Sunday, October 2, 2016

ခိုးကူးခွေပပျောက်ရေး ရက်တစ်ရာစီမံချက်နှင့် ပြည်သူ့အသံ



မြန်မာ့ရုပ်ရှင်ဖွံ့ဖြိုးတိုးတက်ရေးဖိုရမ်မှ ထွက်ပေါ်လာသည့် အကောင်အထည်ဖော်ရန် အချက်ရှစ်ချက်အနက် တစ်ခုအပါအ၀င်ဖြစ်သော ခိုးကူးခွေပပျောက်ရေး ပညာပေးရက်တစ်ရာစီမံချက်ကို အောက်တိုဘာ ၁ ရက်တွင် စတင်နေပြီဖြစ်ပြီး ပညာပေးကာလအရေးယူမှုမရှိသေးသော်လည်း ဖမ်းဆီးမှုများ စတင်နေပြီဖြစ်ရာ မြို့နယ်အသီးသီးတွင် နိုင်ငံခြားဇာတ်ကား အများစုသာရောင်းချလေ့ရှိသည့် လမ်းဘေးအခွေဆိုင်လေးများမှာ ယင်းစီမံချက်မတိုင်မီ စက်တင်ဘာလကုန်ပိုင်းကပင် ပိတ်သိမ်းထားပြီးဖြစ်သည်။ ထို့ကြောင့် နိုင်ငံခြားဇာတ်ကားများ၊ ဇာတ်လမ်းတွဲ ကြည့်ရှုလိုသူများအတွက် အခက်အခဲများ ကြုံတွေ့နေရရာ ယင်းစီမံချက်က မြန်မာ့ ရုပ်ရှင်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အမှန်တကယ် ထိရောက်မှုရှိ၊မရှိကို ရုပ်ရှင်ချစ်သူ ပရိသတ်များအား မေးမြန်းထားသည်များကို ပြည်သူ့အသံအဖြစ် စုစည်း တင်ပြအပ်ပါသည်။

ဦးသူရ (ဇာဂနာ)
ကျွန်တော်တို့က သူခိုးကို ဖမ်းရမှာလား။ မဖမ်းဘဲထားရမှာလား။ သူတို့ပြောတာက မြန်မာကားခိုးကူးတွေ ဖမ်းတဲ့အတွက်ကြောင့်အင်္ဂလိပ် ကားတွေပါသွားတယ်ဆိုတော့ အင်္ဂလိပ်ကားလည်း ခိုးကူးပဲလေ။ မူပိုင် ခွင့်နဲ့သာပြောရင် အင်္ဂလိပ်ကားတွေ နိုင်ငံခြားက ခိုးသွင်းလာတာ။ ကျွန်တော်တို့ဖမ်းခိုင်းတာကလည်း အင်္ဂလိပ်ကားကို မဖမ်းခိုင်းပါဘူး။ မြန်မာကားကို ဖမ်းပါ။ တကယ်က မြန်မာ့ရုပ်ရှင်က အဓိကမဟုတ်ပါဘူး။ သီချင်းခွေတွေ၊ ဝေလတို့အခွေတွေထွက်တယ်။ ဒီနေ့ပဲထွက်တယ်၊ ည နေပဲ ခိုးကူးဖြစ်၊ အွန်လိုင်းပေါ်တင်လိုက်တယ်။ ဒါမျိုးတွေလုပ်တာကျ တော့ အနုပညာရှင်တွေက ပိုက်ဆံနဲ့ဘ၀နဲ့။ အဲဒီလူတွေကိုကျ ကိုယ် ချင်းမစာဘူးလား။ ခိုးတဲ့သူတွေကို ဂုဏ်ပြုသလိုဖြစ်နေတယ်။ အဲဒါ ကြောင့် ကျွန်တော်တို့က ခိုးကူးဖမ်းပေးပါ။ မြန်မာကားခိုးကူး၊ မြန်မာသီချင်း ခိုးကူးကိုဖမ်းရင်းနဲ့ အင်္ဂလိပ်ကားလည်းပါသွားမှာပဲ။ အင်္ဂလိပ်ကားကို ကျွန်တော်လည်းကြည့်ပါတယ်။ သို့သော် တကယ်တမ်းအင်္ဂလိပ်ကားတွေ နိုင်ငံတော်ကို