Friday, October 7, 2016

ဖိလစ်ပိုင် သမ္မတကို အမေရိကန် ကြိုးစား လျစ်လျူရှုနေရ

စက်တင်ဘာ ၃၀ ရက်နေ့က ဒါဗာအို နိုင်ငံတကာ လေဆိပ်တွင် တွေ့ရသော ဖိလစ်ပိုင် သမ္မတ ဒူတာတေး (ဓာတ်ပုံ - Reuters)

စက်တင်ဘာ ၃၀ ရက်နေ့က ဒါဗာအို နိုင်ငံတကာ လေဆိပ်တွင် တွေ့ရသော ဖိလစ်ပိုင် သမ္မတ ဒူတာတေး (ဓာတ်ပုံ - Reuters)

ယခုအခါ အမေရိကန် အရာရှိများမှာ ဖိလစ်ပိုင်သမ္မတ ရိုဒရီဂို ဒူတာတေး (Rodrigo Duterte) ၏ ရန်လိုသော စကားများကို လျစ်လျူရှုရန် အကောင်းဆုံးကြိုးစားပြီး သူသည် စစ်ရေး ပူးပေါင်းဆောင်ရွက်မှု လျှော့ချရန် စကားများကို လက်တွေ့ အကောင်အထည် မဖော်သေးသဖြင့် စိတ်သက်သာရာ ရနေကြသည်။

အမေရိကန် အနေဖြင့် သမ္မတသစ်ကို ထပ်မံ ဒေါသပေါက်ကွဲမှု ဖြစ်စေရန် အခြေအနေမျိုး မပြုလုပ်မိရန် ကြိုးစားနေပြီး တချိန်တည်းတွင် အဆင့်နိမ့် စစ်ရေးနှင့် တခြား ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက် ဆောင်ရွက်ရန် ကြိုးစားနေသည်ဟု အမေရိကန်အရာရှိများက အောက်တိုဘာ ၃ ရက်နေ့တွင် ပြောသည်။
တရုတ်နိုင်ငံက ပို၍ပို၍ ရန်လိုလာသော အနေအထားတွင် ဖိလစ်ပိုင်နှင့် လူသိရှင်ကြား လမ်းခွဲခြင်းသည် ပြဿနာများ ဖြစ်စေသကဲ့သို့ ဖိလစ်ပိုင်ကို အကူအညီ ဖြတ်တောက်ခြင်းဖြင့် အရေးယူရန် လေးနက်သော ပြောဆိုဆွေးနွေးမှုမျိုး မရှိကြောင်း အမေရိကန်အရာရှိများ၏ အဆိုအရ သိရသည်။

ဖိလစ်ပိုင် အမျိုးအနွယ် ၃ သန်းခန့် အမေရိကန်တွင် နေထိုင်နေကြသော်လည်း ကိုလိုနီဆန့်ကျင်ရေး စိတ်ဓာတ်ကို သိနားလည်သဖြင့် အမေရိကန် အရာရှိများသည် ဒူတာတေး အနေဖြင့် သူ၏ စကားများကို လက်တွေ့ အကောင်အထည် ဖော်ရန် အားပေးနိုင်ဖွယ်ရှိသော မည်သည့်ကိစ္စကိုမျှ ပြောဆိုလုပ်ကိုင်လိုခြင်း မရှိကြပေ။

“သူက မစ္စတာ ထရန့် လိုပဲ” ဟု အရှေ့တောင် အာရှဒေသဆိုင်ရာ အဆင့်မြင့် အရာရှိတဦးက ရီပတ်ဗလစ်ကန် သမ္မတလောင်း ဒေါ်နယ် ထရမ့် (Donald Trump) ကို ရည်ညွှန်း ပြောကြားသည်။ “သူက လူအာရုံစိုက် ခံရတာကို လိုချင်တယ်။ အာရုံစိုက် ခံလာရလေ၊ အရှိန် မြင့်လာလေပဲ။ သူ့ကို လျစ်လျူရှုထားတာ အကောင်းဆုံးပဲ” ဟုလည်း ဆက်ပြောသည်။

