Sunday, December 6, 2015

အငြိမ်းစား ဗိုလ်ချုပ်မှူးကြီးနှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံမှုအပေါ် ပြည်သူ့အသံ


ဒီဇင်ဘာ ၄ ရက်က ယခင်စစ်အစိုးရအကြီးအကဲ အငြိမ်းစားဗိုလ်ချုပ်မှူး ကြီးသန်းရွှေနှင့် လက်ရှိရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့ သီးသန့်တွေ့ဆုံခဲ့ကြသည်။ ၂ နာရီခွဲ ၀န်းကျင်ကြာ ၎င်းတို့နှစ်ဦးတွေ့ဆုံမှုသည် အနာဂတ်မြန်မာနိုင်ငံတည်ထောင်ရေးအတွက်၊ ဒေါ်အောင်ဆန်းစုကြည်ရင်ဆိုင်နေရသည့် ဖွဲ့စည်းပုံအခြေခံဥပဒေအကျပ်အတည်း ကျော်လွှားနိုင်ရေးအတွက်၊ အမျိုးသားရင်ကြားစေ့ရေးအတွက် မျှော်လင့်ချက်ရောင်ခြည်သန်းပြီလားဟု ပြည်သူများက ကြိုဆိုခဲ့ကြသည်။ ထို့ကြောင့် ခေါင်းဆောင်နှစ်ဦးတွေ့ဆုံမှုအပေါ် လတ်တလော ပြည်သူအများစု၏ အသံများကိုစုစည်းဖော်ပြလိုက်ပါသည်။

ဦးထိပ်တင်အောင်

(မင်းတုန်းမင်း၏တီ)
နိုင်ငံက နောက်ကျပြီး တိုးတက်မှု အားနည်းချိန်မှာ ဒီလိုတွေ့ဆုံမှုက နိုင်ငံအတွက် အကျိုးဖြစ်စေမယ်လို့ မျှော်လင့်ပါတယ်။ သမ္မတရွေး ချယ်မှုက ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရွေးချယ်မှာပါ။ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ဖို့ ဥပဒေပြင်ဆင်မှုလုပ် ရမှာပါ။ အခုတွေ့ဆုံမှုတွေအရ အကောင်းဆုံးသော အခြေခံဥပဒေပြင် ဆင်မှုတွေ အမြန်ဖြစ်လာမယ်လို့ မျှော်လင့်မိပါတယ်။ နိုင်ငံအတွက် စေတနာကောင်းနဲ့ လုပ်တဲ့သူအားလုံးကို လေးစားပါတယ်။ နိုင်ငံကို ခေါင်းဆောင်ကြတဲ့သူတွေက စေတနာကောင်းတွေရှိမယ်ဆိုတာ ငြင်း စရာမရှိပါဘူး။ ပြည်သူတွေကသာ ကိုယ့်ခေါင်းဆောင်တွေရဲ့ ဆောင် ရွက်ချက်တွေကို ကြည့်ရှုပြီး နိုင်ငံ့အကျိုးကိုသာကြည့်ပြီး အလုပ်လုပ်ကြ ရမှာပါ။

