Thursday, October 6, 2016

အစိုးရသစ် ခေါင်းခဲစရာ လူကုန်ကူးမှုပြဿနာ

သင်္ဘောတစီး
လူကုန်ကူးရာတွင် အသုံးပြုသော သင်္ဘောတစီးကို ၂၀၁၅ ခုနှစ်အတွင်း ဖမ်းဆီးရမိရာ ကုလသမဂ္ဂ အရာရှိများ စစ်ဆေးနေစဉ် (ဓာတ်ပုံ – Reuters)

ပြီးခဲ့တဲ့ စက်တင်ဘာလ က အမေရိကန်ပြည်ထောင်စုကို သွားရောက်ခဲ့တဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ် အောင်ဆန်းစုကြည်ရဲ့ခရီးစဉ်မှာ အမေရိကန်သမ္မတ အိုဘားမားက မြန်မာနိုင်ငံအပေါ် နှစ်ပေါင်းများစွာ ပိတ်ဆို့ခဲ့တဲ့ GSP- (Generalized System of Preference) အကျိုးခံစားခွင့်ကို ပြန်လည်ပေးအပ်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။
ဒါဟာ မြန်မာ့ပို့ကုန်လုပ်ငန်းရှင်တွေအတွက်တော့ ရတောင့်ရခဲအခွင့်အရေးတရပ်ပါပဲ။ ဒီအခွင့်အရေးကြောင့် ၂ နိုင်ငံကုန် သွယ်မှုမှာ အလားလာကောင်းတွေ အများကြီးရှိလာနိုင်ပါတယ်။

ဒါပေမယ့် ခရီးစဉ်အတွင်းမှာပဲ ဒေါ်အောင်ဆန်းစုကြည်က လွှတ်တော်အမတ်တွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ အဲဒီတွေ့ဆုံ ရာမှုမှာ ရီပတ်ဘလစ်ကန် အထက်လွှတ်တော်အမတ် ဘော့ကော့ကား (Bob Corker) က မြန်မာနိုင်ငံရဲ့လူကုန်ကူးမှု ပြ ဿနာကို ထောက်ပြခဲ့ပါတယ်။

ဒါအပြင် လူကုန်ကူးခံရပြီး ကျေးကျွန်ဘ၀ရောက်နေသူတွေ၊ လိင်ကျွန်ဖြစ်နေရတဲ့သူတွေကို ကာကွယ်ပေးရေးအတွက် မြန် မာအစိုးရရဲ့အားထုတ်မှုတွေအပေါ်မှာ အထူးအလေးပေးပြီး အနီးကပ် စောင့်ကြည့်သွားမယ်လို့လည်း သူက ရိုက်တာသ တင်းဌာနကို ပြောခဲ့ပါတယ်။

စီးပွားရေးပိတ်ဆို့မှုကို ပြန်လည်ဖျက်သိမ်းပေးရေးဟာ လူကုန်ကူးပြဿနာကြောင့် နှောင့်နှေးသွားလေမလားဆိုတာ စိုးရိမ် စရာဖြစ်လာပါတယ်။ လူကုန်ကူးပြဿနာအပေါ် အလေးမထားတဲ့ တချို့နိုင်ငံတွေကို အမေရိကန် အစိုးရက ပိတ်ဆို့အရေး ယူတာတွေ ရှိခဲ့တဲ့အတွက်ပါပဲ။

ပိုဆိုးလာတဲ့ လူကုန်ကူးမှုတွေ

“လူကုန်ကူးမှုနဲ့ ပတ်သက်ရင် ပြီးခဲ့တဲ့အစိုးရတွေအနေနဲ့ လူကုန်ကူးခံရသူများ အကာအကွယ်ပေးရေးဥပဒေ (Trafficking Victims Protection Act – TVPA) ရဲ့အနိမ့်ဆုံး လိုက်နာရမယ့် စံချိန်စံညွှန်းကို ဘယ်လောက်လိုက်နာသလဲဆိုတဲ့ ပြဿ နာ ရှိပါတယ်” လို့ MDRI ရဲ့ Senior Researcher ဖြစ်တဲ့ ဦးတင်မောင်သန်းက ပြောပါတယ်။

