Wednesday, December 16, 2015

ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်သည့် မုံလှစံပြရွာကလေးမှသည်


လူသားအားလုံး တူညီစွာရရှိမည့် အေးချမ်းခြင်းဆီသို့ အရောက်သွားမည်
အေးချမ်းသည့် မြူနှင်းများ ပြည့်နှက်နေသော ဒီဇင်ဘာလလယ်နံနက်ခင်း။
နေရာမှာ စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ခင်ဦးမြို့နယ် မုံလှစံပြ ကျေးရွာ။
များပြားလှသည့် ကားကြီး ကားငယ်၊ ထော်လာဂျီ၊ မော်တော် ဆိုင်ကယ် အသွယ်သွယ်သည် ထိုနေရာသို့ ရှေးရှုကာ လမျက်နှာ ပြင်ကဲ့သို့ ချိုင့်ခွက်များပြားသည့် လမ်းအတိုင်း ရွေ့လျားနေကြသည်။ ရွှေဘို-ခင်ဦး-ရေဦးသွား လမ်းမကြီး ၏တစ်နေရာ မြင်းဒေါင်းရွာကြီး တွင် ခေတ္တနားခိုရင်း ကျဉ်းမြောင်းလှသည့် တစ်လမ်းသွားသာသာ တာရိုး တစ်လျှောက် မြူနှင့် ဖုန်ရောနှောနေ သည့် လေထုကိုဖြတ်ကာ အစဉ် အလိုက် မောင်းနှင်ကြရန်အတွက် စိုင်းပြင်းကြသည်။ မြို့ပြနှင့်အလှမ်း ဝေးကွာလှသော အဆိုပါမုံလှစံပြ ကျေးရွာကလေးမှ ထွက်ပေါ်ခဲ့သည့် မြန်မာနိုင်ငံ ကက်သလစ်သာသနာ တော်၏ ပထမဆုံးသော ရဟန်းမင်း အမတ်၊ ရန်ကုန် ဂိုဏ်းချုပ်ဆရာတော် ကြီး ကာဒီနယ်ချားလ်စ်ဘို၏ ဆရာ တော် ဝါ ၂၅ နှစ်ပြည့် ငွေစင်ဂျူဘီလီ ပွဲတော်နှင့် ဘာသာပေါင်းစုံငြိမ်းချမ်း စွာအတူနေထိုင်ရေး အခမ်းအနား တစ်ရပ်ကို ဂုဏ်ပြုတက်ရောက်ရန် အတွက် ဘာသာပေါင်းစုံမှ ကိုးကွယ် ယုံကြည်ကြသူများ လာရောက်နေကြ ခြင်းပင်ဖြစ်သည်။
''ဘုရားသခင် ကျေးဇူးတော် ကြောင့် မုံလှကျေးရွာမှာ မွေးဖွားခွင့် ရခဲ့တယ်။ မြန်မာနိုင်ငံမှာ တိုင်းရင်း သား လူမျိုးတွေအားလုံးနဲ့ တစ်သား တည်း ဖြစ်တည်ခွင့်ရခဲ့တာဟာ ကိုယ်တော်အတွက် အဖိုးမဖြတ်နိုင် တဲ့ ဆုလာဘ်တစ်ခုပါ'' ဟု ရဟန်းမင်း အမတ် ကာဒီနယ်ချားလ်စ်ဘိုက ပြောကြားသည်။
''ရှေးဘိုးဘေးဆရာတို့၊ ဘာသာ နှစ်ခု ချစ်ကြည်မှုမျိုးစေ့၊ အုတ်မြစ် မဟုတ် ကျောက်မြစ်ပါ။ အမွေဆက်ခံ၊ သား၊ မြေး၊ မြစ်တို့ ဘာသာနှစ်ခု ချစ်ကြည်မှုက အံ့မခန်းပါ။ တွေ့မြင် သူတို့ အတုယူစရာ၊ ရွှေမုံလှစံပြ ကျေးရွာ။ ကြားမြင်သူတို့ သာဓုခေါ် စရာ၊ ပြုမှုကုသိုလ် အမျှ အမျှ အမျှ ဝေနေမှာ၊ ရွှေမုံလှ စံပြကျေးရွာသူ၊ ကျေးရွာသားတွေပါ''
