Monday, October 10, 2016

မြစ်ဆုံမှာ ပေးခဲ့တဲ့ ကတိတွေ မမေ့ကြပါနဲ့

 မြစ်ဆုံ
မြစ်ဆုံ စီမံကိန်း ဆိုင်းဘုတ်ကို တွေ့ရစဉ်

မြစ်ဆုံရေကာတာစီမံကိန်း ယာယီရပ်ဆိုင်းထားတာ ၅ နှစ်ရှိပြီဖြစ်ပေမယ့် ဒေသခံ ကချင်တိုင်းရင်းသား တဦးဖြစ်တဲ့ ဦးမုန်ရာကတော့ စီမံကိန်းကို အပြီးသတ် ရပ်ဆိုင်းစေချင်တာကြောင့် ယနေ့ထိ မကျေနပ်နိုင်သေးဘူးလို့ ပြောပါတယ်။
စီမံကိန်းစတင်ချိန်က ပြောင်းရွှေ့မရလို့ ထားခဲ့ရတဲ့ သူ့ရဲ့ လယ်တွေ၊ ကျွဲတွေနဲ့ ဝါးရုံပင်တွေကို ပြန်လိုချင်တယ်လို့ မကြာခဏ မြည်တွန်တောက်တီးနေပါတယ်။

ဦးမုန်ရာရဲ့ ရွာက မြစ်ဆုံစီမံကိန်းပြုလုပ်မယ့် ဧရိယာထဲမှာပါနေတဲ့ ရွာပေါင်း ၂၀ကျော်ထဲက ရွာတရွာ ဖြစ် ပါတယ်။

 မြစ်ဆုံ
မြစ်ဆုံ အတွင်း သွားလာနေသည့် လှေတစီး

အခြားရွာတွေထက် ကံဆိုးတာကတော့ ဦးမုန်ရာ နေထိုင်တဲ့ ဒေါင်ပန်ရွာက ရေကာတာတည်ဆောက်ရင် ရေသို လှောင်ဖို့ ရေတံခါးပြုလုပ်မယ့် နေရာမှာ ရှိနေတာကြောင့် စီမံကိန်း စခဲ့ပြီးနောက်ပိုင်း၂၀၁၁ ခုနှစ်မှာ ရွှေ့ပြောင်း ပေးလိုက် ရတာပါ။ ရွှေ့ပြောင်းပေးစဉ်မှာဘဲ ဦးမုန်ရာက သူ့ရဲ့ ဝါးရုံပင်တွေကို ဆုံးရှုံးလိုက်ရတာပါပဲ ။

ဝါးပင်တွေက မြို့နေလူတန်းစားတွေအတွက် သိပ်အသုံးမဝင်လှပေမယ့် ဦးမုန်ရာတို့လို မြစ်ဆုံမြစ်ဝှမ်း တကြောမှာ နေထိုင်နေရတဲ့ ဒေသခံတွေအတွက်တော့ နှစ်စဉ်နှစ်တိုင်း မိသားစုဝင်ငွေကို ဖြည့်ဆည်းပေးနေလို့ ဝါးပင်တွေက သူတို့အတွက် သိပ်ကို အရေးပါတယ်လို့ ပြောပါတယ်။

ဦးမုန်ရာက “ကျနော်တို့ ဒီနေရာလေးက ဝါးနိုင်ငံလို့ ပြောလို့ရတယ်။ တနှစ်တခါထွက်လာတဲ့ ဝါးကို ထရံသမားတွေဆီ မြို့မှာ ရောင်းတယ်။ ရတဲ့ ငွေနဲ့ လူမှုရေး၊ ကျန်းမာရေး အားလုံးအတွက် သုံးတာပေါ့” လို့ ဆို ပါတယ်။