အခွန်တော့ဆောင်သင့်တယ်။ အချပ်တစ်ချပ်ကို တိုင်းပြည်အတွက် ၂၅ ကျပ်တောင်မပေးချင် ဘူးဆိုရင်တော့ ခိုးကူးဖမ်းတာ နည်းတောင်နည်းသေးတယ်။ အခုဖမ်းတဲ့အထဲမှာ နိုင်ငံခြားကားမပါဘူး။ ဒါပေမဲ့ နိုင်ငံခြားခွေဖမ်းပါတယ်ဆိုပြီး ခိုးကူးခွေရောင်းတဲ့သူတွေက သက်သက်ပြန်ပြီးလွှင့်တာ။ ဒါပေမဲ့ ဘာလုပ် လိုက်လဲဆိုတော့ မြန်မာကားခိုးကူးတွေ ဖမ်းတာကို နိုင်ငံခြားကားတွေပါ ဖမ်းတယ်ဆိုပြီး အသံမထွက်ထွက် အောင်လုပ်တာ။ သူခိုးကိုဖမ်းတာကိုတော့ ၀မ်းနည်းတယ်ဆိုတဲ့ စကားကိုမသုံးချင်ပါဘူး။ ရှေ့လျှောက်ပြီးတော့ လည်း ရက်တစ်ရာအတွင်းမှာက ပစ္စည်းကိုပဲဖမ်းသေးတာ။ ရက်တစ်ရာကျော်ရင် ထောင်ချမှာ။ အခုက ပညာပေးကာလမို့ ပစ္စည်းပဲဖမ်းတာ။ နောက်ဆိုရင်တော့ ထောင်ချမယ်။
စန္ဒာလင်း (မြောက်ဒဂုံမြို့နယ်)
နိုင်ငံခြားဇာတ်ကားတော်တော်များများ ကြည့်ဖြစ်ပါတယ်။ လမ်း ဘေးအခွေဆိုင်ကနေ TV ရုပ်သံလိုင်းတွေမှာလာနေတဲ့ ဇာတ်လမ်းတွဲ တွေ တော်တော်များများ ၀ယ်ဖြစ်တယ်။ နိုင်ငံခြားကားတွေကိုပဲ အဓိက ၀ယ်ဖြစ်တာဆိုတော့ လမ်းဘေးဆိုင်တော်တော်များများမှာ မြန်မာကား သိပ်မရှိသလောက်ပါပဲ။ လမ်းဘေးအခွေရောင်းတဲ့ ဆိုင်က အငြိမ့်ခွေ လောက်တင်တာတွေ့ရတယ်။ သီချင်းခွေတွေကလည်း အရင်ကသာ လမ်းဘေးအရောင်းဆိုင်ကြောင့် ဈေးကွက်ပျက်စီးတာလို့ ပြောလို့ရ တယ်။ အခုဆို သီချင်းကို အွန်လိုင်းကပဲ ဒေါင်းတာမျိုးဆိုတော့ လမ်း ဘေးအခွေဆိုင်က သီချင်းခွေဈေးကွက်ကို မသက်ရောက်နိုင်တော့ဘူးလို့ မြင်မိတယ်။ လမ်းဘေးအခွေဆိုင်တွေကို ဖမ်းဆီးတာဟာ ခိုးကူးပပျောက် ရေးကို ထိရောက်တယ်လို့ မမြင်မိဘူး။ လမ်းဘေးအခွေဆိုင်မှာ နိုင်ငံခြားကားတွေ၊ ဇာတ်လမ်းတွဲတွေသာ စုံစုံလင်လင် ရောင်းနေတာကြောင့်ပါ။ မြန်မာဇာတ်ကားကြည့်တဲ့ ပရိသတ်က အခွေငှားဆိုင်ကပဲ အများစု ငှားကြည့်ကြတယ်။ မြန်မာဇာတ်လမ်းခွေကို အပိုင်ဝယ်ယူပြီး ကြည့်တဲ့သူ သိပ်မရှိပါဘူး။ အဲဒီတော့ မြန်မာ ကားကို ခိုးကူးကြတယ်ဆိုတာ အခွေငှားဆိုင်တွေမှာ ပိုများလိမ့်မယ်ထင်တယ်။
စိုးမြင့်နိုင် (ကမာရွတ် လှည်းတန်း)