စည်သူအောင်မြင့်

(ရန်ကုန်အခြေစိုက် သတင်းစာဆရာ)
သာမန်ပြည်သူတစ်ယောက်အနေနဲ့ကတော့ အရင်ကလို ပဋိပက္ခ အခြေအနေတွေဖြစ်နေတာထက် တွေ့ကြ၊ ဆုံကြ၊ စကားပြောကြ၊ မျက်နှာချင်းဆိုင်ကြတာဟာ ကောင်းတဲ့ဘက်ကို သွားတာပါပဲ။ အဲဒီလို တွေ့ဆုံရင်းနဲ့မှ တစ်ယောက်နဲ့တစ်ယောက် ဘယ်သူက ဘယ်သူ့ကို စည်းရုံးနိုင်မလဲဆိုတဲ့အပေါ် မူတည်တယ်။ ဒေါ်အောင်ဆန်းစုကြည်က ပိုပြီးစည်းရုံးနိုင်မယ်ဆိုရင်တော့ သူသမ္မတဖြစ်လာမယ်။ သူသမ္မတဖြစ်လာရင် တိုင်းပြည်က ဒီထက်ပိုကောင်းသွားမယ်။ ဒေါ်အောင်ဆန်းစုကြည်လို ဂုဏ်သတင်းကျော်စောတဲ့ သူတစ်ယောက်၊ အမျိုးသားခေါင်းဆောင်ရဲ့ သမီး၊ ရွေးကောက်ပွဲမှာလည်း အနိုင်ရထားရဲ့သားနဲ့ သမ္မတဖြစ်ခွင့်မရဘူးဆိုတာကလည်း တပ်အတွက် မျက်နှာပူစရာ၊ အရှက်ရစရာကြီးလိုဖြစ်နေတယ်။ အခုတွေ့ဆုံမှုကနေ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ကောင်းဖြစ်လာနိုင်ပါတယ်။ ဒါပေမဲ့ အဲဒါက ဦးသန်းရွှေတစ်ယောက် တည်းအပေါ် မူမတည်ပါဘူး။ ဦးသန်းရွှေကလည်း အရေးကြီးသူတစ်ယောက်ဖြစ်လို့ သူစည်းရုံးရမှာပါပဲ။ ဒါ့အပြင် အခုလက်ရှိ တပ်မတော်ခေါင်းဆောင်တွေကိုလည်း စည်းရုံးရပါမယ်။ တပ်ကို စည်းရုံးနိုင်ရင်တော့ အစိုးရသစ်မဖွဲ့ခင် ဖွဲ့စည်းပုံပြင်နိုင်ပြီး ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်လာနိုင်ပါတယ်။

ကိုဇော်လင်းအောင်

(ရွှေပန်းထိမ်ဆရာ၊ မုံရွာမြို့)
နှစ်ဖက်တွေ့ဆုံဆွေးနွေးမှုက တိုင်းပြည်အတွက် ကောင်းတဲ့အလား အလာဖြစ်ဖို့ မျှော်လင့်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်နိုင် ခြေရှိမယ်လို့ မျှော်လင့်ထားတယ်။ နိုင်ငံအတွက် စေတနာထားပြီး ဆောင်ရွက်သူအချင်းချင်း တစ်ဦးနဲ့တစ်ဦး ယုံကြည်မှု၊ နားလည်မှု၊ လေးစားမှု တွေနဲ့ ဆောင်ရွက်ကြမယ်ဆိုရင် ပြည်သူလူထုအားလုံးက သဘောကျ ကျေနပ်လက်ခံကြမှာပါ။

ကိုသော်တာ

(အိုင်တီမန်နေဂျာ)
ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေတို့ နေပြည်တော်က ဦးသန်းရွှေအိမ်မှာ ဘယ်လိုအကြောင်းနဲ့ပဲတွေ့တွေ့ပါ။ ပြည်သူတွေအတွက်ပဲ ဖြစ်မှာပါလို့ ကျွန်တော်ယုံကြည်ပါတယ်။ လူတိုင်းက အကောင်းတွေပဲ လိုချင်တတ်ကြတော့ သူတို့နှစ်ဦးတွေ့ဆုံတာက လည်း အကောင်းဆုံးတွေဖြစ်လာမယ်လို့ပဲ မျှော်လင့်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်သမ္မတဖြစ်မလား၊ မဖြစ်ဘူးလားဆိုတာထက် နိုင်ငံတစ်ခု လုံးတိုးတက်အောင်လုပ်နိုင်တဲ့သူပဲ ဖြစ်စေချင်ပါတယ်။ ဦးရွှေမန်းပြော တဲ့ ပြည်သူတွေရဲ့ ကောင်းရာကောင်းကြောင်းကို လုပ်နေတဲ့သူတွေကို လေးစားရမယ်ဆိုတာ လက်ခံပါတယ်။ အများကောင်းကျိုးအတွက် လုပ် နေသူတွေကို ဝေဖန်မယ့်အစား ကိုယ်တတ်နိုင်သလောက် အကြံပြုပေး စေချင်ပါတယ်။