 မြစ်ဆုံ
မြစ်ဆုံ ကမ်းနားအနီး ဖွင့်လှစ်ထားသည့် ဆိုင်များ

စီမံကိန်းစတင်ဆောင်ရွက်လာတဲ့ ၂၀၁၁ ခုနှစ်မှာတော့ ဦးမုန်ရာတို့ကို အိမ်တွေပါ ရွှေ့ပြောင်းခိုင်းတဲ့ အပြင် လယ်ယာ တွေနဲ့ ဝါးရုံပင်တွေကိုလည်း စီမံကိန်းတည်ဆောက်ရေး လုပ်ငန်းလုပ်ဖို့ ကျောက်ဖာအထိ တူးပစ် လိုက်ကြပါတယ်။
ပြောင်းရွှေ့စရိတ်အဖြစ် ကျပ်တသိန်း နှင့် ဝါးရုံတရုံကို ၅၀၀၀ကျပ်သာ ပေးခဲ့ပြီး လယ်ယာမြေတွေအတွက် လျော်ကြေး တစုံတရာ မရရှိခဲ့ပါဘူး။

“တရုံ ၅၀၀၀ က ဝါးလုံး ၁၀ လုံးဖိုးတောင်မရဘူး။ ဒီမှာ ၆၀၀ ၊ ၇၀၀ ဖောက်သည်ယူပြီးတော့ မြို့မှာဆို ၁၅၀၀ အနည်း ဆုံး ပဲ ဝါးတလုံးကို ။ ကျနော့် ဝါးရုံဆို အငယ်ဆုံးအရုံက အပင်၅၀ရှိတယ်။ အကြီးဆုံး အရုံက ၃၀၀ ထိ ရှိတယ်”လို့ ဦးမုန်ရာက တွက်ချက်ပြပါတယ်။

ဝါးပင်တွေနဲ့ ဝင်ငွေရှာဖွေကြရတဲ့ ဦးမုန်ရာတို့လို ဒေသခံတွေ နေထိုင်တဲ့ ဒေါင်ပန်ရွာက မြစ်ဆုံအပန်းဖြေ စခန်းကို မရောက်ခင် တမိုင်အလိုလောက်နားက ဧရာဝတီမြစ်ကြောင်း အလယ်မှာ ကျွန်းပုံစံရှိနေတဲ့ တောင်ခြေရွာ ဖြစ်ပါတယ်။
ဦးမုန်ရာတို့ ဒေါင်ပန်ရွာသူရွာသားတွေကို အစိုးရက နေရာချထားပေးတဲ့အခါမှာ မြေလွတ်မှာ နေရာပေးတာ မဟုတ်ဘဲ ဧရာဝတီမြစ်တဖက်ကမ်းမှာ ရှိတဲ့ မလိယန်ရွာဒေသခံတွေရဲ့ ဝမ်းစာဖြစ်တဲ့ ဝါးရုံပင်တွေ လယ်ယာ မြေတွေကို ဖျက်ပြီး အိမ်နေရာတွေ ဆောက်လုပ်ပေးခဲ့တာပါ။

မလိယန်ရွာ ဒေသခံတွေက ဒေါင်ပန်ရွာသူရွာသားတွေကို အိမ်နေရာတွေ ပေးလိုက်ရတဲ့ အပြင် စီမံကိန်း လုပ်ဆောင် ရာမှာ သယ်ယူပို့ဆောင်ရေး လုပ်ဖို့ မြစ်ဆုံနဲ့ ဝါရှောင်ဒေသအထိ လမ်းဖောက်တဲ့ အခါမှာလည်း သူတို့ရဲ့ လယ်ယာမြေ တွေကို ပေးလိုက်ရပါတယ်။

မလိယန်ရွာက ဦးဘရန်မိုင်က “တရုတ်တွေ စီမံကိန်းအတွက် လမ်းလုပ်ဖို့ မြေလာကြည့်တာကို ကျနော် တသက် မမေ့ဘူး။ ၂၀၁၁ ဒီဇင်ဘာလမှာ ကျနော်တို့က စပါးတွေကို ကန်သင်းရိုးပေါ်မှာ နေပူလှမ်း ထားတာ ။ သူတို့ က ဗွက်ထဲ မဆင်းချင်တော့ လှမ်းထားတဲ့စပါးတွေကို အကုန်ဖိနပ်နဲ့ နင်းသွားကြတယ်” လို့ ပြန်လည် ပြောပြပါတယ်။

