Sunday, October 2, 2016

စီးပွားရေးနှေးကွေးလေးလံမှု ပြယုဂ်ဖြစ်နေသော ဒေါ်လာဈေးမြင့်တက်မှု

|| ၀သန် ||

မြန်မာနိုင်ငံ၏ ငွေလဲနှုန်းသည် စက်တင်ဘာလ ၂၉ ရက်နေ့ ပြင်ပဈေးကွက် တွင် အမေရိကန် တစ်ဒေါ်လာလျှင် မြန်မာကျပ်ငွေ ၁,၂၆၀ ကျပ်ရှိကြောင်း သိရသည်။ စက်တင်ဘာလ ၃၀ ရက်နေ့တွင် ၁,၂၆၅ ကျပ် အထိ ပြင်ပပေါက်ဈေး တွင် ရှိလာခဲ့သည်။ အဆိုပါနှုန်းထားမှာ သမ္မတ ဦးသိန်းစိန် လက်ထက်က တစ်ဒေါ်လာ ၁,၃၀၀ ကျပ် အထိ ဖြစ်ခဲ့ပြီးနောက် ပိုင်းတွင် မြင့်တက်လာခဲ့ခြင်း ဖြစ်သည်။



တစ်ဆက်တည်းတွင် အစိုးရသစ်လက်ထက် စီးပွားရေးနှေးကွေး လေးလံ မှုနောက်တွင် ယခု ဒေါ်လာဈေးတက်မှုနှင့် ကမ္ဘာ့ရွှေဈေး တက်မှုကြောင့် ရွှေဈေး ခေါင်ခိုက်လာခြင်းမှာ ငွေကြေးလည်ပတ်မှုအပေါ် တစ်စုံတစ်ရာ သက်ရောက်နေသယောင် ။ ဘဏ်အချို့ အပါအ၀င် ငွေလဲ လှယ်ပေးသည့် ကောင်တာများတွင် အချိန်အကန့်သတ်၊ အရေအတွက် အကန့်အသတ်ဖြင့်သာ ကန့်သတ်ရောင်းချမှုများလည်း ရှိနေသည်။
ယခုရက်ပိုင်းအတွင်း အမေရိကန်ဒေါ်လာ တစ်ဒေါ်လာလျှင် မြန်မာကျပ်ငွေ ၁,၂၀၀ ကျော်အထက်သာ ရှိနေပြီး ထိုသို့ မြင့်တက်နေခြင်း၏ အဓိက အကြောင်းအချက်မှာ ငွေကြေးဖောင်းပွမှုကြောင့်သာ ဖြစ်ကြောင်း စီးပွားရေး ပညာရှင်များက သုံးသပ်ကြသည်။

မြန်မာနိုင်ငံ အစိုးရသစ်လက်ထက်တွင် ယခင်အစိုးရက ရေးဆွဲခဲ့သော လျာသုံးမှန်းခြေကို အစိုးရသစ်လက်ထက် ပထမသုံးလပြီးနောက် လွှတ်တော်တွင် ဘတ်ဂျတ် အသုံးစရိတ်လျှော့ချရန် ဆွေးနွေးမည် ဆိုသော်လည်း ယခုအချိန်အထိ အကောင်အထည် မပေါ်လာသေးဟု ဆိုသည်။

“ဘတ်ဂျက်လိုငွေ ပြတာလည်း မလျော့တဲ့အတွက် အသုံးစရိတ်က များနေတယ်။ အသုံးစရိတ် လျှော့ချမယ်ဆိုပေမယ့် ၀န်ကြီးဌာနတွေမှာ ၀န်ထမ်းတွေကို လစာတိုးမယ်လို့ သတင်းတွေထွက်တယ်။ ဒီလိုလစာတိုးမယ်လို့ သတင်းထွက်တိုင်း ကုန်ဈေးနှုန်းတက်တယ်။ ဒေါ်လာဈေး ကလည်း ကုန်ဈေးနှုန်းနဲ့ အတူ တက်လာတယ်။ ၀ယ်လိုအားများတဲ့ အခါမှာလည်း ဒေါ်လာဈေးက တက်လာတယ်” ဟု စီးပွားရေးပညာရှင် ဦးလှမောင်က သုံးသပ်ပြောကြားသည်။