အိဖြိုးကျော်

(မန်နေဂျာ၊ ကျောက်မျက်ကုမ္ပဏီ)
အကောင်းဆုံးရလဒ်ကို မျှော်လင့်ထားပါတယ်။ ဦးသန်းရွှေက နိုင်ငံ တော်တိုးတက်ရေးအတွက် တတ်နိုင်သမျှ ကူညီမယ်လို့ ပြောထားပေ မယ့် တခြားအပိုင်းတွေနဲ့တော့ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒေါ်အောင် ဆန်းစုကြည်သမ္မတဖြစ်နိုင်မယ်လို့တော့ မထင်ဘူး။ ဘာလို့လဲဆိုတော့ သူတကယ်ဆန္ဒရှိရင် အစောကြီးကတည်းက ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ပြီး ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ဖို့ သူကူညီဆောင်ရွက် ပြီးနေပါပြီ။ ယခုလက်ရှိ အာဏာက တပ်မတော်လက်ထဲမှာရှိနေတာပါ။ ဦးသန်းရွှေလက်ထဲမှာလို့ပြောရင် ပိုမှန်ပါလိမ့်မယ်။ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကိုလည်း သူပဲနောက်ကွယ်က ကြိုးကိုင်နေတယ်။ သမ္မတ မဖြစ်ပေမယ့် သမ္မတအထက်ကနေ ဒေါ်အောင်ဆန်းစုကြည်က အားလုံးကို လုပ်ကိုင်နိုင်မယ်လို့ မျှော်လင့်ပါတယ်။ အခုလက်ရှိလည်း အဲဒီလိုအခြေအနေမျိုးမှာ ရှိနေပါတယ်။ သူရဦးရွှေမန်းက ပြည်သူတွေကို လေးစားရမယ်၊ ချီးမြှောက်ရမယ်ပြောပေမယ့်လည်း ဒါဟာ နိုင်ငံတော်အကြီးအကဲ တွေပြောနေကျစကားပါ။ တကယ့်တကယ်တမ်း တိုးတက်ကောင်းမွန်လာဖို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုပ်ဆောင်ချက်တွေအပေါ်မှာပဲ မူတည်တယ်လို့ ထင်ပါတယ်။

ကိုထွေး

(အရောင်းအ၀ယ်၊ ကျောက်ပန်းတောင်း)
တိုင်းပြည်ရဲ့အရွေ့ဟာ ထင်ထားတာထက် မြန်မယ်လို့ မျှော်လင့် တယ်။ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်၊ မဖြစ်ကိုတော့ ထင်မြင်ချက် မပေးလိုပါဘူး။ သူ သမ္မတဖြစ်ဖြစ်၊ မဖြစ်ဖြစ် အရေးမကြီးဘူး။ တိုင်းပြည်ကို ဦးဆောင်သူဖြစ်ရင်တော်ပြီ။ အကောင်းဘက်ကို ပြောင်းလာသူတွေကို ကြိုဆိုတယ်။ ဒါပေမဲ့ စောင့်ကြည့်ဦးမယ်။ နိုင်ငံအတွက် စေတနာကောင်းကောင်းနဲ့လုပ်တဲ့သူတွေကို ပြည်သူတွေက အားပေးချီးမြှောက်ရမယ်လို့ သူရဦးရွှေမန်းပြောတဲ့အပေါ်မှာတော့ အားပေးချီးမြှောက်ဖို့ကတော့ အလုပ်နဲ့သက်သေအရင်ပြပါဦးလို့ တောင်းဆိုချင်တယ်။

ဒေါက်တာစိုးထွန်း

(ဒုဥက္ကဋ္ဌ၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်)
ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်မှူးကြီး(ငြိမ်း) ဦးသန်းရွှေတို့ရဲ့ တွေ့ဆုံမှုကို အကောင်းဘက်ကပဲ မြင်ပါတယ်။ ဦးသန်းရွှေကလည်း နိုင်ငံတော်အကြီးအကဲတွေဖြစ်တဲ့ သမ္မတနဲ့ ကာချုပ်တို့အပေါ်မှာ အထိုက်အလျောက်အာဏာရှိတဲ့သူဖြစ်တယ်။ ဒါကြောင့် သူနဲ့တွေ့ဆုံဆွေး နွေးညှိနှိုင်းတာက အာဏာလွှဲပြောင်းရေးမှာ အထောက်အကူပြုမယ်လို့ မြင်တယ်။ ပြီးတော့ တိုင်းပြည်တည်ငြိမ်အေးချမ်းရေးနဲ့ စီးပွားရေးကဏ္ဍ တွေမှာလည်း တိုးတက်မှုတွေဖြစ်လာမယ်လို့ မြင်တယ်။ တွေ့ဆုံမှုက ဖွဲ့စည်းပုံအခြေခံပြင်ဆင်ရေးအတွက်လည်း အထောက်အကူပြုမယ်လို့ မြင်တယ်။ ဒါပေမဲ့ လက်ရှိတွေ့ဆုံမှုကြောင့် ၅၉(စ)ကို မပြင်ဘဲနဲ့တော့ သမ္မတမဖြစ်နိုင်ဘူးလို့ မြင်ပါတယ်။ ၅၉(စ)ကို ပြင်၊ မပြင်ကိုလည်း မပြောနိုင်သေးပါဘူး။