 မြစ်ဆုံ
မြစ်ဆုံ အတွင်း သွားလာနေသည့် လှေတစီး

လက်ရှိမှာတော့ မလိယန်ရွာမှာ နေထိုင်နေတဲ့ ဒေသခံတွေ တနှစ်စာအိမ်တွင်း ဝမ်းစာရရှိနိုင်စေဖို့ လယ်ယာများ ပြန်လည်စိုက်ပျိုးရန် တောတွေကို ရှင်းလင်းပြီး လယ်ပြန်စိုက်ကြပေမယ့် လယ်မြေများ မဟုတ်တာကြောင့် စိုက်ပျိုးရေး လုပ်ကိုင်ရ မလွယ်ကူပါဘူးလို့ ညည်းညူ ကြပါတယ်။

ဒေသခံတွေဆီက ယခင်က ၎င်းတို့ရဲ့ လယ်ယာများက အိမ်အနီးမှာ ရှိတာကြောင့် လယ်ယာ လုပ်ကိုင်ဖို့ တနှစ်ကို အချိန် ၃ လခန့်သာ ယူရပါတယ်။ အခုနောက်ပိုင်းပြောင်းရွှေ့လိုက်ရတဲ့ အိမ်နေရာနှင့် လယ်ယာစိုက်ရဖို့ အကွက် သစ်ဖော်ထားတဲ့ နေရာက ၁၀ မိုင်ခန့် ဝေးကွာသွားတာကြောင့် အလုပ်မတွင်ဘဲ တနှစ်ပတ်လုံး အချိန်ယူ နေရတယ်လို့လည်း ပြောကြပါတယ်။

ဦးမုန်ရာ နဲ့ ဦးဘရန်မိုင်တို့လိုပဲ မြစ်ဆုံရေကာတာစီမံကိန်းကြောင့် နည်းလမ်းအသွယ်သွယ်နဲ့ ဒုက္ခကြုံနေရတဲ့ ရွာပေါင်း ၂၀ ကျော်က ဒေသခံ ဦးရေ ၃၀၀၀ ဝန်းကျင်ခန့် ရှိနေပါတယ်။

မြစ်ဆုံရေကာတာစီမံကိန်းကို ပြုလုပ်ဖို့အတွက် ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေလက်ထက်က တရုတ်အစိုးရနဲ့ နှစ်ဖက် စာချုပ်ချုပ်ဆို သဘောတူခဲ့တာ ဖြစ်ပြီး စီမံကိန်းတည်ဆောက်မှု လုပ်ငန်းကို ၂၀၀၉ ခုနှစ်မှာ စတင်ခဲ့တာပါ။

စီမံကိန်းတည်ဆောက်ဖို့အတွက် တရုတ်ကုမ္ပဏီတခုဖြစ်တဲ့ ( China Power Investment Corporation – CPI) က တာဝန်ယူထားပါတယ်။

စီမံကိန်းတည်ဆောက်ပြီး ရေအားလျှပ်စစ် စတင်ထုတ်လုပ်နိုင်ပြီဆိုရင်တော့ တရုတ်အစိုးရက ထွက်ရှိတဲ့ ရေအား လျှပ်စစ်ရဲ့ ၉၀ ရာခိုင်နှုန်းကို ရရှိမှာပါ။

