Monday, December 28, 2015

ဖေ့ဘုတ်ရဲ့စာမျက်နှာထက် လတ်တလော ဘာတွေခေတ်စားနေလဲ

မြန်မာပြည်မှာ သတင်းဦး၊သတင်းထူး၊ ဟော့သတင်းတွေကို ဖတ်ချင်ရင်တော့ သိပ်ဝေးဝေးသွားရှာ နေစရာမလိုပါ။ ဖေ့ဘုတ်သတင်းဌာနကြီးမှာ သွားရောက်ရှာဖွေ ဖတ်ရှုနိုင်ပါသည်လို့ ပြောရမလိုဖြစ်နေတဲ့ ဒီဘက်ခေတ်မှာ လတ်တလော ဖေ့ဘုတ်သတင်းဌာနကြီးရဲ့ စာမျက်နှာတွေထက် ဟော့ဖြစ်နေတဲ့ အောင်မြင်ကျော် ကြားနေတဲ့ အကြောင်းအရာ၊ လူပုဂ္ဂိုလ် စတဲ့အကြောင်းကို စုစည်းဖော်ပြပေးချင်ပါတယ်။

ဖိုးတခေတ် (ဓာတ်ပုံ-ဖိုးတခေတ် ဖေ့ဘုတ်)

ဖိုးတခေတ်လို့ ခေါ်ထွင်နေတဲ့ ကရင်ရသေ့

ပထမဆုံးအနေနဲ့ ဖေ့ဘုတ်စာမျက်နှာထက် ဟော့အဖြစ်ဆုံးလို့ပြောလို့ရမယ့် သတင်းကတော့ ကရင်ပြည် နယ် ဘားအံမြို့နယ် ဂျိုင်းရွာအနီးတ၀ိုက်က လူအများ ယုံကြည်ကိုးကွယ်နေကြတဲ့ “ဖိုးတခေတ်” ဆိုတဲ့ က ရင်ရသေ့တပါးလို့လည်း ခေါ်ဆိုနေကြသော သူတဦးပါပဲ။ ဖိုးတခေတ်ဆိုပြီး ပေါ်ပေါက်နေခဲ့တာ ကြာခဲ့ပြီဆိုပေမယ့် အခုပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၉ ရက်ကနေ ၂၂ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သော သူ့ရဲ့ မွေးနေ့ပွဲ ကျင်းပပုံတွေကို ပြည်တွင်းသတင်းဌာနတွေက ဓာတ်ပုံတွေနဲ့ တကွ ဖော်ပြလာခဲ့ရာက စလို့ ဖေ့ဘုတ်စာ မျက်နှာတွေထက်မှာ ပျံ့နှံ့လာပြီး ပိုမိုလူသိများလာကြတာပါ။
ဒါ့ထက် ပိုဆိုးတာက သူ့ရဲ့ မွေးနေ့ပွဲတော်ကာလအတွင်းမှာ ဖိုးတခေတ်ဟာ ဆိတ် ၅ ကောင်ဆွဲတဲ့ လှည်းယာဉ်၊ မြင်းဖြင့်ဆွဲတဲ့ လှည်းယာဉ်၊ ဆတ်ဖြင့်ဆွဲတဲ့လှည်းယာဉ်၊ ကားဖြင့် ဆွဲတဲ့ လှည်းယာဉ်စတာတွေကို စီးပြီး နတ်နန်းကို လှည့်ပတ်မှုပြုလုပ်ခဲ့တာတို့ ကျွဲဖြူစီးပြီး လှည့်ပတ်တာတို့ ပြုလုပ်ခဲ့တဲ့အပေါ် တထူးတဆန်းနဲ့ ပြောဆိုဝေဖန်ခဲ့ကြတာပါ။ အဲ့ဒီမွေးနေ့ပွဲကို ကြီးကျယ်ခမ်းနားစွာ ကျင်းပပြုလုပ်ခဲ့ကာ သူ့အား ယုံကြည် ကိုးကွယ်သူတွေက အရိုအသေပေးတဲ့အနေနဲ့ အလှူငွေများကိုလည်း လာရောက်လှူဒါန်းခဲ့ကြတယ်လို့လည်း ပြည်တွင်းသတင်းတွေအရသိရပါတယ်။