ကိုဇင်ကိုဦး

(ကုမ္ပဏီဝန်ထမ်း၊ ပြည်မြို့)
ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်မှူးကြီး(ငြိမ်း)ဦးသန်းရွှေတို့ရဲ့တွေ့ဆုံမှုကနေ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ပြီး စစ်မှန်တဲ့ဒီမိုကရေစီလမ်း ကြောင်းပေါ် ရောက်လာအောင် ပြောင်းလဲနိုင်ဖို့ မျှော်လင့်ပါတယ်။ စစ် အာဏာရှင်စနစ်အကျန်တွေ ပပျောက်ပြီး တရားဥပဒေစိုးမိုးမှုရှိလာတာ မျိုးကို မျှော်လင့်ပါတယ်။ လောလောဆယ်မှာတော့ ဒေါ်အောင်ဆန်းစု ကြည်အနေနဲ့ သမ္မတဖြစ်လာနိုင်ခြေရှိတယ်လို့တော့ မထင်ပါဘူး။ လွှတ် တော်ထဲမှာ အခြေခံဥပဒေကိုပြင်၊ ပြည်သူ့ဆန္ဒခံယူပွဲလုပ်ပြီး ပြင်နိုင်ခဲ့ရင် တောင် လာမယ့်အစိုးရသက်တမ်းမှာ သမ္မတဖြစ်နိုင်မယ့်အနေအထား လောက်တော့ ရေးရေးလေး ခန့်မှန်းကြည့်မိတယ်။ နိုင်ငံနဲ့ ပြည်သူ့အ တွက် စေတနာကောင်းကောင်းနဲ့လုပ်တာ၊ မလုပ်တာ ပြည်သူက သိပါတယ်။ ပြည်သူ့အတွက် တိုးတက်ကောင်းမွန်အောင် စိတ်ကောင်းစေတနာအမှန်နဲ့ ဆောင်ရွက်ပေးမယ့်သူကို ပြည်သူတွေက ရွေးချယ်ပေးခဲ့သလို ပြည်သူတွေကိုလည်း ကျေးဇူးဆပ်ဖို့ လိုပါတယ်။

