Monday, February 29, 2016

မြို့တော် ဂျာကာတာရှိ ပြည့်တန်ဆာတန်း ခရိုင်ကို ဘူဒိုဇာဖြင့်ထိုး


အင်ဒိုနီးရှားနိုင်ငံမြို့တော် ဂျာကာတာရှိ မီးအိမ်နီခရိုင်ဟု လူသိများသော ပြည့်တန်ဆာတန်းများကို ချေမှုန်းရေး စစ်ဆင်မှုတစ်ရပ်အဖြစ် ဘူဒိုဇာဖြင့် စတင်ထိုးဖျက်ကာ ရှင်းလင်းနေပြီ ဖြစ်ကြောင်း Reuters သတင်းတစ်ရပ်က ဖော်ပြထားသည်။ကမ္ဘာပေါ်တွင် မွတ်ဆလင် လူဦးရေ အများဆုံးနိုင်ငံ ဖြစ်သည့် အင်ဒိုနီးရှားတွင် ပြည့်တန်ဆာလုပ်ငန်းကို နိုင်ငံလုံးအနှံ့ နှိမ်နင်းမှုများ ပြုလုပ်နေရာ ဂျာကာတာတွင် စတင်နေခြင်း ဖြစ်သည်။
ဂျာကာတာရှိ ကာလီဂျိုဒို ရပ်ကွက်ကြီးတွင် ထောင်ပေါင်းများစွာသော ပြည့်တန်ဆာများ အခြေစိုက်ကာ ယခုဆိုလျှင် ထိုရပ်ကွက်ကြီး၏ ၇၀ ရာခိုင်နှုန်းကို ဖြိုခွင်းပြီးသွားပြီ ဖြစ်သည်။
ကျန်ရှိနေသည်များကိုလည်း ၂၀၁၉ တွင် နောက်ဆုံးထား ဖျက်ဆီးသွားမည် ဖြစ်သည်ဟု အစိုးရက ကြေညာထားသည်။ပြည့်တန်ဆာလုပ်ငန်းများသည် အင်ဒိုနီးရှားတွင် တရားမဝင်ဟု ဆိုသော်လည်း အဓိက မြို့ကြီးများတွင် အဆိုပါ လုပ်ငန်းများ ရှိနေဆဲဖြစ်သည်။လုံခြုံရေးတင်းကျပ်စွာဖြင့် ဘူဒိုဇာများက အဆိုပါရပ်ကွက်ကို ဝင်ရောက်ရှင်းလင်းခဲ့ကြပြီး အဆိုပါ မြေကွက်လပ်ကို ပန်းခြံပြုလုပ်မည်ဟု မြို့တော်ဝန်က ပြောကြားသည်။
“အိမ်အားလုံးကို ဖြိုပစ်မှာ ဖြစ်ပြီးတော့ စိမ်းလန်းတဲ့ မြေနေရာကြီး ဖော်ဆောင်မှာ ဖြစ်ပါတယ်” ဟု အနောက်ဂျာကာတာ အုပ်ချုပ်ရေးမှူး အန်နက်စ်အီဖန်ဒီက ဆိုသည်။
မူးပြီးမောင်းသော ဆိုင်ကယ်သမားတစ်ဦးကြောင့် ကာလီဂျိုဒိုဒေသတွင် လူလေးဦး သေဆုံးရပြီးနောက် ဂျာကာတာ မြို့တော်ဝန် ဘာဆူကီဂျာဟာဂျာပူနာမာ က ပြောကြားခဲ့ခြင်း ဖြစ်သည်။
အချို့သော ဒေသခံများကို အစိုးရက မတည်တည်ဆောက်သော အိမ်ရာများတွင် နေရာပြန်ပေးထားလျက် ရှိသည်။နေရပ်မှ မောင်းထုတ်ခံရသော လိင်အလုပ်သမများကို အသက်မွေးဝမ်းကျောင်း သင်တန်းများ ပြန်လည်ပေးအပ်ရန် ရှိသည်။နေရာသစ် ပြန်ပေးခံရသူများ အနေနှင့် အလုပ်အကိုင်ရှာဖွေရန် အခက်အခဲများ ရှိနေကြောင်း ဒေသခံများက ဆိုသည်။


The Voice Weekly

0 comments:

Post a Comment