Monday, September 19, 2016

ဆေးဝါးတုရဲ့ အန္တရာယ်

ဆေးဝါးတုဆိုတာ သတ်မှတ်ထားတဲ့ ဆေးတစ်ပြားမှာ ပါဝင်တဲ့ ဆေးရဲ့ မီလီဂရမ် ယူနစ်အပြည့် မပါဝင်ခြင်း၊ သတ်မှတ်ထားတဲ့ ဆေးဝါး မဟုတ်ဘဲ ဆန်မှုန့်၊ ဂျုံမှုန့်များနဲ့ ပုံစံတူ တုထားခြင်း၊ အခြားနိုင်ငံလုပ် ဆေးဝါးကို ပုံစံပြောင်းလဲ အသစ်ထုပ်ပိုးခြင်း၊ စံမမီတဲ့ ဆေးဝါးများကို နာမည်ရှိပြီးသား ကုမ္ပဏီတံဆိပ် တပ်ခြင်း၊ လူထုကို လှည့်စားပြီး တံဆိပ်ပြောင်း ရိုက်နှိပ်ထုတ်ဝေ ဖြန့်ဖြူးရောင်းချခြင်းအထိ ပါဝင်ပါတယ်။ 

စက်တင်ဘာလ ၁၄ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး အဓိက ဆေးဝါးအရောင်းဆိုင်တွေကို BPI နဲ့ MPF အမှတ်တံဆိပ်ပါ ဆေးဝါးများ တင်သွင်းရောင်းချနေတဲ့ အမျိုးသမီးကို ဖမ်းမိကြောင်း အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ သိရတယ်။ ဖမ်းမိတဲ့ အမျိုးသမီးဟာ သာကေတမြို့နယ်၊ ထူပါရုံရပ်ကွက်မှာ နေထိုင်သူဖြစ်ပြီး အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီးအဖွဲ့နဲ့ BPI ဆေးဝါးစက်ရုံမှ ကျွမ်းကျင်သူများ ပူးပေါင်းပြီး စက်တင်ဘာလ ၃ ရက်နေ့က နေအိမ်ထဲ ဝင်ရောက်စစ်ဆေးခဲ့ရာမှ ကျပ်သိန်း ၂၀၀ ကျော်ရှိ ဆေးဝါးအတုများနဲ့ ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့တယ် ဆိုပါတယ်။ 
သိမ်းဆည်းရမိတဲ့ ဆေးဝါးများမှာ ဘာမီတွန်ဆေးပြား အပါအဝင် ဆေးဝါးမျိုးစုံဘူး တစ်သောင်းကျော် MPF ဂလူးကို့စ်မှုန့်၊ (Cold Glucose ၄၅၀ ဂရမ် အပါအဝင် တံဆိပ်မျိုးစုံ ဆေးဝါး (၈၄) ဖာ၊ ဂရိုက်မစ်ချာ (Gripe Mixture) အရည်အပါအဝင် တံဆိပ်မျိုးစုံ ဆေးဝါးအရည် ၅၀ လုံး၊ BPI တံဆိပ်ပါ အရေအတွက် မှန်ကန်ကြောင်း စစ်ဆေးပြီး စာရွက် အပါအဝင် စာရွက်မျိုးစုံ အရွက်တစ်သောင်းကျော်နဲ့ ဆေးအလုံး ၁၀၀ ရေတွက်တဲ့ သတ္တုပြားနဲ့ ဆက်စပ်ပစ္စည်းမျိုးစုံ ပါဝင်ကြောင်း အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ သိရပါတယ်။

တရားခံဟာ ရွှေပြည့်စုံဈေးက ဆေးဆိုင်ခုနစ်ဆိုင်၊ ဗိုလ်ချုပ်အောင်ဆန်း (ယာယီ) ဈေးမှ ဆေးဆိုင်လေးဆိုင်တို့မှ MPF တံဆိပ်ပါ သံသယဖြစ်ဖွယ် ဆေးဝါးအတုများ အလုံးအရင်း သိမ်းဆည်းရမိပြီး ယင်းဆိုင်များကိုလည်း အမျိုးသားဆေးဝါး ဥပဒေပုဒ်မ (၁၈)၊ ရာဇသတ်ကြီးပုဒ်မ ၁၀၉ တို့နဲ့ အမှုဖွင့် အရေးယူထားတယ် ဆိုတယ်။

