ယခုမနက် မူးယစ်ဆေးဝါး နှိမ်နင်းရေး အကြောင်းကို ဆွေးနွေးပါမယ်။ မူးယစ်ဆေးဝါးကို ဘယ်လိုနှိမ်နင်းရမယ်ဆိုတာကို ဆွေးနွေးမှာတော့ မဟုတ်ပါဘူး။ ဘယ်လိုမနှိမ်နင်းရဘူးဆိုတာကို ဆွေးနွေးမှာပါ။ ကိုင်စွဲရမယ့် အခြေခံမူက တစ်ခုတည်းဖြစ်ပါတယ်။ ဒူတာတီနောက်ကိုမလိုက်ဖို့ပါ။
ဖိလစ်ပိုင်သမ္မတ ရိုဒရီဂို ဒူတာတီဆိုရင် အမေရိကန် သမ္မတဘားရက်အိုဘားမားနဲ့ ပုပ်ရဟန်း မင်းကြီး ဖရန်စစ်တို့ကို‘-ာ သည်မသား’လို့ ဆဲသူ၊ ဥရောပသမဂ္ဂကို လက်ခလယ်ထောင်ပြသူနဲ့ ကုလသမဂ္ဂက နုတ်ထွက်မယ်လို့ ခြိမ်းခြောက်သူအဖြစ် လူသိများပါတယ်။ တကယ်တော့ နိုင်ငံတကာအသိုင်းအဝိုင်းက သူ့ကို စိုးရိမ်ကြရတာဟာ ကြမ်းတမ်းတဲ့ ဘာသာစကားထက် သူ့ရဲ့ လက်မရွံ့တဲ့ မူးယစ်ဆေးဝါးနှိမ်နင်းရေး စစ်ပွဲကြောင့်ပဲ ဖြစ်ပါတယ်။
ဒူတာတီသမ္မတဖြစ်လာပြီး သုံးလအတွင်းမှာ မူးယစ်ဆေးဝါး ရောင်းချသူနဲ့ သုံးစွဲသူလို့ သံသယ ရှိခံရသူ သုံးထောင်ကျော်ကို ကွပ် မျက်ခဲ့ပြီးပါပြီ။ အသတ်ခံခဲ့ကြရတဲ့ လူသုံးထောင်ကျော်ဟာ တရားရုံးမှာ ရင်ဆိုင်ခွင့်မရခဲ့ကြပါ ဘူး။ လမ်းတွေပေါ်မှာ၊ အိမ်တွေ ထဲမှာ ပစ်သတ်ခံခဲ့ကြရတာ ဖြစ် ပါတယ်။ သူတို့ထဲက တချို့တွေ ဟာ သူတို့မိသားစုတွေရဲ့ ရှေ့ မှောက်မှာ သတ်ဖြတ်ခံခဲ့ကြရတာ ပါ။
‘ဒူတာတီဘယ်သူလဲ’ဆိုတာ ကို နားလည်ဖို့ ၁၉၈၀ ပြည့်နှစ် များဆီက ဖိလစ်ပိုင်နိုင်ငံတောင် ပိုင်း မင်ဒါနောင်ကျွန်းပေါ်က ဒါ ဗောင်(Davao)ဆိုတဲ့ မြို့ဆီကို ပြန်သွားရမှာပါ။ အာဏာရှင်မား ကို့စ်ကို ၁၉၈၆ မှာ ဖြုတ်ချခဲ့ပြီး နောက်ပိုင်း ဖိလစ်ပိုင်နိုင်ငံဟာ တရားဥပဒေစိုးမိုးမှု အင်မတန် နည်းပါးခဲ့ပါတယ်။ ဒါဗောင်က တော့ အဆိုးရွားဆုံးဖြစ်ပါတယ်။
