆိုရမည်။ သူတော်စင် ဂန်္ဒီ၊ ပညာရှိနေရူး၊ အဖေ့စကား နားထောင်သည့် သမီး အင်ဒီယာဂန်္ဓီ တို့၏ Character များသည် အိန်္ဒိယ၏ Power များ ဖြစ်ခဲ့လေပြီ ဟု သီတဂူ ဆရာတော် ဦးဉဏိဿရက အဆိုပါ စာအုပ်၏ အမှာစာတွင် ရေးသားထားသည်။ နေရူး ပထမအကြိမ် ထောင်ငါးနှစ် ကျသည့် အခါတွင် သမီးဖြစ်သူ အင်ဒီရာဂန်္ဒီမှာ (၁၃) နှစ် သမီးသာ ရှိသေးသည်။ ထို့အပြင် မိခင်လည်း ဆုံးပါး ခဲ့ပြီ ဖြစ်သဖြင့် သမီးကလေးကို ထောင်ထဲမှ စာရေး ပညာပေးခဲ့ခြင်း ဖြစ်သည်။ ရေးခဲ့ပြီးသော စာများနှင့် ပတ်သက်၍ နေရူးက စာတစ်စောင်တွင် ယခုကဲ့သို့ ရေးထားသည်။
ခု ဖေဖေရေးလိုက် တာက သမိုင်းမဟုတ်ဘူး။ ပါသင့်တာတွေ မပါတဲ့ အကျဉ်းချုပ် အကြောင်းအရာ သက်သက်ပဲ ဖြစ်တယ်။ ရှည်လျားလှတဲ့ အတိတ်ကို ဟိုတစ်ကွက်၊ သည်တစ်ကွက် လျှပ်တစ်ပြက်ကြည့်တဲ့ အမြင်ပဲ ဖြစ်တယ်။ သမီးသမိုင်းကို စိတ်ဝင်စားလျှင်၊ သမိုင်းလေ့လာရတာ ပျော်စရာလို့ ထင်လျှင်တော့ သမီး ကိုယ်တိုင်ပဲ စာအုပ်တွေ အများကြီး ဖတ်ရ လိမ့်မယ်။ စာအုပ်များများ ဖတ်မှပဲ အတိတ်ရဲ့သဲလွန်စကို ဖော်စရာ အပ်ချည်မျှင်တွေ ဆွဲထုတ်နိုင်မယ်။ ဒါပေမဲ့ စာအုပ်တွေကို တစ်ယောက်တည်းဖတ် နေလို့ အကျိုး မရှိနိုင်ဘူး။ သမီး အတိတ်ကို သိလာတဲ့ အခါမှာ ကရုဏာနှင့် ကြည့်တတ်ဖို့ လိုတယ်။ နားလည်မှုရှိ ရမယ်။ ရှေးရှေးက လူပုဂ်္ဂိုလ် တစ်ယောက် အကြောင်း နားလည်နိုင်ဖို့ သမီး အနေနှင့် သူ့ခေတ်၊ သူ့အခါ၊ သူ့ပတ်ဝန်းကျင်ကို သိဖို့ နားလည်ဖို့ လိုတယ်။ ရှေးလူ တစ်ယောက်ကို ခုခေတ် လူလိုပဲ၊ ဖေဖေတို့ လိုပဲ၊ တွေးခေါ် စဉ်းစားမှာပဲလို့ ထင်မှတ်ပြီး သူ့ကို အကဲဖြတ် လျှင်တော့ အဓိပ္ပာယ် မရှိပေဘူး။ ဒီခေတ်မှာ ကျွန်စနစ်ကို ထောက်ခံ ပြောဆို မည့်သူ တစ်ယောက်မှ မရှိဘူး။ ဒါပေမဲ့ ပညာရှိကြီး ပလေတိုက ကျွန်စနစ် ရှိဖို့ လိုအပ်တယ်လို့ ယုံကြည်ခဲ့တယ် ဟု ရေးသား ထားသည်။