ဒီဥပဒေအရ နိုင်ငံတွေကို အဆင့် ၁၊ အဆင့် ၂၊ အဆင့် ၃ ဆိုပြီး ခွဲခြား သတ်မှတ်ထားပါတယ်။ အဆင့်၁ စာရင်းထဲမှာပါတဲ့ နိုင်ငံတွေက လူကုန်ကူးမှုတွေရှိပေမယ့် သတ်မှတ်ဥပဒေရဲ့အနိမ့်ဆုံး လိုက်နာရမယ့် စံချိန်စံညွန်း( Minimum Standard) ကို အပြည့် အ၀လိုက်နာတဲ့ နိုင်ငံဖြစ်ပါတယ်။ အဆင့်၂ စာရင်းထဲမှာပါတဲ့ နိုင်ငံတွေကတော့ ဒီစံချိန်စံညွန်းတွေကို တစိတ် တပိုင်းသာ လိုက်နာတဲ့နိုင်ငံတွေပါ။

အဆင့် ၃ထဲမှာ ပါဝင်တဲ့ နိုင်ငံတွေကတော့ အနိမ့်ဆုံး ဖြစ်တဲ့ စံချိန်စံညွှန်းတွေကိုတောင် ထိထိရောက်ရောက် လိုက်နာမှု မရှိတဲ့ နိုင်ငံတွေပါပဲ။ လိင်ကျွန်အဖြစ် ရောင်းစားမှုတွေ၊ လိမ်ညာခြိမ်းခြောက်ခေါ်ဆောင်ပြီး အဓမ္မကျင့်ကြံတာတွေ၊ ကလေး သူငယ်တွေကို စစ်မှုထမ်းခိုင်းတာတွေ စတဲ့ အဆိုးဆုံးအမှုတွေကို ထိထိရောက်ရောက် တားဆီး အရေးမယူတဲ့နိုင်ငံတွေ ပဲဖြစ်ပါတယ်။

ပြီးခဲ့ ဇွန်လ ၃၀ ရက်နေ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်တဲ့ Trafficking in Person ( TIP) 2016 report မှာတော့ မြန်မာနိုင်ငံဟာ အဆင့်သုံး (Tire 3)လို့ သတ်မှတ်ထားတဲ့ နိုင်ငံ၂၆ နိုင်ငံစာရင်းထဲမှာ ပါဝင်နေတာ တွေ့ရပါ တယ်။

ထိုင်းနိုင်ငံအပါအ၀င် အခြားနိုင်ငံ၂၀ ကတော့ အဆင့်၂မှာ ရှိနေပါတယ်။ ဖိလစ်ပိုင်နိုင်ငံကတော့ အဆင့် ၁ စာရင်းမှာ ပါဝင်နေပါတယ်။

အရင်နှစ်တွေက ထိုင်းနိုင်ငံဟာ ပင်လယ်ငါးဖမ်းလုပ်ငန်းတွေမှာ လူကုန်ကူးတာတွေရှိခဲ့တာကြောင့် အဆင့် ၃ အဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။ ထိုင်းအစိုးရက ဒီပြဿနာကို တင်းတင်းကျပ်ကျပ် ကိုင်တွယ်အရေးယူလာခဲ့တဲ့အတွက် ယခု ၂၀၁၆ အစီရင်ခံစာမှာ အဆင့်၂ကို ရောက်သွားပါတယ်။ မြန်မာနိုင်ငံက ၄နှစ် ဆက်တိုက် အဆင့် ၂ နေရာမှာ ရှိခဲ့ရာကနေ ၂၀၁၆ ခုနှစ်မှာတော့ အဆင့် ၃ကို ကျဆင်းသွားပါတယ်။

လူကုန်ကူးမှု ပြဿနာကို တိုက်ဖျက်ရာမှာ ပိုအားနည်းလာတယ်လို့  အစီရင်ခံစာက ဆိုပါတယ်။ ဒီသတ်မှတ်ချက်ကြောင့် စီးပွားရေးပိတ်ဆို့မှုကို ပြန်လည်ရုပ်သိမ်းပေးပေမယ့် အကန့်အသတ်တွေ ရှိလာနိုင်ပါတယ်။