နိုင်ငံခြားကားတွေပဲ ကြည့်ဖြစ်တာများပါတယ်။ လမ်းဘေးအခွေ ဆိုင်တွေရှိတုန်းကတော့ လမ်းဘေးအခွေဆိုင်တွေက ၀ယ်ကြည့်တယ်။ လမ်းဘေးအခွေဆိုင်တွေ အဖမ်းအဆီးရှိလို့ ရှားသွားတဲ့အချိန်ကျ စိန် ဂေဟာတို့လို ကုန်တိုက်တွေက ၀ယ်ကြည့်တယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ရက် ပိုင်းကစပြီး ကုန်တိုက်တွေမှာလည်း မရှိတော့ပါဘူး။ မရောင်းတော့ဘူး ပြောတယ်။ ဒီအတိုင်းဆိုရင်တော့ ဇာတ်ကားခွေဝယ်ဖို့က တော်တော် လေးခဲယဉ်းသွားမယ်နဲ့တူတယ်။ တကယ်ထိထိရောက်ရောက် လုပ်ရင် တော့ ၀မ်းနည်းစရာသတင်းပဲ။ ကြည့်ရှုသူတွေ မြန်မာကားဘက် လှည့် လာအောင်ပေါ့။ ဒီလိုဆိုရင် မေးချင်တာက ကြည့်စရာမရှိလို့ မြန်မာကား ကြည့်နေတာကို ကျေနပ်နေတော့မှာလားပေါ့။ ကျွန်တော်ဆိုရင်တော့ မရှိရှိတာပဲ ရှာကြည့်နေဦးမှာပဲ။ ဘာလို့လဲဆိုတော့ နိုင်ငံတကာ ရုပ်ရှင်ကားတွေက သဘာဝလွန်ကားတွေကို ယုတ္တိရှိအောင် ရိုက်ကြတယ်။ မြန်မာကားတွေက သဘာဝအတိုင်း ဖြစ်ပျက်နေတာလေးကို ယုတ္တိတန်အောင် မရိုက်နိုင်ကြသေးဘူး။ တချို့ဟာသကားတွေတောင် ကိုယ့်ဟာကိုယ် ချိုင်းကြားကလိထိုးနေရတုန်းပဲ။
ကိုရန်လင်းအောင် (Assistant Survey Engineer)
နိုင်ငံခြားကားအခွေဝယ်တာ လမ်းဘေးအခွေဆိုင်ကပါ။ အခုဆို အခွေလုံးဝမကြည့်ရဘူး။ အရင်ကဆို ပျင်းတဲ့အချိန်၊ အားတဲ့ရက်တွေ အိမ်မှာ မုန့်တွေဝယ်ပြီး အခွေကြည့်တယ်။ အပန်းဖြေတယ်။ အခုတော့ ဘာမှ ကြည့်စရာမရှိဘူး။ ဘယ်သူတွေကို စိတ်တိုရမှန်းတောင်မသိဘူး။ အပ်ကြောင်းထပ်နေတဲ့ မြန်မာကားတွေ နိုင်ငံတကာအဆင့်မမီဘေးဘဲ Animation အစုတ်ပလုတ်တွေကိုတော့ မကြည့်နိုင်ဘူး။ လူငယ်တွေရဲ့ အားလပ်ချိန်တွေကို နိုင်ငံခြားသီချင်းခွေတွေ၊ ရုပ်ရှင်တွေက တစ်နေရာ ရာက ဖြည့်စွက်ပေးထားတာ။ ဒါတွေမရှိတော့ လက်ဘက်ရည်ဆိုင်မှာ ဘော်ဒါတွေစုမယ်။ Online က အလကားရတဲ့ 18+ တွေဖက်ရောက် တယ်။ ဒီစီမံကိန်းကြောင့် ခိုးကူးလုံးဝ မပပျောက်ဘူး။ စိတ်ချ။ ဘယ်လို အတွေးနဲ့ ဒီလိုတွေ ဖမ်းရုံနဲ့ ခိုးကူးပပျောက်မယ်ထင်နေကြတာလဲ မသိဘူး။ လူငယ်တွေ လုံးဝမကျေနပ်ဘူး။ မြန်မာကားကြည့်ရှုမှုနှုန်းနည်းတယ်။ ဟုတ်တယ်လေ။ တစ်ခွန်းတည်းပြောရရင် ကောင်းလို့လား။ မြန်မာကား ဆို ကူးပြီးရောင်းရောင်း