နေရူးသည် သမိုင်းကြောင်းကို သုံးသပ်ပြ ရာတွင် နိုင်ငံအလိုက် လှုပ်ရှားမှုများ၊ စက်မှု တော်လှန်ရေး အကြောင်းများ၊ အရင်းရှင်စနစ် အကြောင်းများ၊ ကမ္ဘာစစ်ကြီး အပြီး နိုင်ငံများ၏ အခြေအနေ၊ ကြွေးမြီ များနှင့် လုံးလည်လိုက် နေသော အင်အားကြီး နိုင်ငံကြီးများ အကြောင်းကို သုံးသပ်ပြ သကဲ့သို့ နိုင်ငံများ၏ လွတ်လပ်ရေး လှုပ်ရှားမှုများ ကိုလည်း အသေးစိတ် ရေးသားခဲ့သည်။ ထိုကဲ့သို့ သုံးသပ် ရေးသားရာတွင် သမိုင်းဆရာ တစ်ယောက်ကဲ့သို့ ဓမ္မဓိဋ္ဌာန်ကျကျ ရေးသားထားခြင်း မဟုတ်ကြောင်းလည်း နေရူး ကိုယ်တိုင် ၀န်ခံထားပြီး သူထောင်မှ လွတ်၍ စာအုပ်ထုတ်သည့် အခါ စာများတွင် ပါဝင်သည့် သမိုင်းဆိုင်ရာ အမြင် အချို့မှာ ထိုအခါတွင် ပြောင်းလဲနေပြီ ဖြစ်ကြောင်းလည်း နေရူးကိုယ်တိုင် ၀န်ခံ ထားသည်။ ထိုစာများကို ရေးသားသော ကာလမှာ ပထမ ကမ္ဘာစစ် အပြီးကာလ ဖြစ်၍ ဒုတိယ ကမ္ဘာစစ် မဖြစ်သေးပေ။
ကမ္ဘာစစ်ကြီး ဖြစ်ရသည့် အကြောင်းရင်းကို သုံးသပ်ရာတွင် ထိုအကြောင်းအရင်းများ အနက် စက်မှု ထွန်းကားသည့် အရင်းရှင် နိုင်ငံများ၏ လောဘရမ္မက်ကို ထောက်ပြ ထားသည်။ နယ်ချဲ့ အင်အားကြီး နိုင်ငံများ အချင်းချင်း ပြိုင်ဆိုင်ကြရင်း၊ နယ်မြေလုကြရင်း ထိပ်တိုက်တွေ့ကာ ပဋိပက္ခများ ဖြစ်ပွား လာပြီး ငွေကြေး အရင်းအနှီး ရှိသူတွေက ၎င်းတို့၏ ဥစ္စာပစ္စည်း ငွေကြေးများ တိုးပြီးရင် တိုးပွားချင်သည့် ဆန္ဒ၊ စစ်လက်နက် ထုတ်လုပ်သူများ ကလည်း အမြတ်အစွန်းလို ချင်သည့် ဆန္ဒများကြောင့် နိုင်ငံများကို စစ်ထဲဝင် ဖြစ်အောင် တွန်းအား ပေးကြခြင်း ဖြစ်သည်ဟု နေရူးက သုံးသပ်သည်။ စစ်ဖြစ်လာသည့် အခါတွင် နိုင်ငံတိုင်းပင်လျှင် ကိုယ့်နိုင်ငံသားများ သတင်းအမှန် မသိရအောင် သတင်းအမှောင် ချ၍ ရန်ဘက်နိုင်ငံ အပေါ် အပြစ်အားလုံး ပုံချကာ ပြည်သူတို့အား အမုန်းမီးမွှေးပေးသည်။ ထိုသို့ အမုန်းမီးမွှေးပေးရာတွင် သတင်းစာများပင် ပါသည်ဟု နေရူးက ရှုမြင်သည်။
စစ်ထဲပါတဲ့ နိုင်ငံအားလုံးက ငါ့နိုင်ငံမှန်တယ်ပဲ ပြောကြပြီး အပြစ် မျိုးစုံကို ရန်ဘက်နိုင်ငံ အပေါ် ပုံချ ကြတာပဲ။ နိုင်ငံတိုင်းက သူတို့နိုင်ငံ အန္တရာယ်ကြုံတွေ့နေ ရပြီ၊ နိုင်ငံသားတိုင်း ၀င်ကာကွယ်မှ ဖြစ်မယ်လို့ နိုင်ငံသားတွေက ယုံကြည် လာအောင် လှုံ့ဆော်ကြတယ်။ အထူးသဖြင့် သတင်းစာတွေက ဒီလို စစ်တိုက် ချင်စိတ်ဖြစ်အောင် လှုံ့ဆော် ပေးတယ်။ လက်တွေ့မှာတော့ ရန်သူနိုင်ငံကို