ဒေါ်လာဈေး မြင့်တက်လာခဲ့ခြင်း၏ အဓိကအကြောင်းရင်းမှာ ငွေကြေး ဖောင်း ပွခြင်းကြောင့်ဖြစ်ပြီး ငွေကြေးဖောင်းပွမှုသည် ပို့ကုန်နည်းသည့် ကာလ၊ သွင်းကုန်များသည့် ကာလများတွင် ဖြစ်တတ်ကြောင်း၊ ကုန်သွယ်မှုတွင် လိုငွေပြခြင်းကြောင့် ငွေကြေး အပြောင်းအလဲဖြစ်ကာ ရမည့်ဒေါ်လာထက် သုံးရမည့်ဒေါ်လာက များနေသောကြောင့် ဒေါ်လာ ဈေးတက်နေ မည်ဖြစ်ကြောင်း သုံးသပ်မှုများလည်း ရှိနေသည်။

မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ ထုတ်ပြန် ကြေညာချက်အရ လက်ရှိ မြန်မာ နိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်းသည် ၁၂.၁၄ ရာခိုင်နှုန်းရှိသည်ဟု ဆိုသည်။ အစိုးရသစ်အနေဖြင့် ဘတ်ဂျက်လိုငွေပြမှု လျှော့ချနိုင်ရေးအတွက် ၀န်ကြီးဌာန အရေအတွက်နှင့် ၀န်ကြီးရာထူးနေရာ အချို့ကို လျှော့ချခဲ့သည်။ သို့သော် အခြား ကုန်သွယ်မှုများတွင်လည်း လိုငွေပြမှု မြင့်လာမှုကြောင့် ပြန်မထေမိ သည့် သဘောဖြစ်နေဆဲဟု သုံးသပ်မှုများလည်း ရှိနေသည်။

ထင်သာမြင်သာရှိသည့် ကိန်းဂဏန်းတစ်ခုမှာ အစိုးရသစ်တက်သည့် ဧပြီလမှ ပြီးခဲ့သည့် ဇူလိုင်လအထိ ကုန်သွယ်မှု အမေရိကန်ဒေါ်လာ ၈. ၇၁ ဘီလီယံရှိခဲ့ပြီး ၊ ပို့ကုန်မှာ ၃. ၇၅ ဘီလီယံရှိကာ ၊ သွင်းကုန်မှာ ၄ ဘီလီယံ ကျော်ကျော်ရှိခဲ့ကာ ကုန်သွယ်ရေးလိုငွေ ၁. ၅ ဘီလီယံကျော် ရှိခဲ့သည်။ ယခင်ဘဏ္ဍာနှစ်ကလည်း ရွေးကောက်ပွဲရှိသည်နှင့် အတူ တစ်နှစ်လုံး ကုန်သွယ်မှု လိုငွေ ၂. ၅ ဘီလီယံရှိခဲ့ကာ ယခုနှစ် တွင်မူ လေးလအတွင်းတွင်ပင် ၁. ၅ ဘီလီယံ ကုန်သွယ်မှု လိုငွေရှိနေခဲ့ပါသည်ဟု စီးပွားကူးသန်း ၀န်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

ရေနံနှင့် သဘာဝဓာတ်ငွေ့ ဈေးနှုန်းများ ကျဆင်းခြင်း၊ သစ်အလုံးလိုက် တင်ပို့မှု တားမြစ်ခြင်း၊ ( တန်ဖိုးမြင့် ကုန်ချော ထုတ်လုပ်မှုကို အားပေးရန်အတွက်) ကျောက်စိမ်းရိုင်းများ ရောင်းချခြင်းကို လျှော့ချခြင်းနှင့် ရာသီဥတု ဆိုးရွားခြင်း၊ အထူးသဖြင့် ရေကြီးမှုကြောင့် လယ်ယာ စိုက်ပျိုးရေး ထုတ်လုပ်မှုများ လျော့ကျလာခြင်း တို့ကြောင့် ပို့ကုန် ပမာဏကို ကျဆင်းစေပြီး ကာလတိုအတွင်း ကုန်သွယ်ရေး လိုငွေပြမှုကို မြင့်တက်ခြင်း ဖြစ်ကြောင်း စီးပွားရေး လုပ်ငန်းရှင်များက ပြောသည်။