အော်ရီဂျင်နယ်ပဲ ရောင်းရောင်း ၀ယ်ကိုမကြည့် ဖြစ်တာ။ ရုပ်ရှင်လောက ကမ္ဘာနဲ့ ရင်ပေါင်မတန်းနိုင်သေးတာကို လက်ခံတယ်။ ပေါတောတောနဲ့ ကလေးကွက်တွေတော့ မလုပ်နဲ့ပေါ့လေ။ တစ်ခါလာလည်း ဒီဇာတ်ညွှန်း ဒီဇာတ်လမ်း။ တချို့နေရာဆို မင်းသား ဘာပြောရင် မင်းသမီးဘာပြောမယ်ကအစ သိနေတယ်။ မြန်မာကားတွေလည်း လက်တစ်လုံးကြား တအားမိုက်ရိုင်းတဲ့ စကားတွေပါတယ်။ အသက်မပါတဲ့ ယောင်တာတွေ ပေါကြောင်ကြောင် တော်ကီတွေက ပါသေးတယ်။ အရင် ဦးဇာဂနာပြောတဲ့ တွေးလုံးဆိုတာ တွေးရတာ။ အခုတော့ တွေးစရာကိုမပါတော့ဘူး။
ကိုနိုင်ရဲဝေ (လျှပ်စစ်နှင့်ဆိုင်ကယ်အပို ပစ္စည်းရောင်းဝယ်ရေး၊ပလိပ်မြို့)
နိုင်ငံခြားဇာတ်ကားတွေ အများစုကြည့်ဖြစ်ပါတယ်။ အများဆုံးက တော့ လမ်းဘေးဈေးသည်တွေဆီက ၀ယ်ရတာပေါ့။ သူတို့ဆီက ဈေး နှုန်းချိုသာတယ်လေ။ ခိုးကူးခွေပပျောက်ရေးလုပ်ချင်ရင် အဓိက အချက် နှစ်ချက်စဉ်းစားရလိမ့်မယ်။ ပထမအချက်က ဘယ်လိုအခွေမျိုးကို ဖမ်း တာလဲ။ ဥပမာ မြန်မာကားတွေဖမ်းတာလား၊ သီချင်းခွေတွေ ဖမ်းတာ လားပေါ့။ အကုန်ရောပြီး နိုင်ငံခြားဇာတ်လမ်းခွေတွေပါ ရောဖမ်းရင် တော့ ကိုယ့်ဘက်က ပြန်လည်ပြင်ဆင်စရာရှိတာတွေ အရင်ပြင်ဆင်သင့် တယ်။ မြန်မာဇာတ်လမ်းတွေဆိုလည်း အရည်အသွေးပိုင်းကို ပထမဆုံး မြှင့်တင်ဖို့လိုအပ်တယ်။ နိုင်ငံခြားဇာတ်လမ်းခွေတွေ ဖမ်းလို့မြန်မာ့ရုပ်ရှင် လောက ဦးမော့လာမယ်လို့ထင်ရင်တော့ အတော်စိတ်ကူးယဉ်ဆန်လိမ့် မယ်။ လမ်းဘေးဆိုင်လေးတွေ စီးပွားဖြစ်ရောင်းနေကြတာမဟုတ်ဘူးလေ။ တချို့ဆို အရင်က လမ်းဘေးမှာတောင်းရမ်းစားသောက်နေတဲ့ ကလေးတွေက အခုနိုင်ငံခြားခွေလေးတွေ ရောင်းပြီး မိသားစုကိုတစ်ဖက် တစ်လမ်းက ငွေရှာပေးနေကြတာ။ တချို့က ကျောင်းတက်ရင်း ကျောင်းဆင်းချိန် ထိုင်ရောင်းနေကြတာ။ ဖမ်းချင်ရင် တကယ့်စီးပွားဖြစ် လုပ်နေသူတွေကိုဖမ်းရမယ်။ လမ်းဘေးမှာ အသေးစားထိုင်ရောင်းနေတာတွေကို ဖမ်းနေတာကတော့ အံ့သြဖို့ကောင်းတယ်။ ဒီခေတ်မှာမရှိသင့်တော့ ဘူးထင်တယ်။ နိုင်ငံခြားခွေတွေ ဖမ်းဆီးလို့ ခိုးကူးခွေပပျောက်မှာ မဟုတ်ဘူး။ ဒီစီမံချက်ကို ပြန်လည်သုံးသပ်ပြီးနည်းလမ်းကောင်းတွေရှာစေချင်တယ်။