စိန်မိုက်ကယ် ကက်သလစ်ဘုရား ရှိခိုးကျောင်းအတွင်း ကပ်နှိပ်ထား သည့် အထက်ပါ စာချိုးကလေးသည် မုံလှကျေးရွာ၏ လက်ရှိရပ်တည်မှု အခြေအနေကို အကောင်းဆုံးညွှန်ပြ ထားခြင်းဖြစ်ပြီး မြန်မာတို့၏ ကုန်းဘောင်မင်းဆက်အစ အလောင်း မင်းတရား၏ ငါးမည်ရ ပြည်ရွှေဘိုနှင့် အနီးကပ်ဆုံးနေရာတစ်ခု၏ မြန်မာ ပီသခြင်း၊ မြန်မာနိုင်ငံ၏ လွတ်လပ်စွာ ဘာသာကိုးကွယ်ခွင့် ရရှိခြင်းတို့၏ ဂုဏ်ယူဖွယ် မြင်ကွင်းပင်ဖြစ်သည်။
မုံလှကျေးရွာသည် ပထမအင်းဝ ခေတ် ခရစ်နှစ် အေဒီ ၁၃၆၄ ခုနှစ် တွင် ရွာတည်ခဲ့ခြင်းဖြစ်ပြီး မုံလှ ကျေးရွာတည်စကတည်းကပင် ဗုဒ္ဓ ဘာသာဝင်များနှင့် ခရစ်ယာန်ဘာသာ ဝင်များ အတူတကွ ယှဉ်တွဲနေထိုင်ခဲ့ ကြခြင်းဖြစ်ကြောင်း ကျေးရွာဒေသခံ များထံမှ သိရသည်။
စေတီပုထိုးများ၊ ဘုန်းတော်ကြီး ကျောင်းများနှင့် ခရစ်ယာန်ဘာသာ ဝင်တို့၏ ဘုရားကျောင်းများမှာ ညောင်ကိုးပင်ဟု ခေါ်ဆိုခဲ့ကြသည့် မူးမြစ်ကမ်းနံဘေး လှေဆိပ်အနီးတွင် ရာစုနှစ်ပေါင်းများစွာကတည်းက တစ်ခုနှင့်တစ်ခု ဆက်စပ်တည်ရှိနေ သည်ကို မြင်တွေ့ရသည်။
ယနေ့သည် လေးရက်မြောက်ပွဲ နေ့၏ ဒုတိယနေ့ဖြစ်ပြီး နံနက်ပိုင်းတွင် ဘုန်းတော်ကြီးများ သိက္ခာထပ်ပွဲ၊ ခြင်းအလှခတ်ပွဲနှင့် ချောတိုင်တက်ပွဲ များကိုကျင်းပပြီး မွန်းလွဲ ၂ နာရီ အရောက် ကက်သလစ်လူငယ်များ၏ ဘင်ခရာသံများ၊ ဗုဒ္ဓဘာသာလူငယ် များ၏ မေတ္တာပို့သံများဖြင့် ဘာသာ တရားကွဲပြားမှုများကြားမှ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ခြင်း တရားတော် ဟောပြောရန်အတွက် သီတဂူ ဆရာတော် ဒေါက်တာ အရှင် Óဏိဿရြ<ွကရောက်လာရာ များပြားလှသည့် ဗုဒ္ဓဘာသာဝင်များ နှင့် ခရစ်ယာန်ဘာသာဝင် ရပ်ဝေး ရပ်နီးမှ ပုဂ္ဂိုလ်များ သောင်းသောင်း ဖြဖြကြိုဆိုကြသည်။