သို့သော် အစိုးရသစ်လက်ထက်တွင် ထုတ်လုပ်မှုစရိတ် ကြီးမြင့်ကာ ဆန်ဈေးနှုန်းမြင့်တက် လာခဲ့ခြင်းကြောင့် ဖိလစ်ပိုင်မှ တန်ချိန်သိန်းချီ သည့် မြန်မာဆန်များ မ၀ယ်ယူတော့ဘဲ တခြားနိုင်ငံများမှသာ ၀ယ်ယူတော့ခြင်း၊ တရုတ်မြန်မာ နယ်စပ်ကုန်သွယ်မှုတွင် ဆန်နှင့်ပြောင်း အပါဝင် ပို့ကုန်တော်တော်များများ ဖမ်းဆီးခံရခြင်းမှာလည်း လုပ်ငန်းရှင်များ သာမက တောင်သူများအတွက်ပါ သက်ရောက်မှု ရှိလာစေနိုင်သည့် အခြေအနေ ဖြစ်နေသည်။

ဒေါ်လာဈေး မြင့်တက်ခြင်းကြောင့် ဖြစ်ပေါ်လာသော ငွေကြေးဖောင်းပွမှုကို ကုစားနိုင်ရန်မှာ “ငွေကြေးဖောင်းပွမှုကို ကုစားချင်ရင် အသုံး စရိတ် လျှော့ချရမယ်။ အသုံးစရိတ်လျှော့ချဖို့ကလည်း လောလောဆယ်မှာ မဖြစ်နိုင်သေးဘူး။ ဒီတော့ နယ်စပ်ဒေသများရှိ တရားမ၀င် ကုန်သွယ်မှုများကို တရားဝင်အဖြစ်သို့ ဆောင်ရွက်ပေးလိုက်ပါက ငွေကြေးဖောင်းပွမှုကို အထိုက်အလျောက် ထိန်းချုပ်လာနိုင်မယ်” ဟု CB Bank မှ အကြံပေး ဦးဖေမြင့်က ပြောကြားသည်။

ယခင်က တရားမ၀င် ကုန်သွယ်မှုများမှ ရရှိလာသော ကုန်ပစ္စည်းများ ကို ရောင်းချရာတွင် မှောင်ခိုဈေးကွက်မှ ဒေါ်လာများ ၀င်ရောက်လာ ခဲ့ခြင်း ကြောင့် ဒေါ်လာဈေးကွက်မှာ သင့်တင့်သော ဈေးနှုန်းတစ်ခုတွင်သာ ရှိနေခဲ့သည်။ လက်ရှိ ကြုံတွေ့နေရသော ငွေကြေးဖောင်းပွမှုသည် ဗဟိုဘဏ်တွင် အဓိက တာဝန်ရှိသည်ဖြစ်ရာ ငွေကြေးဖောင်းပွမှု ထိန်းချုပ်မှုသည် ငွေစုအတိုးနှုန်းကို တိုးမြှင့်ပေးပါက ငွေကြေးဖောင်းပွမှုကို ထိန်းချုပ်နိုင်မည်ဖြစ်သည်။ ဗဟိုဘဏ်၏ ကို်င်တွယ်မှုအပေါ် လေ့လာ သူများကလည်း မေးခွန်းထုတ်နေကြဆဲ ဖြစ်သည်။ တောင်သူများအား ချေးငွေ ထုတ်ချေးမည်ဆိုစဉ်က လွှတ်တော်အတွင်းတွင် ငွေစက္ကူထုတ်ရိုက်မှုမှာ နည်းလမ်းတစ်ခု ဖြစ်သည်ဟု ဗဟိုဘဏ်က ပြောဆိုခဲ့ခြင်းမှာ ယခုအခြေ အနေနှင့် ဆက်စပ် မဆက်စပ် စဉ်းစားစရာ ရှိနေ သည်။ တောင်သူများ ၏ ချေးငွေမှာ အမေရိကန်ဒေါ်လာ သန်း ၅၀၀ ခန့်ရှိခဲ့သည် မဟုတ်ပေလော။ တစ်ဖက်တွင်လည်း သင်္ကြန်ပြီးစကတည်းက တက်နေသည့် အခြေခံ စားသောက်ကုန် ဈေးနှုန်းမှာ တက်မြဲတက်နေဆဲ ဖြစ်သည်ဟု ဆိုကြသည်။