ထိုပြောဆိုချက်နှင့် ပတ်သက်၍ ဝေဖန်ပြောကြားပေးရန် သမ္မတ၏ ပြောရေးဆိုခွင့် ရှိသူ အာနက်စတို အဘဲလ်လာ (Ernesto Abella) ကို သတင်းထောက်တဦးက မေးမြန်းသောအခါ သူက “ဒါကသူတို့ရဲ့ ထင်မြင်ချက်ပဲလေ” ဟု ဖြေကြားသည်။

လွန်ခဲ့သောလက ဒူတာတေးသည် အမေရိကန်သမ္မတ ဘားရက် အိုဘားမားကို လူလွန်မသား ဟု ခေါ်ခဲ့သဖြင့် အိမ်ဖြူတော်က စီစဉ်ထားသော အစည်းအဝေးကို ဖျက်သိမ်းခဲ့ရသည်။

သူသည် သူ့ကိုယ်သူ ဟစ်တလာ နှင့် နှိုင်းယှဉ် ပြောကြားလိုပုံ ရှိပြီး သူ၏ နိုင်ငံမှ မူးယစ်ဆေး သုံးသူနှင့် ရောင်းသူ ၃ သန်းကို သတ်ဖြတ်ရလျှင် စိတ်ချမ်းသာမည်ဟု ပြောခဲ့သည်။ သို့သော် သူသည် နောက်ပိုင်းတွင် ဂျူးသုတ်သင်ရေးကို ရည်ညွှန်းပြောကြားခဲ့ခြင်း အတွက် ဂျူးလူမျိုး အသိုင်းအဝန်းကို တောင်းပန်ခဲ့သည်။ ဒူတာတေးက သူ့အနေဖြင့် နာဇီခေါင်းဆောင် အမည်ကို ဖော်ပြခြင်းမှာ သူအား ဝေဖန်သူများက သူ့ကို မည်သို့ ပုံဖော်ထားသည်ကိုသာ ပြောလိုခြင်း ဖြစ်သည်ဟု ဆိုသည်။

သူ၏ နောက်ဆုံး ရန်လိုသော စကားမှာ ဒူတာတေးက အမေရိကန်၏ ဆိုးရွားသော ဆက်ဆံရေးကို ဝေဖန်ပြီးနောက် သူသည် ရုရှားဝန်ကြီးချုပ် ဒီမစ်ထရီ မက်ဗီဒဗ် (Dmitry Medvedev) နှင့် အမည်မဖော်သော တရုတ်အရာရှိ တဦးတို့ထံမှ ထောက်ခံမှု ရခဲ့ကြောင်း ပြောခဲ့ခြင်း ဖြစ်သည်။

ပူးတွဲစစ်ရေး လေ့ကျင့်မှု ရပ်ဆိုင်းမည်၊ အမေရိကန် တပ်ဖွဲ့များကို ဖိလစ်ပိုင်တောင်ပိုင်းမှ မောင်းထုတ်မည်၊ လွန်ခဲ့သော ၂ နှစ်က နှစ်နိုင်ငံ အကြားချုပ်ဆိုခဲ့သော ကာကွယ်ရေး စာချုပ်ကို ပြန်လည်သုံးသပ်မည်ဟု ဒူတာတေးက လူသိရှင်ကြား ပြောခဲ့သော်လည်း ၎င်းတို့ အနက် မည်သည့်ကိစ္စမျှ ဖြစ်မလာသေးကြောင်း အမေရိကန်အရာရှိများက အလေးအနက် ပြောသည်။

လှိမ့်လုံးခြောက်လုံးများသာ

ဒူတာတေး၏ ပြောဆိုချက်များကို ၎င်းတို့ သတိထားမိကြောင်း၊ သို့သော် ဖိလစ်ပိုင်စစ်ဘက်ကမူ ယခင်အတိုင်းသာ ဆက်လက် ဆက်ဆံရန် အာမခံကြကြောင်း အမေရိကန် စစ်အရာရှိများက ပြောသည်။