''မင်္ဂလာရှိသော နေ့တစ်နေ့ဖြစ်ပါ တယ်။ မင်္ဂလာဆိုတာ မကောင်းသော အရာအားလုံးကို ရှောင်ခြင်း၊ ကောင်း သောအရာများအား ပြုစုပျိုးထောင် ခြင်းဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။ အသားအရောင်မရွေး၊ လူမျိုးဘာသာ မရွေး အခွံတွေ ချွတ်ပစ်လိုက်ရင် လူဆိုတာ ကျန်ခဲ့ပါတယ်။ လူလူချင်း ချစ်ခင်စွာ၊ နားလည်စွာ၊ ဖေးမစွာ၊ ရိုင်းပင်းစွာ၊ ခွင့်လွှတ်စွာနေကြမယ် ဆိုရင် တစ်ကမ္ဘာလုံး ရန်ပွဲတွေ ရပ်ဖို့ ဖြစ်လာမယ်။ အခု မုံလှဆိုတဲ့ ရွာကလေးကနေ အတူတကွညီညွတ် မှုကို ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်နဲ့ရှမ်း စတဲ့တိုင်းရင်းသား များ စုပေါင်းနေထိုင်တဲ့ မြန်မာ တစ်ပြည်လုံးကို ပို့နိုင်မယ်၊ ထိုကနေ မှ တစ်ကမ္ဘာလုံးကို သာဓကယူခိုင်း ကြမယ်ဆိုရင် အကောင်းဆုံးပေါ့'' ဟု သီတဂူဆရာတော်က မိန့်ကြားသည်။
ထို့အပြင် သီတဂူဆရာတော်က ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင် မည့် သာဓကနှင့် လမ်းစဉ်ပေါင်း ရှစ်ချက်ကို ကာဒီနယ် ချားလ်စ်ဘိုနှင့် အတူ ဆွေးနွေးဟောပြောပေးခဲ့သည်။
''ကာဒီနယ် ဆရာတော်ကြီးရဲ့ ဇာတိဖြစ်သလို မုံလှကျေးရွာဟာ အလွန်အေးချမ်းတဲ့ ရွာလေးတစ်ရွာ ဖြစ်ပါတယ်။ အိမ်ခြေ ၄၅ဝ လောက် ရှိပြီး ဗုဒ္ဓဘာသာဝင်များက တစ်ခြမ်း၊ ခရစ်ယာန်ဘာသာဝင်များက တစ်ခြမ်း နေကြတာလည်း ဖြစ်ပါတယ်။ ခိုက်ရန်ဖြစ်တာ၊ ဘာသာရေးအတွက် ပဋိပက္ခဖြစ်တာမျိုး မရှိပါဘူး။ အခု ကာဒီနယ်ရဲ့ပွဲအတွက် တစ်နိုင်ငံလုံး က ကက်သလစ်ဘာသာဝင်တွေအများ ကြီးလာရောက်တာကြောင့် နေရာ အခက်အခဲကို ဗုဒ္ဓဘာသာ ဘုန်းတော် ကြီးကျောင်းတွေ၊ နေအိမ်တွေက ဝမ်းပန်းတသာ အကူအညီပေးပြီး လက်ခံဧည့်ခံပေးကြတယ်။ ဆရာ တော်ကြီးရဲ့ ငွေစင်ဂျူဘီလီကို ကျင်းပ သလို အတူတကွနေထိုင်ကြတဲ့ ဗုဒ္ဓ ဘာသာဝင်တွေကိုလည်း တရားတော် နာစေချင်တဲ့ စိတ်ကူးနဲ့ သီတဂူ ဆရာတော်ကြီးကိုလည်း ပင့်ဖိတ်ပေး ခဲ့တာဖြစ်ပါတယ်။ ရွာတွေအပြင် မြို့ပေါ်ကပါ တရားပွဲလာရောက်ကြ လို့ အလွန်ကြည်နူးရပါတယ်။ ဝေးလံ ပြီး သွားလာရတာ ခက်ခဲတဲ့အပြင် ဆက်သွယ်ရေးခက်ခဲမှုကြောင့် လာ ရောက်ကြတဲ့ ဘာသာပေါင်းစုံက ဧည့်သည်တွေကို အားနာရပါတယ်''ဟု စိန်မိုက်ကယ် ကက်သလစ်ဘုရား ရှိခိုးကျောင်း၏ ကျောင်းထိုင်ဆရာ တော်ဖြစ်သူ ဖာသာ သြဂတ်စတင်း ဇော်ထွန်းက ပြောကြားသည်။
