လာအိုနိုင်ငံ ဗီယန်ကျန်းမြို့တော်မှာ ကျင်းပခဲ့တဲ့ ၂၈ နဲ့ ၂၉ ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးအပြီးမှာ မြန်မာနိုင်ငံ နိုင်ငံတော်အကြံပေးပုဂ္ဂိုလ်နဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ရဲ့ အမေရိကန်နိုင်ငံခရီးစဉ်ကို ဆက်လက်ထွက်ခွာခဲ့ရာမှာ ဗြိတိန်နိုင်ငံ လန်ဒန်မြို့ကို တထောက်နား ခရီးစဉ်အဖြစ် စက်တင်ဘာလ ၁၀ ရက် စနေနေ့ ဒေသစံတော်ချိန် ညနေ ၈ နာရီအချိန်မှာ ရောက်ရှိခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ဗြိတိန်နိုင်ငံမှာ ၂ ရက်ကြာ နေထိုင်ခဲ့ပြီး အဲဒီနောက်မှာတော့ ၇၁ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံကြီးကို တက်ရောက်ဖို့နဲ့ အမေရိကန်သမ္မတ ဘာရက် အိုဘားမားရဲ့ ဖိတ်ကြားချက်အရ ၀ါရှင်တန်မြို့ကိုလည်း သွားရောက်လည်ပတ်မှာ ဖြစ်ပါတယ်။

