“မြန်မာနိုင်ငံက လူကုန်ကူးမှု တိုက်ဖျက်ရေးမှာ အဆင့် ၃ ရှိတဲ့ နိုင်ငံဖြစ်နေတဲ့ အတွက် GSP ပေးသည့်တိုင် ကုန်သွယ်ရေး ကို အတားအဆီးဖြစ်နေနိုင်တယ်။ ထိုင်းနိုင်ငံနဲ့ အီးယူကြားမှာလည်း ဒီပြဿနာမျိုးရှိခဲ့တယ်။ ထိုင်းထွက်ကုန်တွေကို အီးယူ က လူကုန်ကူးမှုနဲ့ ပြန်ကန့်ခဲ့တဲ့ ဥပမာတွေ ရှိတယ်”လို့ ISP (Institute for Strategy and policy) ရဲ့ Training Director ဖြစ်တဲ့ ဦးအောင်သူငြိမ်းက ပြောပါတယ်။

ပိတ်ဆို့မှုကြောင့်ဖြစ်တဲ့ ဆန့်ကျင်ဘက်ဆိုးကျိုး

အမေရိကန်အစိုးရဟာ ၂၀၀၃ ခုနှစ်မေလမှာ ဖြစ်ပွားတဲ့ ဒီပဲရင်းအရေးအခင်းအပြီး မြန်မာ့ဒီမိုကရေစီရေးဆိုင်ရာ အက်ဥပ ဒေ (The Burma Freedom and Democracy Act ) ကို ပြဌာန်းလိုက်ပါတယ်။

ဒီဥပဒေအရ ဘဏ်လုပ်ငန်းဆိုင်ရာ ငွေပေးငွေယူ( financial Transactions) ကိစ္စတွေကို လုပ်ခွင့်မပေးတော့သလို ဒီဥပ ဒေကြောင့်ပဲ အမေရိကန်ဘဏ်တွေထဲ ရှိနေတဲ့ account အချို့ပိတ်မိသွားပါတယ်။ အလားတူပဲ မြန်မာနိုင်ငံက ကျောက် မျက်နဲ့ ကျွန်းသစ်တွေကိုလည်း အမေရိကန်ပြည်ထောင်စုကို တင်သွင်းခွင့် မရတော့ဘူး။

တတိယနိုင်ငံတခုမှာ မွမ်းမံပြင်ဆင်ပြီးရင်တော့ တင်သွင်းခွင့် ရှိပါတယ်။ ဒါကြောင့် ဈေးကောင်းရတဲ့ မြန်မာ့ကျွန်းသစ်တွေ ကို အိမ်နီးချင်းနိုင်ငံတွေက ဈေးပေါပေါနဲ့ ရယူ၊ ပရိဘောဂလုပ်ပြီး တဆင့်ပြန်တင်ပို့ကြပါတယ်။

အလားတူပဲ မြန်မာနိုင်ငံမှာ ကျောက်စိမ်းထွက်ပေမယ့် ကမ္ဘ့ာကျောက်စိမ်းဈေးကွက်ဟာ တရုတ်နိုင်ငံကို ရွေ့သွားခဲ့သလို ပတ္တမြားဈေးကွက်ဟာလည်း ထိုင်းနိုင်ငံကို ရောက်သွားခဲ့ပါတယ်။ မြန်မာနိုင်ငံကတော့ ကိုယ့်နိုင်ငံက ထွက်တဲ့ပစ္စည်းတွေ ဆိုပေမယ့် မှောင်ခိုဈေးကွက်အနေနဲ့သာ ရောင်းချနိုင်ခဲ့ပါတယ်။

ဒီလိုကန့်သတ်မှုတွေဟာ အာဏာရှင်အစိုးရကို ပစ်မှတ်ထားခဲ့တယ်ဆိုပေမယ့် နိုင်ငံရဲ့ရင်းနှီးမြုပ်နှံမှုနဲ့ ကုန်သွယ်မှုကို ထိ ခိုက်သွားစေခဲ့တာ အမှန်ပါပဲ။ အထူးသဖြင့် အခြေခံလူတန်းစားတွေအတွက် ၀င်ငွေရလမ်းကို ဖန်တီးပေးတဲ့ အထည်ချုပ် လုပ်ငန်းဟာ အမေရိကန်ရဲ့ပိတ်ဆို့မှုနောက်ပိုင်းမှာ သိသိသာသာ ကျင်းဆင်းသွားခဲ့ပါတယ်။ အထည်ချုပ်လုပ်ငန်းတွေပေါ် မှီခိုနေတဲ့ အလုပ်သမားတွေ တော်တော်များများလည်း ထိုင်းနိုင်ငံဘက် ရောက်သွားတယ်။