သို့ပေမယ့် စီမံကိန်းတည်ဆောက်ရေးကာလ၊ သမ္မတဟောင်း ဦးသိန်းစိန် လက်ထက်မှာ ဒေသခံ ကချင် တိုင်းရင်းသား တွေ အပါအဝင် သဘာဝပတ်ဝန်းကျင်ပညာရှင်တွေ နိုင်ငံရေးအသိုင်းအဝိုင်းက တတ်ကြွ လှုပ်ရှားသူတွေက တားမြစ် ဝေဖန် ကန့်ကွက်ခဲ့တာကြောင့် ၂၀၁၁ ခုနှစ်၊ စက်တင်ဘာလမှာ မြစ်ဆုံရေ ကာတာ စီမံကိန်း တည်ဆောက်နေမှုကို ရပ်တန့်ထားဖို့ ဦးသိန်းစိန်က အမိန့်ထုတ်ပြန်ခဲ့ပါတယ်။

စီမံကိန်း လုပ်ဆောင်ဖို့ ဒေသခံတွေကို ရွှေ့ပြောင်းခိုင်းပြီးတဲ့ နောက်မှာတော့ ယခင်အစိုးရက မြစ်ဆုံ၊ မြစ်ညာ၊ မြစ်ဝှမ်း တလျှောက်မှာ ရွှေကျင်ဖို့အတွက် ကုမ္ပဏီတွေကိုလည်း ခွင့်ပြုခဲ့ပါသေးတယ်။

 မြစ်ဆုံ
 
၂၀၁၅ ခုနှစ်က မြစ်ဆုံ ရေကာတာကို ဆန္ဒပြနေကြစဉ်

အောက်တိုဘာလအတွင်းမှာ ဧရာဝတီက သွားရောက်လေ့လာခဲ့တဲ့ အခါမှာတော့ ရွှေကျင်တဲ့ လုပ်ငန်းကို အစိုးရက ခေတ္တပိတ်ထားပေမယ့် စက်ယန္တရားတွေနဲ့ တိတ်တဆိတ်တူးယူနေတဲ့သူတွေ ရှိနေတာကိုလည်း သိရှိခဲ့ရပါတယ်။
စီမံကိန်းစတင်ပြုလုပ်စဉ်က ဦးမုန်ရာတို့ရွာ အပါအဝင် ရွှေ့ပြောင်းပေးခဲ့ရတဲ့ ရွာပေါင်း ၂၀ ကျော်က လူဦးရေ ပေါင်း ၃၀၀၀ ဝန်းကျင်ခန့်ကို ဝိုင်းမော်မြို့နယ်ထဲမှာပဲ “အောင်မြင်သာ” စံပြ ကျေးရွာလို့ အမည်ပေး ထားတဲ့ရွာ ၂ ရွာ ကို အစိုးရက အသစ်တည်ဆောက်ပေးခဲ့ပါတယ်။

ဒေသခံတွေက စီမံကိန်းကြောင့် ဘိုးစဉ်ဘောင်ဆက် လုပ်ကိုင် စားသောက် လာတဲ့ လယ်ယာမြေတွေ၊ ကျွဲနွားတွေကို ချန်ထားခဲ့ပြီး အစိုးရက နေရာချထားပေးတဲ့ အိမ်ကျဉ်းကျဉ်းလေး တွေမှာ နေထိုင်ဖို့ လက်ခံခဲ့ကြရပေမယ့် ခေတ်နဲ့အညီ ထိုက်တန်တဲ့ လျော်ကြေးငွေတွေ မရှိကြပါဘူး။

မပြောင်းရွှေ့ချင်ခဲ့ကြတဲ့ ဒေသခံတွေကိုလည်း အာဏာပိုင်တွေက လာရောက်ပြီး ခြိမ်းခြောက်ခဲ့တာ တွေလည်း ရှိတယ်လို့ ဒေသခံတွေက ပြောပြပါတယ်။