“ဒီကိစ္စကြောင့် ဘယ်သူမှ အိပ်ရေး မပျက်ကြပါဘူး” ဟု အမည်မဖော်လိုသော အမေရိကန် စစ်အရာရှိတဦးက ပြောသည်။
“ဒါတွေ အားလုံးက လှိမ့်လုံး ခြောက်လုံးတွေပါ” ဟု နောက်ထပ် အမေရိကန် အရာရှိတဦးက ပြောပြီး “ဒူတာတေး၏ မှတ်ချက်များသည် ၎င်းတို့လောကသို့ ကူးစက်ပျံ့နှံ့လာခြင်း မရှိ” ဟု ဆိုသည်။

ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း ဇန်ဘိုအန်ဂါမြို့ (Zamboanga City) တွင် အမေရိကန် တပ်ဖွဲ့ဝင် ၁၀၀ ခန့် ရှိကြောင်း ဖိလစ်ပိုင်စစ်ဘက် ပြောရေးဆိုခွင့်ရှိသူ တဦးက ပြောပြီး ထိုပမာဏမှာ အဘူဆေယက် အစ္စလမ်မစ် စစ်သွေးကြွများကို တိုက်ခိုက်ရာတွင် ဖိလစ်ပိုင် တပ်ဖွဲ့များကို လေ့ကျင့်အကြံပေးရန် မူလက ချထားခဲ့သော တပ်ဖွဲ့ဝင် ၁၂၀၀ အောက် များစွာလျှော့နည်းလာခြင်း ဖြစ်သည်။

ထို အမေရိကန်တပ်ဖွဲ့များကို ရုပ်သိမ်းရန် မည်သည့် အစီအစဉ်ရှိသည်ဟု မသိကြောင်း ထို ဖိလစ်ပိုင်စစ်ဘက် ပြောရေးဆိုခွင့်ရသူကပင် ပြောသည်။

၁၉၄၂-၄၅ အတွင်း ဂျပန်သိမ်းပိုက်မှု ကာလမှလွဲ၍ အမေရိကန် ပြည်ထောင်စုသည် အမေရိကန်-စပိန် စစ်ပွဲအပြီး ဖိလစ်ပိုင် ကျွန်းစုကို စပိန်ထံမှ လက်ခံရရှိသည့် ၁၈၉၈ မှ စတင်၍ ၁၉၄၆ ခုနှစ် လွတ်လပ်ရေးရသည် အထိ ဖိလစ်ပိုင်ကို အုပ်ချုပ်ခဲ့သည်။

နှစ်နိုင်ငံတို့သည် ၁၉၅၁ ခုနှစ်တွင် အပြန်အလှန် ကာကွယ်ရေး စာချုပ် ချုပ်ဆိုခဲ့ကြသော်လည်း နှစ်နိုင်ငံအကြား နီးကပ်သော ဆက်ဆံရေးမှာ လွန်ခဲ့သော ၂၅ နှစ်ခန့်က ဖိလစ်ပိုင် ဆူးဗစ်ပင်လယ်အော်ရှိ ရေတပ်စခန်း အပါအဝင် ကြီးမားသော အမေရိကန် စစ်စခန်း ၂ ခုကို နိုင်ငံမှ ထွက်ခွာသွားစေသော အခါ တပ်အင်အား စတင်လျော့ကျလာသည်။

ပူးပေါင်းဆောင်ရွက်ရေးတိုးမြှင့်

သို့သော် လွန်ခဲ့သော ၂ နှစ်ကမူ နှစ်နိုင်ငံတို့သည် အဆင့်မြင့် ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ် Enhanced Defense Cooperation Agreement (EDCA) ကို လက်မှတ်ရေးထိုးပြီး ထိုသဘောတူစာချုပ်သည် အမေရိကန်ကို ရေကြောင်းလုံခြုံရေး၊ လူသားချင်း စာနာမှုနှင့် သဘာဝ ဘေးအန္တရာယ် တုံ့ပြန်ဆောင်ရွက်ရန် သိုလှောင်ရေး အဆောက်အအုံများ တည်ဆောက်ခွင့် ပေးခဲ့သည်။