လမင်းဦး

(မှတ်တမ်းရုပ်ရှင် ဒါရိုက်တာ)
ရွေးကောက်ပွဲက ပြည်သူတွေကြိုက်တဲ့ အစိုးရကိုတင်မြှောက်လိုက် ပြီ။ အခု အစိုးရဖွဲ့ဖို့စောင့်နေတဲ့ ကြားကာလမှာ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အစိုးရသစ်ကို အာဏာလွှဲပြောင်းဖို့ ချောချောမွေ့မွေ့ဖြစ်ဖို့ကတော့ ရေတို မှာ မျှော်မှန်းတယ်။ သူတို့တွေ့ဆုံတာကလည်း အဲဒါကို ဦးတည်ပြီးတွေ့ ဆုံတယ်လို့ ရည်မှန်းပါတယ်။ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေး၊ မဖြစ်ရေးကတော့ ရွေးကောက်ပွဲမတိုင်မီက ကျွန်တော်တို့သိထားတာက တော့ လုံးဝမဖြစ်နိုင်ဘူး။ ဒါပေမဲ့ အခုလောလောဆယ်အခြေအနေက သမ္မတဖြစ်ဖို့ ပြောင်းလဲနိုင်မယ့်အခြေအနေမျိုးကို ဦးတည်နေတာတွေ့ ရတယ်။ ဘယ်လောက်ထိ သေချာမလဲတော့မပြောတတ်ဘူး။ ကျွန်တော့် အမြင်ကတော့ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတပေးမလုပ်ဘူးဆိုတဲ့ ဥပဒေက တရားမမျှတဘူး။ အဲဒီဥပဒေကတော့ အရင်ကတည်းကပြောင်းလဲသင့်တာ။ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ဖြစ်၊ မဖြစ်ဖြစ်သူက ခေါင်းဆောင်တစ်ယောက်နေရာကပဲလုပ်ကိုင်သွားမယ်လို့မြင် တယ်။ ရွေးကောက်ပွဲမှာ သူ့ကြောင့်အင်န်အယ်လ်ဒီ အများကြီးနိုင်သွားတယ်ဆို တာကိုလည်း အကုန်လုံးသိပြီးသားပဲ။ ပြည်သူတင် မြှောက်တဲ့အစိုးရကို အာဏာလွှဲတာ ဖြောင့်ဖြောင့်ဖြူးဖြူးဖြစ်စေချင်တယ်။ အရင် ၁၉၉၀ တုန်းက ဖြစ်ထားတာလည်းရှိတော့ ပြီးခဲ့တဲ့ ၈ ရက်နေ့က မဲသာပေးလိုက်ရတာ တစ်ခုခုဖြစ်မလားဆိုပြီး စိုးရိမ်စိတ်ဖြစ်တယ်။ အစိုးရဖွဲ့နိုင်ဖို့ကလည်း သုံးလလောက်ကြာဦးမယ်။ လွှတ်တော်ကလည်း မပြီးသေးဘူး။ ဒါပေမဲ့ဒီကြားထဲမှာ တွေ့နေရတာကတော့ USDP ဘက် ကရော၊ စစ်ဘက်ကရော တုံ့ပြန်မှုတွေကတော့ ငြိမ်းချမ်းရေးဘက်ကို သွားတယ်လို့ထင်တယ်။

ဦးအောင်လင်း

(အလုပ်သမားအရေး ဆောင်ရွက်သူ)
ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အရေးကြီးတဲ့တွေ့ဆုံမှုတစ်ရပ်ပြု လုပ်သွားတယ်လို့ မြင်တယ်။ ဒါက ပြည်တွင်းမှာ ငြိမ်းချမ်းရေးတစ်ခု ဖော်ဆောင်နိုင်ဖို့အတွက် ရှေးရှုတယ်လို့ ယူဆနိုင်တယ်။ အေးချမ်းတဲ့ အပြောင်းအလဲတစ်ခုဖြစ်လာအောင် ပြင်ဆင်မှုတွေလုပ်တဲ့သဘောပါပဲ။ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အစိုးရယန္တရားချောမွေ့စွာ လည် ပတ်နိုင်ဖို့အတွက်ကလည်း ဒီတွေ့ဆုံမှုက အရေးပါနိုင်တယ်။ ဒေါ်အောင် ဆန်းစုကြည် သမ္မတဖြစ်ဖို့အတွက် ၅၉(စ)ကို ပြင်နိုင်မလားဆိုတာ စိတ်ဝင်စားဖို့ကောင်းတယ်။ ဒီတွေ့ဆုံမှုတွေကနေ ကောင်းမွန်တဲ့ရလဒ်ရလာခဲ့ မယ်ဆိုရင် လွှတ်တော်သက်တမ်း လက်ကျန်ကာလမှာ ဥပဒေပြင်ဆင်မှုရှိ လာနိုင်တယ်။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်နိုင်မယ့် အလားအလာတွေ့လာရတာပေါ့။