မြစ်ဆုံရေကာတာစီမံကိန်းဧရိယာမှာ ပါဝင်လို့ အစိုးရက ရွာသစ်တည်ပေးတဲ့ “အောင်မြင်သာ”ကျေးရွာ မှာ ပြောင်း ရွှေ့ နေထိုင်ခဲ့ရတဲ့ တန်ဖရဲရွာသူ ဒေါ်လုရာက “ဘာဖြစ်ဖြစ် မပြောင်းဘူး နေနေတာ ။ တရုတ်တွေ၊ ရဲတွေက လာပြီး မင်းပြောင်းမလား မပြောင်းဘူးလား။ မပြောင်းရင် ဒီရွာမှာ လည်း နေလို့မရဘူး နေရာသစ်ကိုလည်း မပေးဘူးလို့ ပြောတယ်။ ကျမမှာ မိသားစုရော ကလေးတွေရော ရှိလို့ ပြောင်းဖို့ လက်မှတ်ထိုးခဲ့ရတယ်”လို့ ပြောပါတယ်။

အသစ်ပြောင်းရွှေ့ခဲ့ရတဲ့ နေရာမှာ အလုပ်အကိုင်မရှိတာကြောင့် တန်ဖရဲရွာက လယ်မြေတွေမှာ အသီးအနှံ ပြန် စိုက်ပျိုးခဲ့တာကြောင့်လည်း တန်ဖရဲရွာဒေသခံအချို့က အာဏာပိုင်တွေ ဖမ်းဆီးတာကို ခံခဲ့ရပါသေးတယ်။

မြစ်ဆုံစီမံကိန်းကြောင့် စားဝတ်နေရေးဘဝ ပျောက်ဆုံးခဲ့ရတဲ့ ဒေသခံတွေက သမ္မတဟောင်း ဦးသိန်းစိန် လက်ထက်မှာ မြစ်ဆုံရေကာတာစီမံကိန်းကို ခေတ္တရပ်ဆိုင်းခဲ့ပေမယ့် အစိုးရသစ် လက်ထက်မှာ ထာဝရ ရပ်ဆိုင်းနိုင်ဖို့ ပြည်သူ့အသံကို နားထောင်မယ့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို မဲပေးခဲ့တယ်လို့ ပြောပြကြပါတယ်။

ကချင်ပြည်နယ်ဒီမိုကရေစီ ပါတီ (KSDP) ဥက္ကဋ္ဌ ဒေါက်တာမနာမ်တူးဂျာက “ရေကာတာ တည်ဆောက် လိုက်ရင် တနှစ်မဟုတ်တနှစ် ကျိုးပေါက်မယ်။ မြစ်ရဲ့ တောင်ဘက်မှာ နေတဲ့ ပြည်သူတွေ တခါတည်း မျောပါ သွားနိုင်တယ်။ ဒါက ဖြစ်လာနိုင်တဲ့ဟာ မဖြစ်နိုင်တာကို ပြောတာ မဟုတ် ဘူး”လို့ ဆိုပါတယ်။

ဒေသခံ ကချင်တိုင်းရင်းသားတွေအနေနဲ့ ရေကာတာကိစ္စကို လုံးဝ လက်မခံနိုင်ကြောင်း ကန့်ကွက်နေရခြင်းက ပြည်သူလူထုရဲ့ အသက်အန္တရာယ်ကို ခြိမ်းခြောက်ရုံသာမက ကချင်တိုင်းရင်းသား ရိုးရာထုံးတမ်း အစဉ်အလာအရ သမိုင်းကြောင်းတန်ဖိုးရှိတဲ့ မြစ်လည်း ပျက်စီးသွားနိုင်တယ်လို့ ဒေါက်တာ မနာမ်တူးဂျာ က ပြောပါတယ်။

ဒေါက်တာမနာမ်တူးဂျာက “ကောင်းကျိုးထက်ဆိုးကျိုးက များနေတယ်။ ဒါကို တွက်ချက်ပြီး ဆက်မလုပ်သင့်ဘူး လို့ ကျနော်တို့က ပြောနေတာပါ။ ပြည်သူလူထုအသံ၊ ပြည်သူလူထု သဘောထားတွေကို သမ္မတ ဦးသိန်းစိန် လက်ထက် တုန်းကတောင် လက်ခံခဲ့သေးတာပဲ ။ ဒီအစိုးရလည်း ဆက်လုပ်ဖို့ မသင့်ပါဘူး”လို့ ပြောဆိုပါတယ်။