အမေရိကန်အထက်လွှတ်တော်အမတ် ဘော့ကော့ကား (Bob Corker) က မြန်မာနိုင်ငံရဲ့လူကုန်ကူးမှု ပြဿနာကို မီး မောင်းထိုးပြလာတဲ့အခါ လူကုန်ကူးမှုနဲ့ ပိတ်ဆို့ အရေးယူမှုရဲ့အဆက်အစပ်ဟာ စဉ်းစားစရာ ဖြစ်လာပါတယ်။

ပိတ်ဆို့အရေးယူမှုကြောင့် စီးပွားရေးကျဆင်းပြီး အလုပ်အကိုင်ရှားပါးရာကနေ လူကုန်ကူးမှုတွေ တိုးပွားဖြစ်ပေါ်ခဲ့တယ်လို့ ပြီးခဲ့တဲ့အစိုးရလက်ထက်မှာ ပြောကြားလေ့ရှိပါတယ်။ ဒါပေမယ့် အလုပ်အကိုင်ရှားပါးလို့ ပြည်ပမှာ အလုပ်သွားလုပ်ရတဲ့ အလုပ်သမားတွေအပေါ်မှာ အစိုးရဘက်က ဘယ်လောက် တာဝန်ယူခဲ့သလဲ ဆိုတာတော့ မေးခွန်းထုတ်ဖို့ လိုလာပါလိမ့်မယ်။

အစိုးရရဲ့တာဝန်ယူမှု

ဥပမာ၂၀၀၄ ခုနှစ်မှာ ထိုင်းနိုင်ငံက သူတို့ဆီ ရွှေ့ပြောင်းဝင်ရောက်လာတဲ့ မြန်မာ၊ လာအိုနဲ့ ကမ္ဘောဒီးယားနိုင်ငံသားတွေ အတွက် အစိုးရချင်း နားလည်မှု စာချွန်လွာ ရေးထိုးဖို့ ပြောခဲ့တာရှိပါတယ်။ လာအိုနဲ့ ကမ္ဘောဒီးယားအစိုးရတွေက လက်ခံ ခဲ့ပေမယ့် မြန်မာအစိုးရဘက်က လက်မခံခဲ့ပါဘူး။ ၀မ်းနည်းစရာကောင်းတာက ထိုင်းနိုင်ငံမှာ ရှိနေတဲ့ ရွှေ့ပြောင်းအလုပ် သမားတွေရဲ့ ၉၅ ရာခိုင်နှုန်းက မြန်မာအလုပ်သမားတွေဖြစ်နေတာပါ။

“အစိုးရချင်းနားလည်မှု စာချွန်လွှာထိုးမယ့်ကိစ္စကို မြန်မာအစိုးရဘက်ကသဘောမတူခဲ့ဘူး။ မြန်မာဘက်ကနေ တရားမ၀င် ထွက်သွားတာဆိုတော့ တရားဝင်ပုံစံမျိုး ဖြစ်အောင်လုပ်မပေးနိုင်ဘူးလို့ပြောခဲ့တယ်။ ဒါကြောင့် ကမ္ဘောဒီးယားနဲ့ လာအို တွေ အတွက် အဆင်ပြေသွားပေမယ့် မြန်မာအလုပ်သမားတွေကတော့ တရားဝင်အလုပ်သမား ဖြစ်ခွင့်မရခဲ့ဘူး” လို့ ထိုင်း နိုင်ငံ၊ မဲဆောက်မြို့နယ်က ရောင်ခြည်ဦး အလုပ်သမားအဖွဲ့ရဲ့တာဝန်ခံ သင်တန်းမှူး ကိုမျိုးဇော်က ပြောပါတယ်။