မြန်မာနိုင်ငံတွင် ကြုံတွေ့နေရသော ငွေကြေးဖောင်းပွမှုကို ဖြေရှင်းနိုင်ရန်မှာ Stock & Share ဈေးကွက်ကို ကျယ်ပြန့်စွာ ဆောင်ရွက်နိုင်ပါက အထိုက်အလျောက် ထိန်းချုပ်နိုင်မည်ဖြစ်ပြီး ပို့ကုန်တင်ပို့မှုကို များများ ဖော်ထုတ်ပေးရန် လိုအပ်ကြောင်း စီးပွားရေး အသိုင်းအ၀ိုင်းက ဆိုကြသည်။

နိုင်ငံတကာတွင် ငွေကြေးဖောင်းပွမှု ဖြစ်စေသော အကြောင်းအရာ အများစုမှာ ရောင်းလိုအားထက် ၀ယ်လိုအား မြင့်တက်ခြင်းကြောင့် ကုန်ဈေးနှုန်းများ မြင့်တက်လာသဖြင့် ငွေကြေးဖောင်းပွလာပြီး ဒုတိယ အချက်အနေဖြင့် ကုန်ထုတ်လုပ်မှုစရိတ် မြင့်တက်လာသောကြောင့် ဈေးနှုန်း မတင်လျှင် မဖြစ်တော့သည့် အနေအထား ဖြစ်နေသောကြောင့် ကုန်ဈေးနှုန်း တက်လာသဖြင့် ငွေကြေးဖောင်းပွ လာလေ့ရှိသည်။

တတိယအချက်အနေဖြင့် မြန်မာနိုင်ငံကဲ့သို့သော ဖွံ့ဖြိုးစ နိုင်ငံများနှင့် နိုင်ငံရေး မတည်ငြိမ်သော နိုင်ငံများတွင် အဖြစ်များသော ပြည်တွင်း အခြေအနေ မတည်ငြိမ်မှုကြောင့် ပြည်သူများ စိုးရိမ်စိတ်များပြီး ပြည်တွင်းရှိ တန်ဖိုးကြီး ပစ္စည်းများကို ၀ယ်ယူစုဆောင်းကြရာမှ အဆောက်အအုံဆိုင် ရာ ငွေကြေးဖောင်းပွမှုတို့ ဖြစ်ပေါ်လာရခြင်း ဖြစ်သည်ဟု စီးပွားရေး ပညာရှင်များက သုံးသပ်သည်။

ရန်ကုန်မြို့ပေါ်မှ ဆောက်လုပ်ရေး လုပ်ငန်းရှင်များမှာမူ ဆောက်လုပ်ရေး လုပ်ငန်း အတော်မျာများ ရပ်ဆိုင်းကုန်ပြီဖြစ်သလို ၀န်ထမ်း လျှော့ချမှုများ လည်း ရှိနေသည်။ အထပ်မြင့် အဆောက်အအုံအချို့ ပြန်လည်ဆောက်လုပ် ခွင့် ပေးခဲ့သော်လည်း ယင်းနှင့် ဆက်စပ်သည့် လုပ်ငန်းများတွင် လည်ပတ်မှု ပမာဏ တစ်ရပ်အထိတော့ လျော့သွားမည်မှာ သေချာသည်။