NLD အစိုးရအနေဖြင့် ရေကာတာစီမံကိန်းကို ထာဝရရပ်ဆိုင်းကြောင်း ပြတ်ပြတ်သားသား ဆောင်ရွက်သင့် တယ်လို့လည်း ၎င်းက ပြောပါတယ်။

တရုတ်နိုင်ငံခြားရေး ဒုတိယဝန်ကြီး လျူဇန်မင်းက မြစ်ဆုံရေကာတာစီမံကိန်း စာချုပ်မှာ အသက်ဝင်နေဆဲ ဖြစ်ကြောင်း ၊ စီမံကိန်းမှာ တရုတ်နိုင်ငံအတွက် အလွန်အရေးကြီးကြောင်း၊ စီမံကိန်း ရပ်နားထားရခြင်း မှာ ဝမ်းနည်းစရာ ကောင်းကြောင်း၊ စီမံကိန်းပြန်စနိုင်ဖို့ မြန်မာအစိုးရကို ဆက်လက် တိုက်တွန်းသွားမှာ ဖြစ်ကြောင်း ၂၀၁၆ ခုနှစ် မတ်လ အတွင်းက တရုတ်နိုင်ငံ သတင်းမီဒီယာတွေကို ပြောဆိုထားပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင်က ချစ်ကြည်ရေး ခရီးစဉ် ဖိတ်ခေါ်လို့ တရုတ်နိုင်ငံကို ယခုနှစ် သြဂုတ်လက သွားရောက်ခဲ့ရာမှာလည်း တရုတ်နိုင်ငံနဲ့ အိမ်နီးချင်းကောင်းပီသတဲ့ မူဝါဒတွေ ကျင့်သုံးနိုင်ဖို့အတွက် နှစ်နိုင်ငံအစိုးရအဖွဲ့ကြား ပူးပေါင်း ဆောင်ရွက်ခြင်းတွေ မြှင့်တင်သွားမယ်လို့ ပူးတွဲ သတင်းထုတ်ပြန်ထားပါတယ်။

အဆိုပါ ထုတ်ပြန်ချက်ထဲမှာ မြန်မာနိုင်ငံက တရုတ်နိုင်ငံနဲ့ ပူးပေါင်းပြီး စီးပွားရေး၊ ကုန်သွယ်ရေး၊ စိုက်ပျိုးရေး၊ ရေအရင်းအမြစ်နဲ့ လျှပ်စစ်ထုတ်လုပ်မှုဆိုင်ရာ ကဏ္ဍတွေကို အကျိုးတူပူးပေါင်းမှု မြှင့်တင်သွားမယ်လို့ ပါရှိပေမယ့် မြစ်ဆုံကိစ္စကို တစုံတရာပြောဆိုခဲ့ခြင်း မရှိပါဘူး။

သို့ပေမယ့် ဒေါ်အောင်ဆန်းစုကြည်က တရုတ်နိုင်ငံဝန်ကြီးချုပ် လီခဲ့ချန်နဲ့ တွေ့ဆုံစဉ်က မြစ်ဆုံရေကာတာကိစ္စကို နှစ်နိုင်ငံ ပြေလည်နိုင်သည့် အခြေအနေတခု ရရှိစေရန် ညှိနှိုင်းလိုကြောင်း၊ မြစ်ဆုံကိစ္စကို ဖြေရှင်းနိုင်ရန် ကော်မရှင် တရပ် ဖွဲ့ထားကြောင်း၊ နှစ်နိုင်ငံလုံး အကျိုးမယုတ်စေဘဲ ပြေလည်နိုင်သည့် ဖြေရှင်းချက်တခု ဆုံးဖြတ်ချက် ရဖို့ မျှော်လင့်ကြောင်း ပြောဆိုထားပါတယ်။