မုန်းအောင် လှုံ့ဆော်တာပဲ ဖြစ်တယ်။ ဒီလို သတိလက်လွတ် အမုန်းစိတ် ဖြစ်လာတာက အလွန် ပြင်းထန်တဲ့ အတွက် ဘာမှ ဆင်ခြင်တုံ တရား မရှိကြတော့ဘူး။ လူအုပ် လူထုကြီးကို သွေးပူအောင်ဆွပေး ရတာ လွယ်တယ်။ ဒါပေမဲ့ ဉာဏ်ရှိတယ်၊ အသိဉာဏ် ဆင်ခြင်တုံတရား ရှိတယ်လို့ ပြောရမည့် သူတွေ၊ တွေးခေါ်ပညာရှင်လို၊ စာရေးဆရာလို ပုဂ်္ဂိုလ်တွေ၊ သိပ္ပံဆရာတွေ၊ ပါမောက္ခ တွေလည်း သတိလက်လွတ် သူတွေထဲ ပါဝင် လာပြီး သူတို့ ကပါ ရန်သူ နိုင်ငံသားတွေ အပေါ် အမုန်းစိတ်ထား လာတယ်။ ရန်သူတွေ သေပစေ ဆိုတဲ့ သွေးဆာတဲ့ စိတ်ဖြစ်နေတယ်။ ငြိမ်းချမ်းရေးသမား ဖြစ်ပြီး ငြိမ်းချမ်းရေး တရားဟောနေရမည့် သာသနာ့ ၀န်ထမ်း “ဘုန်ကြီး တွေကတောင် ပိုကဲချင် သေးတယ်။ ဆိုရှယ်လစ် ၀ါဒီတွေ၊ ရွှေပြည်အေး ငြိမ်းချမ်းရေး ဆရာတွေတောင် ဆင်ခြင်တုံ တရား ပျောက်ပြီး သူတို့ ခံယူချက် ယုံကြည်ချက် တွေကို မေ့လျော့ကြတယ် ဟု ရေးထားသည်။
ပထမ ကမ္ဘာစစ် ပြီးသွားသည့် အခါတွင် ဂျာမနီနိုင်ငံမှာ စစ်ရှုံး သွားခဲ့ရာ ဂျာမန်ပိုင်နယ်မြေ များကို စစ်နိုင်နိုင်ငံ များက အစိတ်စိတ် ခွဲခြမ်း၍ ဝေယူကြသည်။ စစ်ပြီးသွား သော်လည်း ဂျာမနီနိုင်ငံကို ၀န်းရံ ပိတ်ဆို့ ထားသည်ကို အင်္ဂလိပ် ရေတပ်က ရုပ်သိမ်းမပေးပေ။ အထဲတွင် ကလေးငယ်များ၊ အမျိုးသမီးများ ငတ်နေ သော်လည်း အမုန်းစိတ် ပြင်းထန်နေသည့် အင်္ဂလိပ်တို့က မှတ်ပလေ့စေ ဟူသည့် သဘောဖြင့် အစားအစာ ပို့မပေးသေးဘဲ ဒဏ်ခတ်သည့် သဘော လုပ်နေခြင်း ကိုလည်း တိုင်းပြုပြည်ပြု ပုဂ်္ဂိုလ် အဆင့်၊ သဘောထား ပြည့်ဝသည့် လစ်ဘရယ်သမား စာနယ်ဇင်း ပုဂ်္ဂိုလ်များပင် ထောက်ခံသည့် အထဲတွင် ပါနေကြောင်း နေရူးက စွပ်စွဲသည်။
ပထမ ကမ္ဘာစစ် ပြီးသည့် အခါတွင် နောက်တစ်ကြိမ် ထိုကဲ့သို့ ကမ္ဘာစစ် မဖြစ်စေရန် အတွက် နိုင်ငံပေါင်းချုပ် အသင်းကြီးကို တည်ထောင်လိုက် ကြသည်။ ထိုအပြင် ကွန်ဖရင့်များ ကိုလည်း အကြိမ်ကြိမ် ကျင်းပခဲ့ပြီး ကြေညာချက်များ၊ ရည်မှန်းချက်များ ထုတ်ပြန်ခဲ့ကြ သော်လည်း ရလဒ် တစ်စုံတစ်ရာ မထွက် သကဲ့သို့ လက်တွေ့ လုပ်ဆောင်ခြင်းလည်း မရှိပေ။ လက်နက် ဖျက်သိမ်းရေး ဆွေးနွေးပွဲများ လုပ်ဆောင် ကြသည်။ သို့သော် အဖြေက မထွက်။ ထို့အပြင် ၁၉၂၈ ခုနှစ် အတွင်းတွင် အမေရိကန်နှင့် ပြင်သစ် အစိုးရတို့ ဆွေးနွေးကာ စစ်ကို နိုင်ငံတိုင်းက ဆန့်ကျင်ရေး အစီအစဉ် တစ်ခု ပေါ်ပေါက်လာ ခဲ့သည်။