နှစ်ပေါင်း သုံးဆယ်နီးပါး ပါဝင်ခဲ့သည့် ကမ္ဘာ့အဆင်းရဲဆုံးနှင့် ဖွံ့ဖြိုးမှုအနည်းဆုံး နိုင်ငံများစာရင်းတွင်လည်း ပါနေဆဲပင်။ ပိတ်ဆို့မှုများ ဖယ်ရှားတော့မည် ဖြစ်သောကြောင့် LDC နိုင်ငံများ ရယူခံစားခွင့်ရှိသည့် Special Support Measure များကို လေ့လာပြီး ရယူအသုံးချနိုင်ရန် စီမံချက်များ၊ အဆိုပြုလွှာများရေးဆွဲ ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပြောကြားခဲ့သည်။

LDC ၏ ပထမဦးဆုံး တိုင်းတာသည့် ညွှန်းကိန်းသည် တစ်ဦးကျသင့်ငွေ GNI ညွှန်းကိန်းဖြစ်ပါကြောင်း၊ သုံးနှစ် ကာလအတွင်း တစ်ဦးကျဝင်ငွေဖြင့် တိုင်းတာခြင်း ဖြစ်ပါကြောင်း၊ တစ်ဦးချင်းဝင်ငွေကို ၁၉၇၁ ခုနှစ် တစ်နှစ်ကို ၇၄၅ ဒေါ်လာ အောက်ရရှိသည့် နိုင်ငံများကို LDC အဖြစ် သတ်မှတ်ခဲ့ပြီး ၉၀၀ ကျော် ရှိမည်ဆိုပါက LDC အဖြစ်က လွတ်မြောက်ခြင်းဟု သတ်မှတ်ကြောင်း သိရသည်။ ၂၀၁၅ ခုနှစ်တွင် ပြင်ဆင် သတ်မှတ်သည့် စံနှုန်းအရဆိုလျှင် တစ်ဦးကျဝင်ငွေ တစ်နှစ်ကို ၁,၀၃၅ ဒေါ်လာကို ဝင်ရောက်နိုင်ပြီး လွတ်မြောက်ရန်အတွက် ၁,၂၃၂ ဒေါ်လာကျော်ကို သတ်မှတ်ကြောင်း တွေ့ရှိရရာ LDC တိုင်းတာ ညွှန်းကိန်းသည် တဖြည်းဖြည်း မြင့်တက်လာခဲ့သောကြောင့် မြန်မာနိုင်ငံသည် LDC စာရင်းမှ လွတ်မြောက်ရန် မလွယ်ကူကြောင်း စီးပွားရေးပညာရှင် ဦးလှမောင်က သုံးသပ်သည်။

လက်ရှိ မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုကဏ္ဍကို ကြည့်မည်ဆိုပါက ယခုနှစ်အတွင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ခြောက်ဘီလီယံ မျှော်မှန်းထားသော်လည်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ချထားပေးမှု ပမာဏမှာ ယခင်ဘဏ္ဍာနှစ်နှင့် နှိုင်းယှဉ်ပါက နည်းပါးနေသေးသည်ဟု ဆိုသည်။ အမေရိကန်နိုင်ငံ၏ စီးပွားရေးပိတ်ဆို့ အရေးယူမှု ဖယ်ရှားပေးခြင်းနှင့် ကုန်သွယ်မှု အထူးအခွင့် အရေး GSP ပေးအပ်ခြင်းတို့ကြောင့် မြန်မာ့စီးပွားရေး အလားအလာ ကောင်းလာနိုင်သော်လည်း ယင်းမှာ အချိန် ကာလတစ်ခု လိုအပ်နေဦးမည်ဟု ပညာရှင်များက သုံးသပ်သည်။ အမေရိကန်နိုင်ငံကဲ့သို့ ဥရောပသမဂ္ဂသည်လည်း မြန်မာနိုင်ငံကို GSP အခွင့်အရေး ပေးသော်လည်း မြန်မာ့ထုတ်ကုန်များ စံချိန်စံညွှန်းမီအောင် တင်ပို့နိုင်ခြင်း မရှိသည့်အတွက်ကြောင့် ယင်းအခွင့်အရေးကို အပြည့်အဝ မျှော်လင့်၍ မရနိုင်သေးဟု ဆိုကြသည်။