ဦးသိန်းဇော် (ပြည်မြို့)
နိုင်ငံခြားဇာတ်ကားတွေပဲ ကြည့်ပါတယ်။ မြန်မာကားတွေကတော့ ကောင်းတယ်လို့ နာမည်အရမ်းကြီးမှပဲ ကြည့်ဖြစ်တယ်။ ကူးခွေဝယ် ကြည့်ရတာတန်တယ်။ တစ်ခွေကို နိုင်ငံခြားကား ရှစ်ကားလောက်ထိပါ တယ်လေ။ မြန်မာဇာတ်ကားကတော့ ကူးခွေလုပ်တာမတွေ့ရဘူး။ ကူး ရောင်းလည်း ၀ယ်မယ့်သူမရှိလောက်ပါဘူး။ နိုင်ငံခြားကားကူးခွေ ရောင်းတာနဲ့ မြန်မာ့ရုပ်ရှင်ဖွံ့ဖြိုးရေးမှာ အနှောင့်အယှက်ဖြစ်တယ်ဆို တာတော့ သိပ်သဘောမကျဘူး။ မြန်မာသီချင်းအခွေ၊ မြန်မာဇာတ်ကား အခွေတွေလောက်ပဲ ခိုးကူးအခွေရောင်းချခွင့်မပြုတာမျိုးပဲ ဖြစ်သင့် တယ်။ နိုင်ငံခြားဇာတ်ကား ကူးခွေတွေကို ဖမ်းဆီးလည်း ကျွန်တော်တို့က တော့ နိုင်ငံခြားကား၊ မြန်မာစာတန်းထိုးတွေကို အင်တာနက်က ဒေါင်း လုတ်လုပ်ပြီး ကြည့်လို့ရတယ်။ တချို့သော အင်တာနက်အသုံးမပြုနိုင်သူတွေ မိသားစုအပန်းပြေကြည့်နိုင်ဖို့ အတွက်တော့ အခက်အခဲရှိကောင်းရှိနိုင်ပါတယ်။ အခုလို လမ်းဘေးအခွေဆိုင်တွေ ဖမ်းဆီးတာလည်း ခိုးကူးခွေလုံးဝပပျောက်သွားတာမျိုး မရှိနိုင်ဘူး။ အတိုင်းအတာ တစ်ခုအထိလောက်ပဲရှိလိမ့်မယ်။ သေချာတာ ကတော့ အဲဒီလိုတွေလုပ်လို့ မြန်မာဇာတ်ကားတွေ ပိုကြည့်လာမှာမှမဟုတ်တာ။
ဦးရန်အောင် (ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်)
မြန်မာဇာတ်ကားတွေ ကြည့်ရှုတဲ့ပရိသတ်ကျဆင်းလာတာက ဘာ ကြောင့်လဲဆိုတာ အရင်ဆန်းစစ်ဖို့လိုတယ်။ ဇာတ်ကားရဲ့ ကွာလတီ ပိုင်း၊ သရုပ်ဆောင်မှုအရည်အသွေးတွေ မြှင့်တင်မှုမရှိရင် ပရိသတ်ကို ဆွဲဆောင်မှုမပေးနိုင်ရင် ကြည့်မယ့်လူမရှိတာ သဘာဝပဲ။ခိုးကူးတွေ ဖမ်း နေရုံနဲ့ ပရိသတ်ပြန်များလာနိုင်မယ်ဆိုတဲ့ အယူအဆတော့ ကျွန်တော် လက်မခံဘူး။ မြန်မာဇာတ်ကား ထုတ်လုပ်ရိုက်ကူးသူတွေ ကိုယ့်ကိုယ် ကိုယ်ဆန်းစစ်ရမယ့် ကိစ္စလို့ယူဆတယ်။ကျွန်တော်သိရသလောက် အရင်က မြန်မာဇာတ်ကားတွေကို ဆင်ဆာတင်းကျပ်မှုနဲ့ ကန့်သတ်ခံ ထားရတယ်။ အခုနောက်ပိုင်း ငွေကြေးသုံးစွဲမှုနဲ့ ကန့်သတ်ခံထားကြရ တယ်။ အဲဒါကို ဘယ်လိုကျော်လွှားနိုင်မလဲဆိုတာ အဖြေရှာရမယ်။ နိုင်ငံခြားဇာတ်ကားတွေကို အားပေးတယ်ဆိုတာကလည်း ဈေးနှုန်းနဲ့ ကြည့်ရှုရတဲ့ ဇာတ်ကားအရည်အသွေး တန်လို့ အားပေးကြတာ။ ကျွန်တော်တို့ဆီက ဇာတ်ကားတွေက တချို့တလေ ဖောက်ထွက်ရိုက်နိုင်တာတွေတော့ ရှိတယ်။ ဒါကိုတော့ အသိအမှတ်ပြုပါတယ်။
