Sunday, December 20, 2015

“စလစ်ကပ်ကလွဲရင် ဘယ်မောင်း အသစ်တွေပဲ သွင်းရတော့မယ်။ ကားတင်သွင်းခွင့် ဘယ်လို ဖြစ်သင့်သလဲ”


အခုဆိုရင် ရထားပို့ဆောင်ရေးဝန်ကြီးဌာနဟာ ပြည်ပကနေ ကားတင်သွင်းခွင့်ပြုတဲ့ စည်းကမ်းချက် အသေးစိတ်ကို ထုတ်ပြန်လိုက်ပါပြီ။ ဒါပေမယ့် အဲဒီအထဲမှာ ယာဉ်တန်ဖိုး CIF နဲ့ အခွန် ဘယ်လောက်နှုန်း ကောက်မယ်၊ ယာဉ်မှတ်ပုံတင်ကြေး ဘယ်လောက် ယူမယ်ဆိုတာမျိုး တရားဝင် ဖော်ပြထားတာတော့ မတွေ့ရသေးပါဘူး။ ဒီအတွက် ကားဈေးတွေ ဘယ်လို ဖြစ်လာမယ် မှန်းလို့ မရနိုင်သေးပါဘူး။ ရထားဝန်ကြီးဌာန ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှူး ဦးစီးဌာနက ထုတ်ပြန်လိုက်တဲ့ ကားတင်သွင်းခွင့်ဆိုင်ရာ စည်းကမ်းသတ်မှတ်ချက်တွေမှာ ဘာတွေ ပါသလဲ၊ အဲဒီ စည်းကမ်းချက်အတိုင်း လုပ်ကိုင်ရင် ဘာတွေ ဖြစ်လာနိုင်မလဲ၊ တကယ့်တကယ် ကားတင်သွင်းခွင့်နဲ့ ပတ်သက်ပြီး ဘယ်လို ဖြစ်သင့်သလဲဆိုတာ ဒီကနေ့ ဆွေးနွေး တင်ပြသွားပါ့မယ်။ကညနရဲ့ ထုတ်ပြန်ချက်ကို အကြမ်းအားဖြင့် နှစ်မျိုး ခွဲခြားလို့ ရပါတယ်။ တစ်မျိုးကတော့ ယာဉ်အိုယာဉ်ဟောင်း အပ်ပြီး စလစ်ထုတ်ယူ၊ အစားထိုး ပြန်သွင်းမယ့် လူစီးကားတွေနဲ့ Free Permit လို့ခေါ်တဲ့ တစ်ဦးတစ်ယောက်ချင်း လျောက်ထား တင်သွင်းမှု အပါအ၀င် အခြား တင်သွင်းမှု အမျိုးမျိုးအတွက်ဆိုပြီး ဖြစ်ပါတယ်။ ယာဉ်အိုယာဉ်ဟောင်း အပ်၊ စလစ်ထုတ်ပြီး လျောက်ထား တင်သွင်းတဲ့ လူစီးကား တစ်မျိုးကိုပဲ တစ်ပါတ်ရစ်၊ ဘယ်မောင်း၊ ညာမောင်း မခွဲခြားပဲ တင်သွင်းခွင့် ပြုမှာဖြစ်ပြီး ကျန်အမျိုးအစား ကားအားလုံးကိုတော့ အသုံးမပြုရသေးတဲ့ အသစ်စက်စက် ဘယ်မောင်းတွေကိုပဲ တင်သွင်းခွင့်ပြုမယ်ဆိုတဲ့ သဘောပါ။ အခုလို စည်းကမ်း သတ်မှတ်လိုက်တဲ့ဆီမှာ အဓိကအားဖြင့် မြန်မာနိုင်ငံ လမ်းစည်းကမ်းနဲ့ ကိုက်ညီတဲ့ ဘယ်မောင်းတွေကိုပဲ အများဆုံး တင်သွင်းခွင့် ပြုတော့မယ်ဆိုတဲ့ ကိစ္စတစ်ခုကိုတော့ ကြိုဆိုရမှာဖြစ်ပါတယ်။ ဒီလို ဖြစ်သင့်တာ ကြာပါပြီ။ မြန်မာနိုင်ငံဟာ အခြား ဘယ်နိုင်ငံတွေနဲ့မှမတူ လမ်းစနစ်နဲ့ မကိုက်ညီတဲ့ ကားတွေကို အသုံးပြုတဲ့ နိုင်ငံဖြစ်နေလို့ပါ။ ဒါပေမယ့်လည်း ကားတင်သွင်းခွင့်နဲ့ ပတ်သက်ပြီး အခြား ပြဿနာတွေ အများကြီး ရှိနေပါသေးတယ်။