လူသုံးထောင်ကျော်မှာ တစ် ဝက်လောက်ကို ရဲတွေက ပစ် သတ်ခဲ့ကြတာဖြစ်ပြီး ကျန်တဲ့ တစ်ဝက်လောက်ကိုတော့ ‘အရပ် သား ပါးကွက်အာဏာသားများ’ က စီရင်ခဲ့ကြတာ ဖြစ်ပါတယ်။ ဒူတာတီရဲ့ ရာဇဝတ်မှု နှိမ်နင်းရေး မှာ ‘အရပ်သား ပါးကွက်အာဏာ သားများ’က အရေးပါတဲ့ အခန်း ကဏ္ဍမှာ တစ်လျှောက်လုံး ပါနေ ခဲ့တယ်လို့ စောင့်ကြည့်သူများနဲ့ သတင်းမီဒီယာသမားများက ဝေ ဖန်ခဲ့ကြပါတယ်။
မြို့တော်ဝန် ဒူတာတီနဲ့ သူ့ ရဲ့ တပ်ဖွဲ့ဝင်တွေဟာ လူရာပေါင်းများစွာကို သတ်ဖြတ်ပြီးဒါဗောင်ကို ထိန်းသိမ်းဖို့ ကြိုးစားခဲ့ကြပါတယ်။ တစ်ခါတော့ ထင်ရှားတဲ့ မူးယစ်ဆေးဝါးဂိုဏ်း ခေါင်းဆောင်တစ်ဦးနဲ့ ရဲတပ်ဖွဲ့တွေ အပြန်အလှန် ပစ်ခတ်ကြပါတယ်။ ဒဏ်ရာအပြင်းအထန် ရထားတဲ့ ဂိုဏ်းခေါင်းဆောင်ကို ဆေးရုံမှာ တင်ပြီး အရေးပေါ်ကုသနေချိန်မှာ ဆေးရုံကို မြို့တော်ဝန် ကိုယ်တိုင် ရောက်လာပါတော့တယ်။ ဒူတာ တီက မူးယစ်ရာဇာရဲ့ ကိုယ်မှာတပ်ဆင်ထားတဲ့အသက်ကယ်ပိုက်များအားလုံးကို သူ့လက်နဲ့ ဆွဲဖြုတ်ခဲ့ပါတယ်။
နားထောင်ကြည့်တဲ့အခါမှာ စိတ်ဝင်စားစရာကောင်းပေမယ့် တကယ့်ဖြစ်ရပ်များက ချောက်ချားစရာ ကောင်းပါတယ်။ ကြောက်စရာ အကောင်းဆုံး တစ်ခုကတော့ ဒူတာတီ ဖွဲ့စည်းခဲ့တဲ့ အရပ်သား ‘ပါးကွက်အာဏာသားများ’ (Death Squad)ပဲ ဖြစ်ပါ တယ်။ ဒါဗောင်က မူးယစ်ဆေး ဝါးသမားများကို နှိမ်နင်းဖို့အတွက် သူက အရပ်သားများကို လျှို့ဝှက် ဖွဲ့စည်းပြီး လူသတ်ခွင့်ပေးခဲ့တယ် လို့ စောင့်ကြည့်သူများက ထုတ် ဖော်ပြောဆိုကြပါတယ်။ သူစု စည်းသူတွေထဲမှာ ရပ်ကွက်တွေ ထဲက သူခိုး၊ ကြမ်းပိုးတွေ၊ လူ မိုက်တွေနဲ့ ထောင်ထွက်တွေ အ များအပြား ပါဝင်ပါတယ်။ ပါးကွက်သားတွေက သေနတ်ခါးကြားထိုးပြီး တွေ့ရာလူကို ပစ်သတ်ခွင့်ရခဲ့ကြပါတယ်။ လူ့အခွင့်အရေး အဖွဲ့အစည်းများရဲ့ ထုတ်ပြန်ချက်များအရ ပါးကွက်သားများဟာ ၁၉၈၈ နဲ့ ၂၀၁၆ အကြား လူပေါင်းတစ်ထောင့် လေးရာကျော်ကို သတ်ဖြတ်ခဲ့ကြတယ်လို့ ဆိုပါတယ်။ အသတ်ခံရသူ အများစုဟာ မူးယစ်ဆေးဝါး သုံးစွဲသူတွေ၊ အသေးစားရာဇဝတ်မှု ကျူးလွန်သူတွေနဲ့ လမ်းပေါ်မှာနေထိုင်တဲ့ ကလေးငယ်တွေ ဖြစ်ပါတယ်တဲ့။