''ခါတိုင်းလည်း ဒီအချိန်ကတော့ ဒေါ်လာဈေးတက်နေကျပဲ။ ဒီအချိန်က မိုးတွင်းဆိုတော့ ပို့စရာသိပ်မရှိဘူး။ သွင်းတာကတော့ ဆက်သွင်းနေတယ်။ ဈေးကစားတာကြောင့်လို့တော့ မမြင်ပါဘူး။ လိုအပ်လို့ ကုန်သွယ်မှုအတွက် သွင်းကြတာလို့ မြင်တယ်။ နိုင်ငံခြားကလာ မယ့် ဒေါ်လာတွေ ပေးမယ်ဆိုတဲ့ ဒေါ်လာတွေက မလာသေးဘူး။ မမြင်ရသေးဘူးလေ။ နိုင်ငံခြားကုမ္ပဏီတွေ၊ တခြားသွင်းကုန် လုပ်ငန်းကုမ္ပဏီတွေ ဒေါ်လာဝယ်ရတာ ရှိမယ်။ အဲဒါက တစ်စိတ် တစ်ဒေသ လောက်ပဲ ဖြစ်ပါတယ်။ နောက်ပြီး ကုန်သွယ်မှုမှာ အထူးအခွင့် အရေး ပေးထားတဲ့ (GSP)က အမေရိကန်က ပေးပေမယ့် ဆရာကတော့ ဥရောပသမဂ္ဂလို ဖြစ်မှာလည်း စိုးတယ်။ သူတို့က ဖွင့်ပေးလိုက်ပေမယ့် ကိုယ့်နိုင်ငံက ပစ္စည်းတွေက စံချိန်စံညွှန်းမကိုက်ဘူး။ အဲတော့ GSP ရဲ့ အခွင့်အရေးကို ခံစားဖို့ဆိုတာက အချိန် နည်းနည်းလိုဦးမယ် ထင်ပါတယ်''ဟု စီးပွားရေးပညာရှင် တစ်ဦးဖြစ်သူ ဦးခင်မောင်ညို(ဘောဂဗေဒ)၏ သုံးသပ်ချက်ကို နိုင်ငံပိုင်တွင် သတင်းစာက ဖော်ပြထားသည်။

မြန်မာနိုင်ငံ၏ စီးပွားရေး တိုးတက်မှုနှုန်းသည် ယခင်နှစ်များတွင် ၈.၅ ရာခိုင်နှုန်း ရှိခဲ့သော်လည်း ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင်မူ ၇ ရာခိုင်နှုန်းသာ ရှိခဲ့ကြောင်း ကမ္ဘာ့ဘဏ်က ပြီးခဲ့သည့် ဇွန်လ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သို့သော် စီးပွားရေးပိတ်ဆို့မှုများ ဖြေလျှော့ရုပ်သိမ်းမှု၊ နိုင်ငံတကာ အကူအညီများ ရရှိလာနိုင်မှုတို့ကြောင့် ပြန်လည် တည်ငြိမ်လာမည်ဟု မျှော် လင့်ထားကြောင်းလည်း မကြာသေးခင်ကမှ စက်မှု ကုန်သည်အသင်း ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခံရသူ ဦးဇော်မင်းဝင်းက နိုင်ငံပိုင် သတင်းစာ သို့ ပြောဆိုထားသည်။

ရင်းနှီးမြှုပ်နှံမှု အများအပြား ၀င်လာရန် မျှော်လင့်နေသော်လည်း ရင်းနှီးမြှုပ်သူများအတွက် လျှပ်စစ်မီး ၊ မြေ ၊ အဆောက်အအုံ ဈေးနှုန်းချိုသာမှု ၊ အခွန်နှင့် ဥပဒေဆိုင်ရာ သင့်တင့်မျှတမှုနှင့် အဆင်သင့်ဖြစ်မှုရှိမရှိ ၊ လုပ်အားခဈေးနှုန်း ၊ နိုင်ငံတည်ငြိမ်မှု စသည့် ကိစ္စရပ်များကလည်း အဆင်သင့် ဖြစ်မဖြစ်ဆိုသည်မှာ မေးခွန်းထုတ်စရာ အခြေအနေတွင် ရှိနေပါသေးသည်။

ဝသန်
The Ladies News

0 comments:

Post a Comment