သမ္မတ ဦးထင်ကျော်က ဧရာဝတီ- မြစ်ဆုံ ၊ မြစ်ညာ၊ မြစ်ဝှမ်းရေအား လျှပ်စစ်စီမံကိန်းများကို လေ့လာ စိစစ် သုံးသပ်ရေး ကော်မရှင် တရပ်ကို သြဂုတ်လ ၁၂ ရက်က ဖွဲ့စည်းခဲ့ပြီး စီမံကိန်းကို ဆက်လက် လုပ်ဖို့ သင့်၊ မသင့် စစ်ဆေးဖို့ ညွှန်ကြားထားပါတယ်။

ကော်မရှင်အနေနဲ့ စီမံကိန်းကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ ရေသယံဇာတ ပျက်စီးဆုံးရှုံးနိုင်မှု အခြေအနေ ၊ သဘာဝ ပတ်ဝန်းကျင် အခြေအနေ၊ မြစ်ကြောင်း စီးဆင်းနိုင်မှု အခြေအနေ ၊ ပြည်သူများ အကျိုးဖြစ်ထွန်းနိုင်မှု အခြေအနေ နဲ့ စီမံကိန်းတွေ ဆောင်ရွက်ဖို့ သင့်၊ မသင့် ၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအပေါ် အကျိုးသက်ရောက်နိုင်မှု အခြေအနေတွေကို သုံးသပ်စိစစ်တာတွေလည်း လုပ်ဆောင်ရမှာပါ။

သမ္မတက ဖွဲ့စည်း ပေးထားပြီး ကော်မရှင်အဖွဲ့က သက်ဆိုင်ရာ ပြည်နယ်အစိုးရအဖွဲ့တွေနဲ့ ပူးပေါင်းကာ ဒေသခံ တွေရဲ့အသံကိုလည်း နားထောင်ပြီး စီမံကိန်းကို ဆက်လက် အကောင်အထည်ဖော်ဖို့ သင့်၊ မသင့် ပထမ အစီရင်ခံစာကို နိုဝင်ဘာလ ၁၁ ရက်မှာ သမ္မတထံကို တင်ပြရမှာ ဖြစ်ပါတယ်။

ကော်မရှင်က စက်တင်ဘာလအတွင်းမှာ မြစ်ဆုံရေကာတာစီမံကိန်းနဲ့ ပတ်သက်ပြီး လာရောက် လေ့လာခဲ့တယ် လို့ သိရပါတယ်။
ကော်မရှင်ရဲ့ စုံစမ်းစစ်ဆေးမှုတွေနဲ့ပတ်သက်ပြီး ကော်မရှင် အဖွဲ့ဝင်လည်းဖြစ် ကချင်ပြည်နယ်ဝန်ကြီးချုပ် လည်း ဖြစ်တဲ့ ဒေါက်တာခက်အောင်ကို မြစ်ဆုံရေကာတာကိစ္စနဲ့ ဒေသခံတွေရဲ့ စိုးရိမ်ပူပန်မှုတွေအပေါ် သတင်းအချက် အလက်မေးမြန်းဖို့ ဧရာဝတီက ၃ ရက်ဆက်တိုက် ဖုန်းဖြင့် ဆက်သွယ်ခဲ့ပေမယ့် ဖုန်းကိုင်ခြင်း မရှိပါဘူး။

ဒေါက်တာမနာမ်တူးဂျာကတော့ “ကော်မရှင်လွှတ်တယ် ဆိုတာလည်း လုပ်ထုံးလုပ်နည်းအရ ကောင်းပါတယ်။ လူထု မထောက်ခံဘူး အပြင် စကားပဲ နားမထောင်ပဲ ကော်မရှင်လွှတ်ပြီး စုံစမ်းလေ့လာခိုင်းပြီး ကော်မရှင် စကား အတည်ယူ တယ် ဆိုတာလည်း ကောင်းပါတယ်”လို့ သုံးသပ်ပါတယ်။