ဇော်သစ် (ကဗျာဆရာ)
နိုင်ငံတကာဇာတ်ကားတွေပဲ အကြည့်များပါတယ်။ အထူးသဖြင့် ဟောလိဝုဒ်ကထုတ်တဲ့ကားတွေပါ။ အခွေဆိုင်ကြီးတွေကနေ၀ယ်တယ်။ လမ်းဘေးဆိုင်တွေကတော့ သိပ်မ၀ယ်ဖြစ်ဘူး။ ကွာလတီမကောင်းလို့။ ရက်တစ်ရာစီမံချက်နဲ့ စီမံချက်ကာလအတွင်း ဖမ်းတာမျိုးမဟုတ်ဘဲ အမြဲ တမ်းစောင့်ကြည့်ပြီး ဖမ်းမယ်ဆိုရင်တော့ ပပျောက်သွားနိုင်ပါတယ်။ မြန်မာ့ရုပ်ရှင် ဖွံ့ဖြိုးရေးအတွက် ဒါကို လုပ်တယ်ဆိုရင်တော့ လွဲနေပြီ။ တကယ်တမ်းက မြန်မာကားကို ကျွန်တော်က ခိုးကူးလည်းမ၀ယ်ဘူး။ မူရင်းလည်းမ၀ယ်ဘူး။ လစဉ်ပေးရတဲ့ စကိုင်းနက်လိုဟာမျိုးမှာတောင် ခုခေတ်မြန်မာကားတွေ အလကားလွှင့်လည်း မကြည့်ဘူး။ ရှေးခေတ် မြန်မာကားတွေလာရင်တော့ ဂရုတစိုက်ကြည့်ဖြစ်တယ်။ တကယ်တော့ သူများနိုင်ငံက ဇာတ်ကားတွေကျဝယ်ကြည့်တယ်။ ငါတို့ထုတ်တာကျ မကြည့်ဘူးဆိုတဲ့စိတ်မျိုးနဲ့ ခိုးကူးခွေ နိုင်ငံခြားကားတွေ လိုက်ဖမ်းတယ်ဆိုရင်တော့ ဒါဟာ ရုပ်ရှင်ဝါသနာအိုးတွေကို စော်ကားတာဖြစ်သလို၊ မထား သင့်တဲ့ စိတ်ယုတ်မာလို့တောင်ပြောလို့ရတယ်။ နိုင်ငံခြားကားတွေ ရောင်းတဲ့သူပေါတာ နိုင်ငံခြားကားတွေကို ကြည့်ချင်တဲ့သူပေါလို့ ရောင်းသူပေါတာပါ။ မြန်မာဇာတ်ကားတွေ ခိုးကူးရင် ခိုးခွေရောင်းရင် တွေ့တာနဲ့ဖမ်း ပေါ့။ သူတို့မြန်မာကားခိုးကူးခွေလမ်းဘေးဆိုင်မှာ တင်ထား။ ကျွန်တော်လိုကတော့ ၀ယ်ဖို့မပြောနဲ့ အလကား ပေးတောင်မယူဘူး။
အေးအေးမွန် (မြောက်ဒဂုံ)
နိုင်ငံခြားဇာတ်ကားတွေ ကြည့်လေ့ရှိပါတယ်။ ၀ယ်ရင်လည်း လမ်း ဘေးမှာ ရောင်းတဲ့ဆိုင်တွေမှာ ၀ယ်တာများတယ်။ ခိုးကူးခွေစီမံချက်ဆို တာ မြန်မာဇာတ်ကားနဲ့ သီချင်းခွေတွေကို ဆိုလိုတယ်လို့ ယူဆပါတယ်။ အခွေဆိုင်တွေက မထွက်တော့တဲ့အတွက် ၀ယ်ယူရတာ အခက်အခဲရှိ တယ်။ အရမ်းရင်းနှီးတဲ့ဆိုင်တွေလည်း မဖွင့်တော့ဘူး။ သူတို့ကလည်း ယုံကြည်လို့ရတဲ့ သူတွေလောက်ပဲ တချို့တလေရောင်းတာတွေ ရှိလာ တယ်။ ခိုးကူးခွေပပျောက်အောင် ပြုလုပ်တာကောင်းပါတယ်။ တကယ် ပင်ရင်းတွေကို စုံစမ်းဖော်ထုတ်ရင် ထိရောက်မှာပါ။ ဆိုင်ငယ်လေးတွေကို ဖမ်းရုံလောက်နဲ့တော့ ပပျောက်မှုမရှိလောက်ဘူးလို့ ထင်မြင်မိတယ်။ နိုင်ငံခြားဇာတ်ကားတွေကို ဖမ်းဆီးတယ်ဆိုတာက ဆက်စပ်မှုတော့ မရှိ ဘူးလို့ထင်တယ်။
ကိုရဲရဲဦး (သွားဘက်ဆိုင်ရာ တက္ကသိုလ်၊ ဒုတိယနှစ်ကျောင်းသား)
ကျွန်တော်ကတော့ အင်တာနက်ပေါ်ကနေပဲ တိုက်ရိုက်ကြည့်လေ့ ရှိပါတယ်။ အခွေဝယ်မကြည့်ဖြစ်ပါဘူး။ စထွက်ထွက်ချင်း ကားတွေကို တော့ ရုံမှာသွားကြည့်ဖြစ်ပါတယ်။ City Mart တွေမှာ အခွေဆိုင်ကနေ အမျိုးအစားကောင်းကောင်းလေးဝယ်ပြီး သိမ်းထားပါတယ်။ ကြည့်ချင် ရင် ပြန်ကြည့်တာပေါ့။ ဘယ်ကားမဆို ခိုးကူးမလုပ်ဘဲရောင်းတာ အ ကောင်းဆုံးပါပဲ။ ဒါပေမဲ့ နိုင်ငံခြားကား ခိုးကူးကိုဖမ်းတာထက် မြန်မာက ထွက်တဲ့သီချင်းတွေ၊ ဇာတ်လမ်းတွေကပဲ ပိုပြီးလုပ်သင့်ပါတယ်။ နိုင်ငံ ခြားခိုးကူးကို ဖမ်းမယ့်အစား မြန်မာခိုးကူးတွေကို ထိထိရောက်ရောက် ဖမ်းပေးမယ်ဆိုရင် အဆိုတော်တွေ၊ အနုပညာရှင်တွေပိုပြီး အဆင်ပြေ မယ်လို့ထင်ပါတယ်။ ဒါကြောင့် မြန်မာခိုးကူးတွေကိုပဲ ပိုပြီးထိထိရောက် ရောက် နှိမ်နင်းစေချင်တယ်လို့ ပြောချင်ပါတယ်။
ခင်လပြည့်ဝန်း (ဒေါပုံမြို့နယ်)
နိုင်ငံခြားဇာတ်ကားတွေ ကြည့်ပါတယ်။ လမ်းဘေးဆိုင်တွေက ၀ယ်ကြည့်တာများပါတယ်။ ခိုးကူးခွေတွေကို လမ်းဘေးက၀ယ်လို့ မရ ဘူးဆိုလည်း နိုင်ငံခြားခွေကို မကြည့်ဘဲနေကြမှာမဟုတ်ဘူး။ နိုင်ငံခြား ဇာတ်ကားကြည့်နေတဲ့သူတွေကတော့ လမ်းဘေးမှာဝယ်လို့မရရင် အွန် လိုင်းက ဒေါင်းကြည့်မှာပဲ။ လမ်းဘေးဆိုင်တွေမှာ နိုင်ငံခြားဇာတ်ကား ၀ယ်လို့မရဘူးဆိုရင် ပုံမှန်ဝယ်နေကျဈေးထက် နည်းနည်းဈေးကြီးပေး ၀ယ်ရတာတွေ ရှိလာနိုင်တယ်။ ၀ယ်ရခက်လာနိုင်တယ်။ ဒါပေမဲ့ နိုင်ငံ ခြားဇာတ်ကား ကြိုက်တဲ့ ပရိသတ်ကတော့ မရရတဲ့နည်းနဲ့တော့ ၀ယ် ကြည့်ကြမှာပဲ။ မြန်မာဇာတ်ကားကို ကြည့်စေချင်လို့ နိုင်ငံခြားဇာတ်ကား ရောင်းတာတွေကို ပိတ်တယ်ဆိုရင် မြန်မာဇာတ်ကားတွေကို နိုင်ငံတကာ အဆင့်အတန်းမီအောင် ရိုက်ပါ။ ပြီးတော့ ခိုးကူးခွေပပျောက်အောင်စီမံကိန်းနဲ့ လုပ်တယ်ဆိုရင်လည်းဒီစနစ်ကမှန်၊မမှန်ဆိုတာကို စောင့်ကြည့်စေချင်တယ်။