မူလက နှစ်နိုင်ငံတည်း ဆွေးနွေးကာ စာချုပ်ချုပ် ဆိုရန် ပြင်ဆင်ထားကြ သော်လည်း အဆိုပါ သဘော တူညီချက်မှာ တဖြည်းဖြည်းနှင့် ကျယ်ပြန့်လာကာ ကမ္ဘာ့နိုင်ငံ အားလုံးနီးပါး ပါဝင် လာသည်။ အဆိုပါ စာချုပ်ကို ၁၉၂၈ ပါရီ စာချုပ်ဟု ခေါ်သည်။ သို့သော် အဆိုပါ စာချုပ်ကို လက်မှတ်ထိုးသည့် နိုင်ငံများက မရိုးသားကြောင်း နေရူးက အခုလို သုံးသပ်သည်။
စာသားက လှပတယ်။ ရိုးရိုးသားသား လိုက်နာ ကျင့်ကြံလျှင်တော့ စစ်ဆိုတာရှိ တော့မှာ မဟုတ်ဘူး။ သို့သော်လည်း သိပ်မကြာပါဘူး။ အင်အားကြီး နိုင်ငံတွေ ဘယ်လောက် သဘောထား မမှန်သလဲ ပေါ်ထွက် လာတယ်။ ပြင်သစ်ရော အင်္ဂလိပ်ပါ အထူးသဖြင့် အင်္ဂလိပ်က စာချုပ်ကို လက်မှတ်မထိုးမီ ခြွင်းချက်တွေ အများကြီး အများကြီး ထည့်တယ်။ ဒီခြွင်းချက် တွေကြောင့် စာချုပ် အရ သူတို့ဘက်က ထိန်းသိမ်းစရာ၊ လိုက်နာစရာ တစ်ချက်မှ မကျန်တော့ဘူး။ စာချုပ် ပျက်ပြယ်ပြီ။ ဗြိတိသျှ အင်ပါယာထဲမှာ အရေးယူ ဆောင်ရွက်ဖို့ လိုအပ်တဲ့ စစ်ရေး ကိစ္စများ စာချုပ်နှင့် သက်ဆိုင်ခြင်း မရှိစေရ ဆိုတဲ့ အခါမှာ စစ်တိုက်ခွင့် ရှိတယ်လို့ အဓိပ္ပာယ်ရတယ်။ ဒီစာချုပ်က ဗြိတိန် အတွက် လက်နက်နှင့် သြဇာခံဒေသ အတွင်း “မွန်ရိုး မူဝါဒ” တစ်မျိုးကို ကြေညာပေး လိုက်တယ်။ အမေရိကတိုက် နိုင်ငံများကြား ပြင်ပ ဘယ်နိုင်ငံမှ ပါဝင် ပတ်သက်မှု မပြုရလို့ အမေရိကန် ကြေညာ တာကို “မွန်ရိုး ဒေါ့ထရင်း”မွန်ရိုးမူဝါဒ ခေါ်တွင်တယ်။ အလားတူပဲ ယခု ခြွင်းချက်က ဗြိတိသျှ အင်ပါယာ အတွင်း ဘယ်သူမှ ၀င်မစွက်ဖက်ရ၊ ဗြိတိန်ကတော့ စစ်ရေး အပါအ၀င် ကြိုက်ရာ လုပ်ခွင့် ရှိတယ်လို့ အဓိပ္ပာယ်ရတယ်။ လူသိရှင်ကြား စစ်ဆန့်ကျင်ရေး လုပ်ဆောင်နေဆဲ မှာပဲ ၁၉၂၈ ခုနှစ်မှာ အင်္ဂလိပ် ပြင်သစ် ရေတပ်ဆိုင်ရာ ညှိနှိုင်းချက် တစ်ခုကို လျှို့ဝှက် သဘောတူ လိုက်တယ်။ ဒီသတင်း စိမ့်ထွက် လာပြီး ဥရောပနှင့် အမေရိကန်ကို အံ့အားသင့်စေတယ်။ ဒါဟာ ကန့်လန့်ကာ နောက်ကွယ်မှာ ထင်ရာတွေ လုပ်နေကြတဲ့ အကြောင်း ခိုင်လုံတဲ့ သက်သေ သာဓကပဲ ဟု ရေးထားသည်။