ဦးမြင့်မောင်မောင်

(စာရင်းစစ်ချုပ်ရုံးလက်ထောက်ညွှန်မှူး(ငြိမ်း)၊ တောင်ကြီးမြို့)
တွေ့ဆုံခဲ့တာ ကောင်းတဲ့အပြုအမူပါပဲ။ သူတို့နှစ်ယောက်တွေ့ ခြင်းအားဖြင့် လွှတ်တော်မှာ တွေ့နိုင်တဲ့အကျပ်အတည်းတချို့ ချောချော မွေ့မွေ့ဖြစ်သွားမယ်လို့ မျှော်လင့်တယ်။ ၅၉(စ)ဖြတ်ကျော်ဖို့ ဆိုရင် လက်ရှိပြည်ခိုင်ဖြိုးအမတ်တွေနဲ့ တပ်မတော်ကနေ ဆောင်ရွက်ရ မှာ ဖြစ်ပါတယ်။ ဦးသန်းရွှေက ကူညီမယ်ဆိုတာ သူက အငြိမ်းစားကြီး ဖြစ်နေပါပြီ။ ဘာမှ ကူညီနိုင်ဖို့ အင်အားများများရှိမယ်မထင်ဘူး။ သူချ ပေးတဲ့ Line Up နဲ့လုပ်နေတဲ့ သမ္မတကြီးတွေနဲ့ ဦးစီးချုပ်တွေက ဒေါ်အောင်ဆန်းစုကြည် တစ်ဦးတည်းအတွက် ၅၉(စ)ကို ပြင်ဆင်ဖို့ဆိုတာ မဖြစ်နိုင် ဘူး။ သို့သော် ဒေါ်အောင်ဆန်းစုကြည်အတွက် သည်ကာလမှာ လျှော့ ပေါ့ပေးမယ်ဆိုရင် ဖြစ်နိုင်ခြေများတယ်။ ဒေါ်အောင်ဆန်းစုကြည်သမ္မတ လုပ်မယ်လို့လည်း အများကြီးမျှော်လင့်ထားပါတယ်။

မမေမီမီဇော်

(ကွန်ပျူတာသင်တန်းဆရာမ)
ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေတို့ တွေ့ဆုံခဲ့တာနဲ့ပတ်သက်လို့ ပြည်သူတစ်ယောက်အနေနဲ့ကတော့ ကောင်း တဲ့ပြောင်းလဲမှုမျိုးတစ်ခုဖြစ်စေချင်ပါတယ်။ အရင်က ဘာတွေဖြစ်ခဲ့ ဖြစ်ခဲ့ အခုချိန်မှာတော့ နိုင်ငံအတွက် ကောင်းတာတွေလုပ်ပေးဖို့ကို မျှော် လင့်မိတယ်။ သူတို့နှစ်ဦးတွေ့ဆုံမှုမှာ ဦးသန်းရွှေက ဒေါ်အောင်ဆန်းစု ကြည်ကို ကူညီပေးမယ်ဆိုတော့ သမ္မတဖြစ်လာဖို့အထိ မျှော်လင့်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်သာ သမ္မတဖြစ်လာခဲ့ရင် အမျိုးသမီးတွေအ တွက်လည်း အရင်ကထက် ပိုပြီးကောင်းမွန်တဲ့ အခွင့်အရေးတွေ၊ လုပ်ပိုင်ခွင့်တွေရရှိလာမယ်လို့လည်း မျှော်လင့်မိတယ်။ ဒီရက်ပိုင်းမှာ သမ္မတ၊တပ်ချုပ်၊ ဦးသန်းရွှေ၊ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံမှုတွေဟာလည်း နိုင်ငံအတွက် စေတနာကောင်းနဲ့ ဆောင်ရွက်ပေးဖို့အတွက် ဖြစ်လာမယ် လို့ထင်တယ်။ နိုင်ငံတော်ကိုသာ တိုးတက်အောင်လုပ်ပေးမယ့်သူဆိုရင် ပြည်သူတစ်ယောက်အနေနဲ့ အားလုံးကို လက်ခံပါတယ်။ ကြိုဆိုပါတယ်။