ကိုအောင်ပြည့် (ဓာတ်ပုံဆရာ)
လမ်းဘေးအခွေဖမ်းဆီးရုံနဲ့ မြန်မာဇာတ်ကားကြည့်ရှုတဲ့လူ များ လာမယ်မထင်ပါဘူး။ အခုခေတ်က အင်တာနက်ကနေလည်း ရှာကြည့် လို့ရနေတာကိုး။ မြန်မာကားကြည့်တဲ့ပရိသတ်နဲ့ နိုင်ငံခြားကားကြည့်တဲ့ ပရိသတ်ဆိုပြီး ပရိသတ်နှစ်မျိုးကိုခွဲခြားမြင်ရမယ်။ မြန်မာကားကြည့်တဲ့ ပရိသတ်က အခုနောက်ပိုင်း ကိုရီးယားကားအကြည့်များလာတယ်။ အဲဒီ တော့ မြန်မာဇာတ်ကား ကြည့်ရှုမှုနှုန်းနည်းလာမှာပဲ။ ပရိသတ်က သူ့ဟာ သူ ရွေးချယ်သွားမှာပဲ။ ဟောလိဝုဒ်ဇာတ်ကား ကြည့်တဲ့ပရိသတ်ကတော့ လမ်းဘေးအခွေရောင်းဆိုင်တွေ ဖမ်းလည်း မြန်မာဇာတ်ကားပြောင်း ကြည့်မှာတော့မဟုတ်ဘူး။ ရေရှည်မှာတော့ ပရိသတ်က အရည်အသွေး ရှိတဲ့ ဇာတ်ကားတွေပဲ ကြံဖန်ရှာကြည့်ကြပါလိမ့်မယ်။ ကိုယ့်မြန်မာဇာတ် ကားတွေ အရည်အသွေးပြည့်မီအောင် မထုတ်လုပ်နိုင်သရွေ့ ဒီကိစ္စပြေလည်မှာ မဟုတ်ပါဘူး။
ကိုအောင်ပိုင်ဟိန်း (Smart Mobile ဆိုင်ပိုင်ရှင်)
ခိုးကူးခွေပပျောက်ရေး စီမံချက်ဆိုတာကို နားလည်လက်ခံပေးလို့ ရတယ်။ ဒါပေမဲ့ အခွေရောင်းတဲ့ဆိုင်တွေထက် အခွေကူးနေတဲ့ ဆင်ဆာ မဲ့ နေရာတွေကို အရင်စိစစ်သင့်တယ်။ မြန်မာဇာတ်ကားဆိုတာက နိုင်ငံ တကာစံချိန်စံညွှန်းနဲ့ကြည့်ရင် အများကြီးအဆင့်နိမ့်နေတယ်။ နိုင်ငံ ခြားကားတွေကို ပိတ်ပင်ထားလိုက်တာနဲ့ မြန်မာဇာတ်ကားကြည့်ရှုမှုနှုန်း ပြန်တက်လာမယ်ဆိုတာ တိုက်ရိုက်အချိုးမကျဘူး။ ခိုးကူးခွေပပျောက် ဖို့ဆိုတာက မြန်မာဇာတ်ကားအခွေအငှားဆိုင်တွေကို အရင်စစ်ဆေးပါ။ လမ်းဘေးက Copy ဆိုင်တွေမှာ မြန်မာသီချင်းခွေနဲ့ မြန်မာဇာတ်ကား တွေ Copy ရောင်းချခွင့်ပိတ်တာကိုတော့ မပြောလိုပေမယ့် နိုင်ငံခြား ကားတွေပါ ရောင်းချတာပိတ်ပင်တယ်ဆိုတာတော့ မတရားဘူးထင်တာ ပဲ။ နိုင်ငံခြားကားတွေ ပိတ်ပင်ထားလို့ မြန်မာဇာတ်ကားတွေ ကြည့်ရှုနှုန်းတက်လာမယ်ထင်နေရင် သူတို့ Planကမှားနေတယ်လို့ တထစ်ချ ပြောလို့ရတယ်။ နိုင်ငံခြားကားတွေကတော့ လွတ်လပ်စွာ ရောင်းချခွင့် ပေးသင့် ပါတယ်။
7Day

0 comments:

Post a Comment