သို့ပေမယ့် ကော်မရှင် လာရောက်တဲ့ အချိန်မှာ ဒေသခံတွေနဲ့ တွေ့ဆုံစကားပြောဖို့ အစီအစဉ် ပါဝင်ခဲ့ပေမယ့် ခေါ်တွေ့ ခဲ့တဲ့ ဒေသခံတွေက ဘိုးစဉ်ဘောင်ဆက် နေထိုင်လာတဲ့ ကချင်တိုင်းရင်းသားဒေသခံတွေ အများစု မပါဝင်ပဲ ပြောင်းရွှေ့ နေထိုင်တဲ့ သူအချို့နဲ့ တွေ့သွားခဲ့တယ်လို့ ခမ်းဘူရွာက ဦးလအောင်က ပြောပြပါတယ်။

ဦးမုန်ရာ၊ ဒေါ်လုရာနဲ့ ဦးလအောင်တို့ကတော့ NLD အစိုးရက ပြည်သူ့အသံကို နားထောင်မယ်လို့ အကြိမ်ကြိမ် ပြောဆို ခဲ့တာကြောင့် ယုံကြည်ပြီး မဲထည့်ခဲ့ကြတာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

သို့ပေမယ့် ယခု မြစ်ဆုံစီမံကိန်းကိစ္စမှာ ရာနှုန်းပြည့် ကန့်ကွက်ထားတဲ့ ဒေသခံတွေ အသံကို နားမထောင်ပဲ အစိုးရရဲ့ ဆုံးဖြတ်ချက်က ပြည်သူ့သဘောဆန္ဒများနဲ့ သွေဖြည်သွားမှာကိုလည်း စိုးရိမ်နေတယ်လို့ ပြောကြပါတယ်။

ဦးမုန်ရာက “ကျနော်တို့ အခြေအနေတွေကို ပြောပြချင်တယ်။ ဒါပေမယ့် မဲနိုင်သွားတဲ့ အမတ်တွေဆို ကျနော်တို့ဆီ မလာတော့ဘူး။ အိပ်မက်တောင် မမက်ကြတော့ဘူး ထင်တယ်”လို့ပြောပါတယ်။

ဒေါ်လုရာကလည်း မြစ်ဆုံကိစ္စနဲ့ ပတ်သတ်ပြီး ဒေသခံတွေအများစု စုစည်းပြီး ကချင်ပြည်နယ်ဝန်ကြီးချုပ်ကို တွေ့ဆုံဖို့ စက်တင်ဘာလ အတွင်းက တောင်းဆိုခဲ့ပေမယ့် ဝန်ကြီးချုပ်က အချိန်မရှိကြောင်း၊ မတွေ့နိုင်ကြောင်း ငြင်းဆိုတာကို ခံခဲ့ရတယ်လို့ ပြောပြပါတယ်။

ဦးလအောင်ကတော့ ရေကာတာ စတင်တည်ဆောက်ကတည်းက ဒေသခံတွေရဲ့ စားဝတ်နေရေးနဲ့ ဘဝ တွေ ဖျက်ဆီး ပြီးပြီ ဖြစ်တာကြောင့် သဘာဝတရားကို ဖျက်ဆီးတဲ့ သူတွေကို ဘုရားက ခွင့်လွှတ်မှာ မဟုတ်ကြောင်း၊ ရေကာတာကို ရပ်ဆိုင်းဖို့ NLD အစိုးရကို မေတ္တာရပ်ခံချင်ကြောင်း ပြောဆိုပါတယ်။

ဦးလအောင်ကတော့ မြစ်ဆုံရေကာတာ စီမံကိန်းကြီးဟာ ဒေသခံတွေကို နေ့စဉ် ခြောက်လှန့်နေတဲ့ လက်နက်ကြီးတခုပဲ လို့ ပြောဆိုရင်း သက်ပြင်းချ ညည်းညူနေပါတော့တယ်။ ။

Irrawaddy Publishing Group.

0 comments:

Post a Comment