ကိုနိုင်ဝင်းစိုး

(သင်္ဘောသား၊ ဒဂုံမြို့သစ်တောင်ပိုင်း)
နိုင်ငံကောင်းဖို့အတွက် သွားတွေ့တာဖြစ်တယ်။ ဒီတွေ့ဆုံမှုက အန်တီစုအနေနဲ့လည်း စိန်ခေါ်မှုတစ်ခု လုပ်လိုက်တာပဲ။ ဗိုလ်ချုပ်မှူးကြီး (ငြိမ်း)နဲ့ တွေ့ဆုံပြီဆိုကတည်းက သူ့အနေနဲ့ ပြင်ဆင်ထားတာရှိမယ်။ အခုတွေ့တာက ယေဘုယျသဘောပဲ တွေ့ဆုံတာလို့ ထင်တယ်။ ဘာလို့ လဲဆိုတော့ အငြိမ်းစားယူသွားတဲ့သူဖြစ်နေတယ်။ သူ့ရဲ့စက်ကွင်းက မလွတ်သေးချိန် အန်တီက အနိုင်ရတဲ့အချိန်မှာ သွားတွေ့တယ်ထင်တယ်။ အခုချိန်မှာတော့ မျှော်လင့်တာမျိုးပြောဖို့ စောသေးတယ်။ စောင့်ကြည့်ရမှာပဲ။ ပြည်သူက ရွေးချယ်လိုက်တဲ့ခေါင်းဆောင်တစ်ယောက်က ဒီလိုသွားတွေ့တာ တော်ရုံဆုံးဖြတ်ချက်တော့မဟုတ်ဘူး။ ဒီရက်ပိုင်းအတွင်း သူတွေ့တဲ့ခေါင်းဆောင်တွေကလည်း အများကြီးပဲ။ အခု ဦးသန်းရွှေကလည်း ကူညီမယ်ပြောတော့ သမ္မတဖြစ်လာနိုင်မယ်လို့ ထင်တယ်။ လွှတ်တော်မှာလည်း အင်န်အယ်လ်ဒီကိုယ်စားလှယ်တွေက များသွားပြီ။ အခုအချိန်မှာ နိုင်ငံတိုးတက်ဖို့ကို အားလုံးကလည်း လိုလားတယ်။ လက်ရှိဆောင်ရွက်နေတာတွေကလည်း အကောင်းဘက်သွားနေတယ်။ အပြုသဘောဆောင်နေတာဆိုတော့ အားပေးတယ်၊ ထောက်ခံတယ်။ ကာချုပ်ကလည်း သူ့အလုပ်သူလုပ်မယ်။ အခုပြည်သူနဲ့ ပူးပေါင်းမယ်။ အန်တီစုတို့နဲ့ ပူးပေါင်းလုပ်ဆောင်မယ်ပြောနေတာတွေရှိတော့ နိုင်ငံအတွက် ကောင်းလာမယ်။

ကိုအောင်ထွန်း

(အင်ဂျင်နီယာ)
ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်မှူးကြီး (ငြိမ်း) ဦးသန်းရွှေတို့ရဲ့ တွေ့ဆုံမှုကိုကြည့်ခြင်းအားဖြင့် နိုင်ငံရေးအပြောင်းအလဲမှာ အကောင်း ဘက်ကို သွားနေတယ်လို့ မြင်တယ်။ ဒီလိုမျိုးတွေ့ဆုံမှုကြောင့် အစိုးရ အပြောင်းအလဲကာလမှာ ပိုပြီးတော့ ချောချောမွေ့မွေ့ဖြစ်မယ်လို့မြင် တယ်။ ဘာကြောင့်လဲဆိုတော့ ဦးသန်းရွှေဟာ လက်ရှိမှာ အာဏာမရှိ ပေမယ့် သူ့အောက်မှာနေခဲ့တဲ့ လက်ရှိစစ်ဗိုလ်ချုပ်ကြီးတွေက အခုအ ချိန်ထိ သူ့ကို လေးလေးစားစားရှိနေတုန်းလို့ မြင်တယ်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ ၅၉(စ)ကို မပြင်ဘဲနဲ့ သမ္မတမဖြစ်နိုင်ဘူးဆိုတာကို သိထား တယ်။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်ဟာ ချက်ချင်းသမ္မတလုံးဝမဖြစ် နိုင်ဘူး။ ဒါကို ပြင်ဖို့၊ မပြင်ဖို့ဆိုတာကလည်း လွှတ်တော်ရဲ့ ဆုံးဖြတ်မှုမှာမူတည်တဲ့အတွက် လောလောဆယ်အနေနဲ့တော့ သမ္မတမဖြစ်နိုင်သေးဘူးလို့ မြင်တယ်။ အရင်တုန်းက နိုင်ငံကို အုပ်ချုပ်ခဲ့တဲ့လူတစ်ယောက်နဲ့ ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ ခေါင်းဆောင်တစ် ယောက်နဲ့ ဒီလိုတွေ့တဲ့အတွက် တိုင်းပြည်အတွက် ကောင်းကျိုးတစ်ခု ဖြစ်လာဖို့ မျှော်လင့်တယ်။ ဝမ်းလည်းဝမ်းသာတယ်။

7Day Daily

0 comments:

Post a Comment