ထိုစာချုပ်အရ C-130 စစ်ဘက် သယ်ယူပို့ဆောင်ရေး လေယာဉ် ၂ စင်းနှင့် တပ်ဖွဲ့ဝင် ၁၀၀ တို့သည် ဖိလစ်ပိုင် အလယ်ပိုင်းရှိ လေတပ်စခန်းတခုတွင် စက်တင်ဘာလ ၂၅ ရက်နေ့မှ စတင် ရောက်ရှိနေကြသည်။ မကြာသေးမီကလည်း ၂ နိုင်ငံတို့သည် PHILBEX အမည်ရှိ ၈ ရက်ကြာ ပူးတွဲစစ်ရေးလေ့ကျင့်မှုတခု ပြုလုပ်ခဲ့ကြသည်။

EDCA သည် နိုင်ငံတကာ သဘောတူ စာချုပ်တခု ဖြစ်ပြီး အမေရိကန်နှင့် ဖိလစ်ပိုင်တို့သည် နိုင်ငံတကာ ဥပဒေကို လေးစားလိုက်နာရန် လိုသည်ဟု ပင်တဂွန် စစ်ဌာနချုပ် ပြောရေးဆိုခွင့် ရှိသူ တပ်မှူး ဂရေး ရော့စ် (Gary Ross) က ပြောကြားခဲ့သည်။ ထိုစာချုပ်၏ ကနဦး သက်တမ်းမှာ ၁၀ နှစ် ဖြစ်ပြီး ထိုကာလ ကုန်ဆုံးလျှင် စာဖြင့် တနှစ် ကြိုတင် အကြောင်းကြားပြီး မည်သည့်ဘက်က မဆို ဖျက်သိမ်းနိုင်သည်ဟု စာချုပ်ပါ ပြဋ္ဌာန်းချက်များကို ကိုးကား၍ ရော့စ်က ပြောသည်။

ယခင် ကိုလိုနီဟောင်း ဖိလစ်ပိုင်နိုင်ငံသည် သမ္မတ အိုဘားမား အစိုးရ၏ နိုင်ငံခြားရေးမူဝါဒကို အာရှနှင့် ချိန်ခွင်လျှာ ပြန်လည် ထိမ်းညှိရေး မူဝါ၏ အဓိက အစိတ်အပိုင်း ဖြစ်ပြီး တရုတ်နိုင်ငံက ၎င်း၏ ပိုင်နက်တောင်းဆိုမှု ပြင်းထန်လာပြီး နောက် နှစ်နိုင်ငံတို့သည် တောင်တရုတ် ပင်လယ်တွင် ပူးတွဲကင်းလှည့်မှုလည်း စတင်နေပြီ ဖြစ်သည်။

တရုတ်နိုင်ငံက ရေနံနှင့် သဘာဝဓာတ်ငွေ့ ကြွယ်ဝသည်ဟု ယူဆရသည့် တောင်တရုတ်ပင်လယ်၏ ၉၀ ရာခိုင်နှုန်းကို တောင်းဆိုနေပြီး ထိုတောင်းဆိုမှုမှာ ဖိလစ်ပိုင်၊ မလေးရှား၊ ဘရူနိုင်း၊ ဗီယက်နမ်နှင့် ထိုင်ဝမ်တို့၏ တောင်းဆိုမှုများနှင့် ထိပ်တိုက် ဖြစ်နေသည်။

လွန်ခဲ့သော ၃ လက ဒူတာတေး အာဏာရပြီး ကတိအတိုင်း မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ဆောင်ရွက်ရာ လူပေါင်း ၃၁၀၀ ကျော် သေဆုံးရခြင်း အတွက် အမေရိကန် အရာရှိများက စိတ်အနှောင့်အယှက် ဖြစ်နေသော်လည်း သူတို့သည် ၂ နိုင်ငံအကြား ရှည်ကြာသော စစ်ဘက်ဆက်ဆံရေးကို တန်ဖိုးထားကြသည်။