အဆိုပါ ကရင်ရသေ့လို့လည်း လူသိများနေကြတဲ့ ဖိုးတခေတ်ကို အဲ့ဒီဒေသအတွင်း ယုံကြည်နေကြတဲ့သူတွေ ရှိသလို သူ့ရဲ့ နေထိုင်သွားလာမှုပုံစံတွေကြောင့် ဝေဖန်ပြောဆိုနေကြသူတွေလည်း ရှိပါတယ်။ လတ်တလော ဖေ့ဘုတ်သတင်းဌာနကြီးမှာတော့ ဖိုးတခေတ်ရဲ့ဝတ်စားဆင်ယင်ပုံဖက်ရှင်ဒီဇိုင်းတွေကို ပိုပြီး စိတ်ဝင်စားတယ်ထင်ပါရဲ့။ အဲ့ဒီလို ဒီဇိုင်းမျိုးတွေ ၀တ်ဆင်လို့ သရော် ဝေဖန်ထားတဲ့ ဓာတ်ပုံတွေနဲ့ ပလူ ပျံနေပါတော့တယ်။


သေဒဏ်အမိန့်ကျခံနေရတဲ့ မြန်မာနိုင်ငံသားနှစ်ဦး(ဓာတ်ပုံ - Reuters)


လိပ်ကျွန်းလူသတ်မှုရဲ့ သေဒဏ်အမိန့်

ထိုင်းနိုင်ငံ တောင်ပိုင်း ဆူရတ်ဌာနီ ကော့တောင်ကျွန်းမှာ ပြီးခဲ့တဲ့နှစ် ၂၀၁၄ စက်တင်ဘာ ၁၅ ရက်နေ့က ဗြိတိန်နိုင်ငံသားနှစ်ဦး အသတ်ခံရမှုနဲ့ပတ်သက်လို့ မြန်မာရွှေ့ပြောင်းအလုပ်သမား နှစ်ဦးဖြစ်တဲ့ ၀င်းဇော်ထွန်းနဲ့ ဇော်လင်းကို လူသတ်တရားခံများအဖြစ် တရားစွဲဆိုထားရာကနေ ၂၀၁၅ ဒီဇင်ဘာ ၂၄ ရက်နေ့က သေဒဏ်ချမှတ်လိုက်တာပါ။

ဒီကိစ္စနဲ့ပတ်သက်လို့ မြန်မာနိုင်ငံအပါအ၀င် တကမ္ဘာလုံးမှာရှိတဲ့ မြန်မာလူမျိုးတွေက မကျေနပ်တဲ့အတွက် ဒီသေဒဏ်အမိန့်ကို ဆန့်ကျင်ဆန္ဒပြမှုများ နေရာအနှံ့အပြားမှာ ဖြစ်ပွားခဲ့ပါတယ်။ နိုင်ငံရပ်ခြားရောက်နေတဲ့ မြန်မာလူမျိုးတွေကလည်း သူတို့ရောက်ရှိနေတဲ့ နိုင်ငံမှာရှိသော ထိုင်းသံရုံးရှေ့တွေမှာ ဆန္ဒပြခဲ့ကြသလို ရန်ကုန်မြို့ရှိ ထိုင်းသံရုံးရှေ့မှာလည်း ဆန္ဒပြမှုများဖြစ်ပေါ်ခဲ့ပါတယ်။