ဒါ့အပြင် ကြီးသုံးကြီးလို့ ခေါ်ကြတဲ့ သမ္မတ ၀ီလ်ဆင်၊ လွိုက်ဂျော့ နှင့် ကလီမင်ရှော တို့ကို ခေါင်းမရှိသူ တွေလို့ နေရူးက သုံးသပ်သည်။ သမ္မတ ၀ီလ်ဆင်က စကားလုံး လှလှပပတွေသာ ပြောတတ်သူ၊ လွိုက်ဂျော့ ကတော့ စကားလှ ပြောပြီး အချောင်သမားလို့ သတင်းထွက်သူ၊ ကလီမင်ရှော ကတော့ ဂျာမနီကို မာန်ကျအောင် ချေမှုန်းလိုပြီး ကျားကြီးလို့ နာမည်ရထား သူလို့ နေရူးက ဆိုသည်။
ကမ္ဘာကြီးရဲ့ ဒဏ်ရာဒဏ်ချက် တွေကို ကုစား ပုံစံသစ်နှင့် ပြင်ဆင် တည်ဆောက်ရန် ကြီးမားတဲ့ တာဝန်ကြီးက ဒီပုဂ်္ဂိုလ် သုံးဦးခေါင်းမှာ ကျရောက်နေတယ်။ အလုပ်က လူမက နတ်သကြားဝင်လုပ် ရမည့် အလုပ်မျိုး။ ဘုရင်တွေ၊ နိုင်ငံရေး ခေါင်းဆောင်တွေ၊ ဗိုလ်ချုပ်ကြီးတွေကို သတင်းစာတွေက ထင်ပေါ် ကျော်ကြားအောင် မြှောက်ပင့်ရေးသား တာကြောင့် စင်ပေါ်ရောက်ပြီး၊ လူသာမန်တွေ ကတော့ သူတို့ကို အတွေးအခေါ် ကောင်းသူ၊ အကြံဉာဏ် ကောင်းသူ၊ လုပ်ရည်ကိုင်ရည် ရှိသူတွေ အဖြစ် မြင်ကြတယ်။ ဒီပုဂ်္ဂိုလ် တွေကို ရောင်ခြည်အ၀န်း တစ်ခုက အုပ်ထားတာနှင့် တူတယ်။ သူတို့ရဲ့ ပင်ကိုစရိုက်ကို လူတွေ မမြင်တွေ့ နိုင်ဘူး။ သူတို့ကို ကောင်းကောင်း မသိနိုင်တဲ့ အတွက် သူတို့ကို လူတွေက အထင်တကြီးနှင့် တကယ် မရှိတဲ့ အရည်အချင်းတွေ ရှိတယ်လို့ထင် ကြတယ်။ တကယ်တမ်း ထင်ထားတာနှင့် တကယ့် အရည်အချင်းက သိပ်ကွာတယ်။ အနီးကပ် သေသေချာချာ ဆက်ဆံခွင့်ရ လျှင်တော့ သူတို့ဟာ တကယ့် လူသာမန်တွေပဲ ဟု တစ်ခါက ထင်ရှားတဲ့ သြစတြီးယား နိုင်ငံရေး ခေါင်းဆောင် တစ်ယောက် ပြောဖူးတယ်။
ကမ္ဘာကြီးကို အုပ်ချုပ်သူတွေ ဉာဏ်ပညာ ဘယ်လောက် နည်းတယ် ဆိုတာ လူတွေသိရင် သိပ်အံ့သြ ကြမှာပဲ တဲ့။ ဒီတော့ အခုပြောတဲ့ “ကြီးသုံးကြီး”၊ ကြီးတယ်တော့ ထင်ရပါရဲ့။ တကယ်က အမြင်တိမ်တယ်။ ကမ္ဘာ့ နိုင်ငံတကာရေးရာ ဗဟုသုတ မရှိကြဘူး။ ပထ၀ီတောင် မတတ်သူတွေ ဖြစ်နေတယ်။