“တခါတလေတော့ လူပုဂ္ဂိုလ်ကိစ္စတွေ ဘေးဖယ်ထားပြီး နိုင်ငံတွေနဲ့ ပတ်သက်တာတွေ လုပ်ရတတ်တယ်။ အမေရိကန်က ဖိလစ်ပိုင်ကို ဆုံးရှုံး မခံနိုင်ဘူး။ ဒါကြောင့် တော်တော်လေးကို မနှစ်မြို့စရာကောင်းတဲ့ ဒီခေါင်းဆောင်နဲ့ ဆက်ဆံပြီး သူ့ရဲ့ လူ့အခွင့်အရေး မူဝါဒတွေကို ဆန့်ကျင်ကြောင်းပြဖို့ နည်းလမ်းရှာရမယ်” ဟု အထက်လွှတ်တော် ပြည်ပဆက်ဆံရေး ကော်မတီ၏ အာရှရေးရာ ကျွမ်းကျင်သူဟောင်းနှင့် ယခု Maureen and Mike Mansfield Foundation တွင် လုပ်ကိုင်နေသော ဖရန့်ခ် ဂျန်နူဇီ (Frank Jannuzi) က ပြောသည်။

အမေရိကန် ဥပဒေပြု အမတ်းများသည် ၎င်းတို့၏ စိုးရိမ်မကင်းဖြစ်မှုကို ဖိလစ်ပိုင် သံရုံးနှင့် အကြိမ်ကြိမ် ဆွေးနွေးပြီး ဖြစ်ကာ ဖိလစ်ပိုင် သံတမန်များမှာလည်း ဒူတာတေးအစိုးရကို ကိုယ်စားပြုရေးနှင့် သူ၏ စကားများအပေါ် စိုးရိမ်ခြင်းတို့ အကြား ဗျာများနေရသည်။

အမေရိကန်က မကြာသေးမီ နှစ်များအတွင်း ဖိလစ်ပိုင်သို့ ပြည်ပ အကူအညီနှင့် စစ်ရေးဖွံ့ဖြိုးရေး အကူအညီဒေါ်လာ သန်းရာချီ ပေးထားပြီး ဖိလစ်ပိုင်သည် အာဖဂန်နှင့် ပါကစ္စတန်ပြီးလျှင်အာရှတွင် အမေရိကန် အကူအညီ တတိယ အများဆုံးရသော နိုင်ငံဖြစ်နေသည်။

သြဇာကြီးမားသော အထက်လွှတ်တော် အမတ် ၂ ဦး ဖြစ်သည့် အထက်လွှတ်တော် ပြည်ပဆက်ဆံရေး ကော်မတီမှ ထိပ်တန်း ဒီမိုကရက် ဘင် ကာဒင် (Ben Cardin) နှင့် ပြည်ပ အကူအညီကို ကိုင်တွယ်သော ဆပ်ကော်မတီမှ ထိပ်တန်း ဒီမိုကရက် ပက်ထရစ် လေ့ဟီ (Patrick Leahy) တို့က ယခုဘဏ္ဍာနှစ် အတွက် အကူအညီကို စဉ်းစားရာတွင် ဒူတာတေး ၏ မူဝါဒများကို ထည့်သွင်း စဉ်းစားလိုကြသည်။

လူသိရှင်ကြား စိတ်ပေါက်ကွဲတတ်သော ဒူတာတေးနှင့် ပတ်သက်၍ အိုဘားမားအစိုးရက ပိုမိုစိတ်ပူပန် သော်လည်း အမေရိကန် အစိုးရတွင် တခြားနည်းလမ်းများ ရှိသောကြောင့် နိုင်ငံရေး အကွဲအပြဲသည် ကာကွယ်ရေး အပေါ် သက်ရောက်မှု ဖြစ်မည်ကို သိပ်မစိုးရိမ်ဟု အမေရိကန် အရာရှိတဦးက ပြောသည်။

ထို တခြား နည်းလမ်းများတွင် စင်ကာပူရှိ ဒေသဆိုင်ရာ ရေတပ်ဌာန (Navy Region Center)၊ ဘရူနိုင်းရှိ လေ့ကျင့်ရေး ဌာနနှင့် ဗီယက်နမ်နှင့် ရေတပ်ချင်းဆက်ဆံမှု တိုးတက်ရန် အလားအလာတို့ ပါဝင်သည်ဟု ထို အမည်မဖော်လိုသော အရာရှိက ပြောသည်။

(Reuters သတင်းဌာနတွင် ဖော်ပြထားသော Idrees Ali and Arshad Mohammed တို့၏ For now, U.S. tries to ignore Philippines president’s broadsides ကို ဘာသာပြန်ဆိုသည်။)

ဧရာဝတီ

0 comments:

Post a Comment