ရွှေ့ပြောင်းအလုပ်သမားတွေရဲ့တရားမ၀င်မှုဟာ လူကုန်ကူးခံရဖို့ အတွက် အဓိက အကြောင်းရင်းတခု ဖြစ်ပါတယ်။ လက် ရှိအချိန်အထိ ထိုင်းနိုင်ငံမှာ မြန်မာရွှေ့ပြောင်းလုပ်သားအရေအတွက် လေးသန်းနီးပါး ရှိပေမယ့် တရားဝင်နိုင်ငံကူးလက် မှတ် (Passport) လုပ်ထားသူက ၉ သိန်းဝန်းကျင်ပဲရှိနေပါတယ်။ ဒါကြောင့် တရားမ၀င်အလုပ်သမားတွေအတွက် လူကုန်ကူးခံရမယ့်အနေအထားက သိသိသာသာ မလျော့ပါးသေးပါဘူး။

ပဋိပက္ခနဲ့ လူကုန်ကူးမှု

ပိတ်ဆို့မှုကြောင့် လူကုန်ကူးမှုတွေ တိုးပွားလာရတယ်လို့ အကြောင်းပြတတ်ပေမယ့် ပိတ်ဆို့မှုနဲ့ မသက်ဆိုင်တဲ့ နယ်ပယ် တွေမှာ လူကုန်ကူးမှုတွေရှိနေတာလည်း အထင်အရှားပါပဲ။ ဒါက ပဋိပက္ခဖြစ်ပွားတဲ့ နယ်ပယ်တွေမှာ ပေါ်ပေါက်နေတဲ့ လူကုန်ကူးမှုတွေပါ။

မြန်မာပြည်ရဲ့တိုင်းရင်းသားဒေသများမှာ ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်ကြောင့် ကိုယ့်ရပ်ကိုယ့်ဒေသကို စွန့်ခွာထွက်ပြေးနေ ရသူတွေ သိန်းနဲ့ ချီပြီး ရှိနေပါတယ်။ ကချင်ပြည်နယ်မှာ ဖြစ်နေတဲ့ တိုက်ပွဲတွေကြောင့် လူပေါင်း တသိန်းကျော်၊ ရခိုင်ပြည် နယ်မှာ ဖြစ်နေတဲ့ ပဋိပက္ခတွေကြောင့် လူပေါင်း တသိန်းနှစ်သောင်းကျော်ဟာ ကိုယ့်ရပ်ရွာ ကိုယ့်ဒေသကို စွန့်ခွာထွက် ပြေးကြရပါတယ်။

ဒါက စီးပွားရေးကြောင့်မဟုတ်ဘဲ စစ်ရေးကြောင့် ဖြစ်လာရတဲ့ကိစ္စပါ။ ဒီလူတွေထဲမှာ ဆိုးဆိုးရွားရွား လူကုန်ကူးခံရသူတွေ အများအပြားရှိနေပါတယ်။

ဒါကြောင့် အမေရိကန်အစိုးရဘက်က ပိတ်ဆို့အရေးယူမှုကို ရုပ်သိမ်းပေးပေမယ့် လူကုန်ကူးမှုတွေဟာ လုံးဝပပျောက်သွား မှာတော့ မဟုတ်ပါဘူး။ ငြိမ်းချမ်းရေးမရသေးသရွေ့ စစ်ပွဲကတဆင့် ဖြစ်လာရတဲ့ လူကုန်ကူးမှုတွေ ရှိနေပါလိမ့်ဦးမှာပါ။ လူ ကုန်ကူးမှု ပပျောက်ရေးဟာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ တနွယ်ငယ်တစင်ပါ ဆိုသလို ဖြစ်နေတာကိုလည်း သတိထားဖို့ လို ပါလိမ့်မယ်။

ISP ရဲ့Training Director ဖြစ်တဲ့ ဦးအောင်သူငြိမ်းကတော့ “ မြန်မာကို စပြီး အရေးယူခံရကတည်းက လူကုန်ကူးမှုတို့၊ အ ဓမ္မစေခံခိုင်းမှုတို့ကြောင့် အိုင်အယ်လ်အို (IlO) ရဲ့စစ်တမ်းတွေကို အခြေခံပြီး အရေးယူခဲ့တာ ဆိုတော့ တကယ်လို့ ဆန် ရှင်ရုပ်သိမ်းတယ်ဆိုရင်တောင် လူကုန်ကူးမှုကိစ္စကိုတော့ အစိုးရအနေနဲ့ ဖိဖိစီးစီးလုပ်ဖို့ လိုကောင်းလိုလာလိမ့်မယ်”လို့ သုံးသပ် ပြောကြားပါတယ်။

ဧရာဝတီ

0 comments:

Post a Comment