ထိုနိုင်ငံရေး၊ စစ်ရေး အကြောင်းများ အပြင် ပထမကမ္ဘာစစ် အလွန်တွင် အမေရိကန် နိုင်ငံသည် တဖြည်းဖြည်းနှင့် ချမ်းသာကြွယ်ဝ လာကာ ဥရောပနိုင်ငံ များ၏ မြီရှင်နိုင်ငံ ဖြစ်လာပုံ အကြောင်း၊ ကမ္ဘာ့ စီးပွားရေး ပျက်ကပ် အကြောင်း၊ သိပ္ပံပညာ ဖွံ့ ဖြိုးတိုးတက်ပုံ အကြောင်း ကိုလည်း သုံးသပ်ပြ ခဲ့သည်။
ထို့နောက် အိန်္ဒိယတွင် ဂန်္ဒီ၏ အကြမ်းမဖက် အာဏာ ဖီဆန်ရေး လှုပ်ရှားမှုများ အကြောင်း၊ အိန်္ဒိယ နိုင်ငံတွင် အင်္ဂလိပ်တို့၏ လှုပ်ရှားမှုများ အကြောင်းအပြင် အိန်္ဒိယ နိုင်ငံတွင် ပေါ်ပေါက်ခဲ့သည့် လူမျိုးရေး အမုန်းတရားများ အကြောင်း ကိုလည်း သုံးသပ်ပြ ထားသည်။
နိုးကြားလာတဲ့ အစုတစ်စုစီက အမျိုးသားရေးနှင့် အမျိုးချစ်စိတ် မွေးရာမှာ သူတို့ အကျိုးစီးပွား တိုးတက်ရေး ရှုထောင့်က ကြည့်တယ်။ နိုင်ငံသားတွေ ထဲမှ တစ်ယောက်ချင်းတွေမှာ ကိုယ်ကျိုးမငဲ့ကွက်သူ တွေရှိ သော်လည်း လူတစ်စု၊ လူ့ အဖွဲ့အစည်း တစ်ခုဟာ အမြဲ အကျိုး ကြည့်တယ်။ ဒါကြောင့် တစ်စု တစ်အုပ်စီက သူတို့ အတွက် ရသင့်တာထက် အများကြီး ပိုပြီး တောင်းဆိုတယ်။ ဒီအခါမှာ မလွှဲမရှောင်သာ ပဋိပက္ခ ဖြစ်လာတယ်။ လူ့ အဖွဲ့အစည်းတွေ ကြားမှာ မုန်းတီးမှု တိုးပွားလာသည်နှင့် အမျှ အစွန်းရောက်တဲ့ ခေါင်းဆောင်တွေက ရှေ့တန်း တက်လာလေ့ ရှိတယ်။ ဘာ့ကြောင့်လဲ ဆိုတော့ ဒေါသ ပြင်းထန် နေချိန်မှာ အခြား မိမိအစုအဖွဲ့ အတွက် အများဆုံး တောင်းဆိုပြီး ပြိုင်ဘက် အစုအဖွဲ့ကို မညှာတာဆုံး၊ ထိခိုက်အောင် အလုပ်ဆုံး လူကို ခေါင်းဆောင် တင်တတ်တဲ့ သဘာဝကြောင့် ဖြစ်တယ်။ ပဋိပက္ခကို ပိုမို ပြင်းထန်အောင် အစိုးရက နည်းလမ်းမျိုးစုံ သုံးပြီး လုပ်ထားတယ်။ အထူးသဖြင့် သူတို့အနေနှင့် အစွန်းအရောက်ဆုံး ခေါင်းဆောင် တွေကို အားပေးအားမြှောက် လုပ်တယ်။ ဒီလိုနှင့် အဆိပ်ပျံ့ သွားတယ်။ ထွက်ပေါက် ရှာမတွေ့ဘဲ လုံးလည် လိုက်ပြီး နေရတဲ့ အဖြစ် ရောက်လာတယ် ဟု နေရူးက ဆိုသည်။ အဆိုပါ စာအုပ်တွင် ပထမ ကမ္ဘာစစ် အလွန် ကမ္ဘာ့နိုင်ငံ များ၏ နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး အခြေအနေ များကို အမြင်စူးစူးရှရှဖြင့် သုံးသပ်ထားသည်ကို ဖတ်ရှုရမည် ဖြစ်သည်။
The Messenger News Journal
0 comments:
Post a Comment