ပြီးခဲ့တဲ့ စက်တင်ဘာ ၁၅ ရက်နေ့က ဆီးနိတ်လွှတ်တော် စုံ စမ်းရေးကော်မရှင်ရှေ့မှာ အက် ဂါမာတိုဘာတိုဆိုသူက သူဟာ ဒူတာတီ မြို့တော်ဝန်ဘဝမှာ ဒူတာတီ ခိုင်းစေတဲ့အတွက် လူ ၅၀ ကျော် သတ်ပေးခဲ့ရတယ်လို့ ဝန်ခံခဲ့ပါတယ်။ သူ့ရဲ့ဖြောင့်ချက် မှာ ဒူတာတီကိုယ်တိုင် တရားရေး ဌာန ဝန်ထမ်းတစ်ဦးကို အူဇီစက် သေနတ်နဲ့ ပစ်သတ်ခဲ့တယ်လို့ ပါဝင်ပါတယ်။ ဒူတာတီကတော့ သူ့အပေါ် စွပ်စွဲမှုများကိုငြင်းဆန် ပြီး အက်ဂါကို သူဘယ်တုန်းကမှ မသိခဲ့ပါဘူးလို့ ပြောပါတယ်။ သူ့ ကို စုံစမ်းစစ်ဆေးရာမှာ ဦးဆောင် တဲ့ ကော်မတီ အဖွဲ့ခေါင်းဆောင် အမျိုးသမီး အမတ်လီလာဒီလီမာ ကို ဒူတာတီက ပြင်းပြင်းထန်ထန် တုံ့ပြန်ခဲ့ပါတယ်။ သူနဲ့ ပလဲနံပ သင့်တဲ့ ဆီးနိတ်လွှတ်တော်အမတ် ဖြစ်သူ လက်ဝှေ့ကျော် မန်နီပက် ကွီအိုကို အဆိုတင်သွင်းခိုင်းပြီး လီလာဒီလီမာကို စုံစမ်းရေး ကော် မတီဥက္ကဋ္ဌရာထူးက ဖြုတ်ချခဲ့ပါ တယ်။ ဒါတင်မက သူမကို မူး ယစ်ဆေးဝါး ရောင်းဝယ်ရေးမှာ ပါဝင်သူအဖြစ် စုံစမ်းစစ်ဆေးနေ ပြီး သူမကားဒရိုင်ဘာနဲ့ လိင်ဆက် ဆံနေသူလို့လည်း စွပ်စွဲခဲ့ပါတယ်။ ဥပဒေပြုရေးမဏ္ဍိုင်မှာ ဒူတာတီ ကို စိန်ခေါ်ရဲသူ အင်မတန်ရှား သွားပြီဖြစ်ပါတယ်။
သြော် ...စကားမစပ် ဒူတာ တီမရှိတော့လို့ ဒါဗောင်မြို့ အတွက် မပူပါနဲ့။ မြို့တော်ဝန် အသစ်ရပါပြီ။ ဆာရာဒူတာတီဖြစ် ပါတယ်။ ဒူတာတီရဲ့သမီး ဆာရာ ဒူတာတီဟာ သူမစကား နားမ ထောင်တဲ့ ရဲအရာရှိတစ်ဦးရဲ့ မျက်နှာကို လေးချက်ဆင့်ထိုးပြီး ‘ဖေဖေ့သမီး’ပီသကြောင်း သက် သေပြခဲ့ပြီးဖြစ်ပါတယ်။ ။
7Day
0 comments:
Post a Comment