မုံလှရွာသို့ ခရစ်ယာန်ဘာသာ ကိုးကွယ်ကြသည့် လူမျိုးခြားများ စတင်ရောက်ရှိခဲ့သည်မှာ အေဒီ ၁၃၆၄ တွင် ဖြစ်ပြီး အနောက်ဘက် လွန်မင်းလက်ထက် အေဒီ ၁၆၁၂ တွင် ပေါ်တူဂီဘရင်ဂျီဘာသာဝင်များ ရောက်ရှိလာခဲ့သည်။ အလောင်း ဘုရား လက်ထက် အေဒီ ၁၇၅၆ တွင် မူ သန်လျင်တိုက်ပွဲအပြီးတွင် ပြင်သစ် လူမျိုး ခရစ်ယာန်ဘာသာဝင်များထပ်မံ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။ အေဒီ ၁၇၁၉ မှ အေဒီ ၁၈၃၂ အထိ အီတာလျံ ရဟန်းတော်များ သာသနာပြုခဲ့ကြပြီး ထိုလက်ထက်တွင် မုံလှရွာကို ကက် သလစ်ခရစ်ယာန်ဘာသာ၏ အလယ် ဗဟိုအဖြစ် သတ်မှတ်ခဲ့ကြကြောင်း ကက်သလစ်ဘာသာဝင်များ၏သမိုင်း မှတ်တမ်းတွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံ၏ ပထမဆုံး သော မြန်မာရဟန်းဖြစ်သင်ကျောင်းကို ဆင်ဖြူရှင်မင်း လက်ထက် အေဒီ ၁၇၇ဝတွင် ဘုန်းတော်ကြီး ပယ်ကော က မုံလှရွာတွင်ဖွင့် လှစ်ခဲ့ပြီး ကိုယ် တော်များသည် သမဝါယမ ငွေစု၊ ငွေချေးအသင်းများ ဖွဲ့စည်းတည် ထောင်ခြင်း၊ ဥယျာဉ်ခြံမြေစိုက်ပျိုး ရေးနည်းလမ်းများ အကြံပေးခြင်း၊ ကျောင်းပညာရေးကို အလယ်တန်း အထိ သင်ကြားပေးခြင်းများ ပြုလုပ်ခဲ့ ပြီး ဖာသာကွီရိုးသည် နောက် ဆုံး ပြင်သစ် ရဟန်းဖြစ်ခဲ့သည်။ မုံလှရွာ သည် စစ်ကိုင်းနှင့် ရွှေဘိုနယ်တို့ တွင် ပေါ်တူဂီ ဘရင်ဂျီတို့အား ပို့ဆောင် သော ရွာကြီး ၁၆ ရွာတွင် ပါဝင်ပြီး ထိုရွာများအနက် တိုးတက်စည်ပင် သည့် ရွာတစ်ရွာအဖြစ် နှစ်ပေါင်း များစွာ ရပ်တည်လာ ခဲ့ခြင်းဖြစ် ကြောင်း မုံလှစံပြကျေးရွာကလေးမှ ထွက်ပေါ်ခဲ့သည့် မြန်မာနိုင်ငံ ကက်သလစ်သာသနာတော်၏ ပထမ ဆုံးသော ရဟန်းမင်းအမတ်၊ ရန်ကုန် ဂိုဏ်းချုပ်ဆရာတော်ကြီး ကာဒီနယ် ချားလ်စ်ဘိုက ရှင်းပြရင်း လာရောက် သော အနယ်နယ်အရပ်ရပ်မှ ဘာသာ ပေါင်းစုံ၊ လူမျိုးပေါင်းစုံတို့ကို ကြင်နာ သောအပြုံးဖြင့် ကြိုဆိုဧည့်ခံသည်။