ယာဉ်အိုယာဉ်ဟောင်း အပ်တဲ့ကားတွေကို စလစ်ထုတ်ပေးပြီး အစားထိုးအဖြစ် တစ်ပတ်ရစ် ဘယ်မောင်း၊ ညာမောင်း မခွဲပဲ ကားတွေ တင်သွင်းခွင့်ပေးနေတဲ့ ကိစ္စ မလုပ်သင့်တော့ပါဘူး။ တကယ်တော့ အစိုးရသစ် တက်လာကာစက တာဝန်ရှိသူတွေဟာ အရင် စစ်အာဏာရှင်တွေ ကားတင်သွင်းခွင့် ပိတ်ဆို့သွားတာကို မဖွင့်ရဲ ဖွင့်ရဲနဲ့ ဖွင့်ပေးခဲ့တဲ့၊ မရဲတရဲ လုပ်ခဲ့တဲ့ စနစ်တစ်ခုပဲ ဖြစ်ပါတယ်။ အဲဒီအချိန် အဲဒီကာလက အဲလို လုပ်ကိုင်ခဲ့တာကို နားလည်ပေးနိုင်ပေမယ့် ဒီကနေ့ ခေတ်သစ်မှာတော့ အဲလို လုပ်ကိုင်တာမျိုး မဖြစ်သင့်တော့ပါဘူး။ ဒီစနစ် လုပ်ခြင်းအားဖြင့် ကားဈေးကွက်ဟာ ကညနလို အဖွဲ့အစည်းမျိုးက ဘယ်ကားတွေကို အပ်ကားအဖြစ် လက်ခံမယ်ဆိုတဲ့ စည်းကမ်းချက် အပေါ်မူတည်ပြီး အပြောင်းအလဲ ဈေးကစားမှုတွေ ဖြစ်တတ်လို့ပါ။ ကညန တာဝန်ရှိသူတွေနဲ့ စီးပွားရေးသမားတွေပေါင်းပြီး အဂတိလိုက်စား ဈေးကစားမှုတွေ ဖြစ်ပေါ်စေလို့ပါ။ နိုင်ငံတကာမှာ ကျင့်သုံးတာကတော့ ရိုးရိုးလေးပါပဲ။ ကားတစ်စီး ပိုင်ပြီဆိုရင် လမ်းပေါ်တက် မောင်းဖို့ ခွင့်ပြုသင့် မသင့် သက်ဆိုင်ရာ တာဝန်ရှိ အဖွဲ့အစည်းက စစ်ဆေး၊ မှတ်ပုံတင်ပေးဖို့ပါပဲ။ မောင်းဖို့ မသင့်တော့ဘူးဆိုရင် မှတ်ပုံတင် မပေးတော့ရုံပါပဲ။ ပိုင်ရှင်က သူ့ဖာသာသူ ဖြုတ်ပဲ ရောင်းရောင်း၊ အရည်ကြိုဖို့ပဲ စွန့်စွန့် လုပ်လိုက်ရုံပါပဲ။ အခုလို ကားဈေးကွက်ကို အမျိုးမျိုး ဈေးကစားနိုင်ဖို့ စလစ်ကပ် ကားဆိုတာကြီး ဖန်တီးထားတာမျိုး မလုပ်သင့်တော့ပါဘူး။

နောက်တစ်ခုကတော့ Free Permit လို့ခေါ်တဲ့ ပြည်သူ တစ်ဦးတစ်ယောက်ချင်းစီကို ကားတင်သွင်းခွင့် ပါမစ် လျောက်ထား ထုတ်ပေးတာမျိုးပါ။ အဲဒီ တင်သွင်းခွင့်ကိုလည်း မလိုအပ်ပါပဲ လူပုဂ္ဂိုလ် တစ်ဦးချင်း၊ ကုမ္ပဏီ၊ သင်္ဘောသား၊ နိုင်ငံခြားရေး ၀န်ထမ်း၊ ပြည်ပ အလုပ်သမား၊ စစ်သံ၊ ဟိုတယ်ခရီး လုပ်ငန်းရှင် ဆိုပြီး အမျိုးအစား အမျိုးမျိုး ခွဲလိုက်ပြန်ပါသေးတယ်။ မရှုပ်ရှုပ်အောင် လုပ်ထားတာတွေပါ။ အခုဆို ၄ နှစ်အတွင်း Free Permit နဲ့ တင်သွင်းတဲ့ ကားအစီး ၃ သိန်း ၃ သောင်း ကျော်နေပါပြီ။ ဘယ်ပြည်သူ တစ်ဦးတစ်ယောက်ကများ အဲဒီကားတွေကို သူ့ဖာသာသူ သွားလျောက်၊ သူ့ဖာသာသူ ဘဏ်စာရင်းဖွင့်၊ သူ့ဖာသာသူ နိုင်ငံခြား ကားလေလံက ကားကို ဒီကနေ လှမ်းဝယ်၊ သူ့ဖာသာသူ ငွေချေ၊ သူ့ဖာသာသူ မြန်မာနိုင်ငံကို သင်္ဘောနဲ့တင်၊ သူ့ဖာသာသူ ဆိပ်ကမ်းကိစ္စတွေ ရှင်း၊ သူ့ဖာသာသူ မှတ်ပုံတင် လုပ်ဆိုတာမျိုး ရှိခဲ့သလဲ မေးရမှာပါ။ ပြောရရင် တစ်ယောက်မှ မရှိပါဘူး။ လုံးဝ မရှိပါဘူး။ ပြည်သူ တစ်ဦးတစ်ယောက်ချင်းအတွက် Free Permit လို့ ခေါ်ပေမယ့် အားလုံး ပွဲစားတွေ၊ ကားသွင်းတဲ့ သူတွေ၊ ကုမ္ပဏီတွေကပဲ လုပ်သွားတာမျိုးပါ။ အလွန်အဓိပ္ပါယ်မဲ့တဲ့ စနစ်လို့ ပြောနိုင်ပါတယ်။ အခု အဲလို စနစ်ကို ဆက်ပြီး ထားသေးတာကိုက အလွန်မှားယွင်းနေတာပါ။ ဖြစ်သင့်တာကတော့ သင့်တော်တဲ့ အခွန်အခ စနစ်နဲ့ ကုမ္ပဏီတွေကို ကားတင်သွင်းခွင့်ပေး၊ ပြီးရင် ပြည်သူတွေကို ကား Showroom တွေမှာ လွတ်လွတ်လပ်လပ် ဝယ်ခွင့် ပေးဖို့ပါပဲ။