ဒါ့အပြင် နယ်မြို့အသီးသီးမှာလည်း ဆန္ဒပြခဲ့ကြသလို ရန်ကုန်မြို့ရှိ လူငယ်အများစုပေါင်းကာ ထိုင်းနိုင်ငံရှိ သက်ဆိုင်ရာ အာဏာပိုင်များထံ မြန်မာပြည်သူတွေရဲ့ ဆန္ဒကို ထုတ်ဖော်တဲ့အနေနဲ့ လက်မှတ်ရေးထိုး တောင်းဆိုမှုများကိုလည်း ရန်ကုန်မြို့ရှိ လူစည်ကားရာနေရာတွေမှာ လိုက်လံကောက်ခံမှုများကိုပါ ပြု လုပ်နေကြတာပါ။

ဖေ့ဘုတ်သတင်းဌာနကွန်ရက်ကြီးမှာတော့ ဒီ သေဒဏ်အမိန့်နဲ့ ပတ်သက်လို့ မျိုးချစ်မြန်မာတွေရဲ့ ပေါက်ကွဲသံစဉ်တွေဟာ ပျံ့နှံ့ထွက်ပေါ်လာကာ ထိုင်းနိုင်ငံရဲ့ တရားရေးရာစီရင်မှုနဲ့ ပတ်သက်ပြီး ရှုံ့ချပြောဆို ဝေဖန်မှုများ ဖေ့ဘုတ်ပရိုဖိုင်းပုံပြောင်းလဲမှုများ ပြုလုပ်ကာ ဆန္ဒဖော်ထုတ်နေကြပါတော့တယ်။




အေးမြတ်သူဝတ်ဆင်ရိုက်ကူးခဲ့တဲ့ ရေကူးဝတ်စုံ ပြက္ခဒိန်

ကုမ္ပဏီတခုရဲ့ ၂၀၁၆ ခုနှစ်အတွက် ပြက္ခဒိန်တခုမှာ မြန်မာနိုင်ငံရဲ့ မော်ဒယ်လ်တချို့ရေကူးဝတ်စုံများ ၀တ်ဆင်ရိုက်ကူးခဲ့တဲ့အထဲမှာ သရုပ်ဆောင် အေးမြတ်သူရဲ့ ပုံကို လူတော်တော်များများက သတိထားမိ လာတာပါ။ အထူးသဖြင့် ဖေ့ဘုတ် သတင်းဌာနကြီးမှာပေါ့။

အဲ့ဒီပြက္ခဒိန်တခုလုံးမှာ သရုပ်ဆောင်အားလုံးဟာ ရေကူးဝတ်စုံများဝတ်ဆင်ပြီး သရုပ်ဖော်ခဲ့ကြတာပါ။

စွဲမက်ဖွယ်ကောင်းလှတဲ့ ခန္တာကိုယ် အချိုးအစား ခပ်မိုက်မိုက်နဲ့ ရေကူးဝတ်စုံဝတ်ဆင်ရိုက်ကူးခဲ့သော သရုပ်ဆောင် မော်ဒယ်လ် အေးမြတ်သူကတော့ အားလုံးထဲမှာ အပေါ်လွင်ဆုံးဖြစ်သွားတယ်လို့ ဆိုရမလိုဖြစ်နေပါတော့တယ်။ သူ့ရဲ့ ၀တ်စားဆင်ယင်ရိုက်ကူးခဲ့မှုကို ကြိုက်နှစ်သက်တဲ့ ပရိတ်သတ်တွေ ရှိသလို ဝေဖန်ပြောဆိုနေကြတာတွေလည်း ရှိပါတယ်။ ဒါ့ကြောင့် လတ်တလော ဖေ့ဘုတ်သတင်းဌာနကြီးရဲ့ ဟော့ဖြစ်ဆုံး လူပုဂ္ဂိုလ်တဦးအဖြစ် ထည့်သွင်းဖော်ပြပေးလိုက်ပါတယ်။


မစပ်စု
ဧရာဝတီ

0 comments:

Post a Comment