ပွဲတော်ရက်မှာ ဒီဇင်ဘာ ၁၄ ရက်က စတင်ခဲ့ခြင်းဖြစ်ပြီး ပထမနေ့ တွင် မစ္ဆားတရားတော်မြတ် (စည်းလုံး ခြင်းနှင့် ဘာသာပေါင်းစုံတို့မှ အေးချမ်းစွာ လက်တွဲလုပ်ဆောင်ခြင်း)အကြောင်း ရှင်းလင်းဟောကြားခြင်း၊ ဂျုဘီလီအရှင် ကာဒီနယ် ချားလ်စ်ဘို အား ကြိုဆိုကာ ဂျူဘီလီစတိတ်စင် အား ကောင်းချီးပေးခြင်းများ ပြုလုပ် ကြပြီး ယနေ့ဒုတိယနေ့အဖြစ် ငြိမ်းချမ်းရေးနှင့် ဘက်စုံဖွံ့ဖြိုးတိုးတက် ရေးအတွက် ဘာသာပေါင်းစုံမှ ဆုတောင်းပွဲကိုလည်း သီတဂူတရားပွဲ အပြီးတွင် ဆက်လက်ကျင်းပခဲ့သည်။
ဒီဇင်ဘာ ၁၆ ရက်တွင် ရန်ကုန် ကက်သလစ် ဂိုဏ်းချုပ်ဆရာတော် ကြီး ကာဒီနယ်ချားလ်စ်ဘို၏ ဆရာ တော် ဝါ ၂၅ ဝါအထိမ်းအမှတ် ငွေရတု သဘင်ကျင်းပခြင်း၊ ကျေးဇူးမစ္ဆား တရားတော်မြတ်နှင့် ကချင်မနော အကများ ကပြခြင်း၊ ကိုယ်တော်မြတ် ဖူးမြော်ခြင်းနှင့် ကောင်းချီးမင်္ဂလာ ပေးခြင်း၊ ဆီမီးထွန်းလှည့်လည် ဆုတောင်းခြင်းနှင့် ကွယ်လွန်သူ ဆွေမျိုးများအား ဂါရဝပြုခြင်းတို့ ပြုလုပ်ကြမည်ဖြစ်သည်။
ပွဲစဉ်လေးရက်အတွင်း ပထမ နှစ်ရက်ဆက်တိုက် ညစဉ် ဖိုးချစ် ဇာတ် သဘင်ဖြင့် ကပြဖျော်ဖြေခဲ့ပြီး ဒုတိယနှစ်ရက်တွင်မူ ကက်သလစ် ဘာသာဝင် အနုပညာရှင်များဖြစ်သော အဆိုတော် နွဲ့ယဉ်ဝင်းဦးစီးသည့် အဖွဲ့သားများက စတိတ်ရှိုးဖျော်ဖြေပေးမည်ဖြစ်ကြောင်း သိရသည်။
ယနေ့တွင်မူ ငြိမ်းချမ်းစွာ အတူ ယှဉ်တွဲနေထိုင်သည့် မုံလှစံပြ ရွာကလေးမှ သည် လူသားအားလုံး တူညီစွာရရှိမည့် အေးချမ်းခြင်းဆီသို့ အရောက်သွား မည် ဟူသည့် ဆရာ တော်ကြီးတို့၏ သြဝါဒအောက်တွင် မုံလှရွာသူ ရွာသား များ အပါအဝင် အားလုံးသော ပရိသတ်များ နူးညံ့ သော အပြုံးများ ဝေဆာ လျက်ရှိပြီး အတူတကွ ငြိမ်သက်စွာ တရားတော် နာယူနေကြသည်ကို ကြည့်ကာ ဝမ်းသာမိပါကြောင်း။


သတင်းဆောင်းပါး-ခင်ရတနာ၊ ဓာတ်ပုံ-မေဦးမိုး
ဒရုန်းဖြင့် ရိုက်ကူးပူဇော်သူ-သီတဂူ မောင်မောင်
မြ၀တီ

0 comments:

Post a Comment