အခု သတင်းထွက်ပေါ်လာတာနဲ့ တစ်ပြိုင်နက်တည်းမှာပဲ ပြည်ထောင်စုလွှတ်တော်၊ ဘဏ္ဍာရေး ဖွံ့ဖြိုးတိုးတက်မှုပူးပေါင်း ကော်မတီကနေ ကုန်သွယ်ရေးမှာ လိုငွေ ၁၆ ဘီလျံလောက် ဖြစ်ပေါ်ခဲ့လို့ဆိုပြီး Free Permit နဲ့ ကားတင်သွင်းတာတွေ ရပ်ဆိုင်းသင့်တယ်လို့ အကြံပြုခဲ့ပါသေးတယ်။ သူတို့ နားမလည်တာက အဲလို ကားတင်သွင်းတာကနေ အစိုးရက အခွန်ဘဏ္ဍာငွေ အလွန်အမင်း ရနေသလို၊ တိုင်းပြည် လူဦးရေ၊ စီးပွားရေး အရွယ်အစားအရ တွက်ပြန်ရင်လည်း မြန်မာနိုင်ငံမှာ ကားပိုင်ဆိုင်မှု အရည်အတွက် အချိုးအစား နည်းနေသေးတဲ့ ပြသနာ ရှိနေသေးတယ် ဆိုတာပါ။ ပြောရရင် Free Permit နဲ့ တင်သွင်းခဲ့တဲ့ ကားအရည်အတွက် ပြီးခဲ့တဲ့ ၄ နှစ်အတွင်း ၃ သိန်း ၃ သောင်းလောက် ရှိခဲ့ပါတယ်။ ကားတစ်စီးစီအတွက် အခွန်နဲ့ ယာဉ်မှတ်ပုံတင်ကြေး နှစ်မျိုးပေါင်းရင် အနိမ့်ဆုံး ဒေါ်လာ ၃ ထောင်ကျော် ရှိပါတယ်။ အဲဒီအတွက် ကားတင်သွင်းရာကနေ အစိုးရ ဘဏ္ဍာငွေ အနည်းဆုံး ဒေါ်လာ တစ်ဘီလျံကျော်၊ ကျပ်ငွေနဲ့ဆို ဘီလျံ ၁၃၀၀ ကျော် ရခဲ့ပြီ ဆိုတာပါပဲ။

နောက်ပြဿနာတစ်ခုက လက်ရှိ မြန်မာနိုင်ငံမှာ ကားအစီးရေ ၅-၆ သိန်းလောက်ပဲ ရှိနေသေးတာပါ။ လူဦးရေနဲ့ အချိုးအစားချရင် လူ ၁၀၀၀ မှာ ကား ၁၀ စီး ကျော်ကျော်နှုန်းပဲ ရှိပါသေးတယ်။ ဒါဟာ အာစီယံနိုင်ငံတွေထဲမှာ အနိမ့်ဆုံး အနည်းဆုံးဖြစ်ပြီး အိမ်နီးချင်း ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်တို့ထက်လည်း အချိုးအစားအားဖြင့် နိမ့်နေပါတယ်။ ဒီအတွက် တစ်တိုင်းပြည်လုံးက ပြည်သူတွေ သုံးဖို့ ကားတွေ အများကြီး တင်သွင်း၊ ဒါမှမဟုတ် ထုတ်လုပ်ရပါဦးမယ်။ ဒီအတွက် အစိုးရအဖွဲ့အနေနဲ့ ဘယ်မောင်းကားတွေကိုပဲ သွင်းခွင့်ပေးလိုက်တဲ့ ကိစ္စကလွဲရင် ကျန်ကားတင်သွင်းခွင့် ပေါ်လစီ တစ်ခုလုံးကို ပြန်ပြီး သုံးသပ်၊ ပြုပြင်သင့်ပါကြောင်း တင်ပြလိုက်ရပါတယ်။

Mizzima

0 comments:

Post a Comment