အတုဆိုတာ သွားတု၊ ခြေတု၊ လက်တုတို့က လိုအပ်တဲ့သူတွေအတွက် အလွန်အသုံးဝင်၊ အသုံးတည့်ပေမယ့် ဆေးဝါးအတု၊ နို့မှုန့်အတု၊ အစားအစာအတု၊ မိတ်ကပ်၊ အလှပြင်ပစ္စည်း အတုတို့က လူကို အသက်အန္တရာယ် ပေးနိုင်လောက်တဲ့အထိ ဆိုးရွာစေတယ်။ တရုတ်နိုင်ငံမှာ ကလေးနို့မှုန့်ထဲ မယ်လမင်းဓာတ် ပါဝင်ခဲ့လို့ ကလေးငယ်အချို့ ရုတ်တရက် ကျောက်ကပ်ရောင်ခြင်း၊ ကျောက်ကပ်ပျက်စီးခြင်းတို့ ကြုံခဲ့ရပြီး နို့မှုန့်ထဲ ‘နို့အစစ် ဖြစ်ကြောင်း သက်သေပြလိုမှု တစ်ခုတည်းအတွက် ထည့်ထားတဲ့’ မယ်လမင်းဓာတ် ထည့်ထားခဲ့တဲ့ နို့မှုန့်ထုတ်လုပ်သူများကို လူသေစေမှုနဲ့ တရားစွဲကာ သေဒဏ်ပေးခြင်း၊ တစ်ကျွန်းချခြင်း အပြစ်ပေးခဲ့ပါတယ်။ ယနေ့ ဘီပီအိုင် ဆေးဝါးအတု လုပ်ရောင်းတဲ့ အမျိုးသမီးကိုလည်း ယင်းပုဒ်မနီးနီး အရေးယူဖို့ လိုအပ်လှပါတယ်။

“ပြင်မရတဲ့ နောက်ဆက်တွဲ ပြဿနာများ အသက်ဇီဝိန်ခြွေမှု အပါအဝင် လူသားမဆန်တဲ့ လုပ်ရပ်ကြောင့် ဆေးဝါးအတုရဲ့ ဆိုးကျိုးများ ခံကြရပါတယ်။ ဘယ်လိုဥပဒ်မှ မဖြစ်စေတဲ့တိုင် ဈေးနှုန်းကြီးမြင့်စွာ ဝယ်ယူရလို့ စားသုံးသူများ နစ်နာဆုံးရှုံးရတယ်။ အခြားဆေးဝါးနဲ့ တုပထုတ်လုပ်ရင်လည်း ပါဝင်တဲ့ ဆေးအညွှန်းအပြည့်အဝ မပါဝင်နိုင်လို့ ရောဂါမပျောက်ခြင်း၊ ဘေးထွက်ဆိုးကျိုးများခြင်း စတဲ့ ကျန်းမာရေး နစ်နာမှုများ ဖြစ်စေပါတယ်။

ဆေးဝါးအတုအန္တရာယ်က သည်မျှနှင့် မပြီးပါ။ နှလုံးဆေး Digoxin က နှလုံးရောဂါရှင်များအတွက် အားကိုးရာ ဆေးဝါးပါ။ သည်လိုဆေးဝါးတုကြောင့် အသက်ဆုံးရှုံးရမယ့် လူနာများ နစ်နာသူများ ရှိလာနိုင်ပါတယ်။ တကယ်လို့သာ စစစ က ဝင်မဖမ်းသေးရင် အဆိုပါ အမျိုးသမီးအနေနဲ့ ဇက်ရဲလက်ရဲ ဖြစ်လာပြီး ဘီပီအိုင် ဆေးဝါးပေါင်းစုံကို ဈေးလျှော့ရောင်းချလာရင်း ဘီပီအိုင် ဆေးဝါးကုမ္ပဏီ အနေနဲ့ ပထမဦး ဆုံးနစ်နာ ဆုံးရှုံးနေပြီး ဒုတိယ စားသုံးသူများ အထိနာလာကာ ဆေးဝါး၊ ဈေးကွက်မှ BPI ဆေးဝါးအရည်အသွေး ကျဆင်းမှု၊ အတုထွက်ပေါ်မှုတွေကြောင့် အသုံးပြုသူ နည်းသထက် နည်းလာဖို့သာ ရှိပါတယ်။ သို့မဟုတ် အသက်ဆုံးရှုံးစရာများ ရှိလာနိုင်ပါတယ်။ ဆေးဈေးကွက် လက်ဝါးကြီးအုပ်ထားတဲ့ ဆိုင်ကြီးများ အနေနဲ့ အတုနဲ့ အစစ်ကို ဈေးနှုန်းအရ ‘သံသယ’ ရှိကြမှာ အမှန်ပါပဲ။ ကြာလာတော့ အမှားကို အမှန်ထင်ပြီး၊ ယင်းအမျိုးသမီးထံမှ ဆေးဝါးကိုသာ ဈေးကွက်ထဲ တင်ရောင်းနေမယ်ဆိုရင် ရေရှည်ဆိုးကျိုးကို တွေးကြည့်ပါက မသက်သာလှပါ။

တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ ကလေးနို့မှုန့်ထဲ ‘မယ်လမင်း’ ဓာတ် ထည့်ထားမိလို့ ကလေးအချို့ ကျောက်ကပ်ပျက်စီးခြင်းနဲ့ သေဆုံးရသလောက် မဆိုးဝါးခဲ့ဘူးဆိုတဲ့တိုင် လူကို သေစေလောက်တဲ့ ဆေးဝါးအတု ရောင်းချမှုက ရာဇသတ်ကြီးပြစ်မှု၊ လူသတ်မှု မြောက်စေတာ အမှန်ပဲ ဖြစ်ပါတယ်။ 

မူးယစ်ဆေးဝါး၊ စိတ်ကြွဆေးပြားများ ဈေးကြီးပေးဝယ် သုံးကြတဲ့ ဆေးသမားတွေအတွက် ဘိန်းဖြူထဲ ပင်နီဆီလင် အမှုန့်ရောထည့်ခြင်း၊ မြေဖြူမှုန့်ရော ထည့်ခြင်းက အကြောထဲထည့် ဆေးထိုးသူများအတွက် လူလောကမှ မြန်မြန်ထွက်ခွာစေမှာပဲ ဖြစ်တယ်။ သည်လိုပဲ အရက်ချက်လုပ်ရာမှ စားသုံးဖို့ ဘယ်လိုမှ မသင့်တဲ့ ဓာတ်မြေသြဇာ၊ အင်ဒရင်း၊ ရော်ဘာစေ့၊ မက်သနောစတဲ့ အဆိပ်သင့်စေတဲ့ ဓာတုပစ္စည်းများ ပါရှိလို့ မူလအရက်ဂုဏ်သတ္တိ အသည်းခြောက်ခြင်း၊ ရေဖျင်းစွဲခြင်း၊ အသည်းကင်ဆာ၊ အစာအိမ်လမ်းကြောင်း ကင်ဆာအမျိုးမျိုး သက်တမ်းတိုအတွင်း ဖြစ်ပွားစေလို့ လုံးဝ ရှောင်ကြဉ်သင့်ပါတယ်။ ဘီယာများမှာလည်း အရက်လိုပဲ၊ ကင်ဆာအမျိုးမျိုး ဖြစ်စေတဲ့ ပစ္စည်းများနဲ့ ဖော်စပ်ထားလို့ ရှောင်ပါ။

ခုတစ်လော လူထုကြား အသုံးများလာတဲ့ ကော်ဖီမစ်များမှာ ကဖိန်းဓာတ်၊ တာရှည်ခံ ဓာတုဆေး၊ ကော်ဖီအနံ့၊ အုန်းသီးခွံအမှုန့်များနဲ့ သကြား၊ အခြားကုန်ကြမ်းများ ပါဝင်ထားတာ တွေ့ရတယ်။ ကော်ဖီမစ်မှာ နို့ဆီနဲ့ နို့မှုန့်အစား အသုံးပြုတဲ့ ခရင် (Creamer) မှာ မလေးရှားက စားအုန်းဆီကို အဆီထုတ်ပြီး ကျန်တဲ့ ကြိတ်ဖတ်များကို တရုတ်နိုင်ငံက ဝယ်ယူလို့ မှုန့်နေအောင် ကြိတ်ပြီး၊ (Creamer) အဖြစ် ပြန်လည်ရောင်းချကြောင်း တွေ့ရတယ်။ သွေးတိုးရောဂါ၊ လေဖြတ်ရောဂါနဲ့ ကင်ဆာရောဂါများ ဖြစ်စေသလို ရယ်ဒီမိတ်ကော်ဖီများ သောက်သုံးရင် ဆီးချိုရောဂါ၊ သွေးတိုးရောဂါ၊ ကျောက်ကပ်ပျက်စီးခြင်း၊ နှလုံးသွေးတိုးရောဂါ၊ စိတ်ကျရောဂါ၊ ရင်သားကင်ဆာ၊ ဆီးအိမ်ကင်ဆာ၊ ဆီးကျိတ်ကင်ဆာ၊ ပန်ကရိယကင်ဆာနှင့် အမျိုးသမီး သန္ဓေမတည်နိုင်ခြင်း၊ ကိုယ်ဝန်ပျက်ခြင်းတို့ ဖြစ်နိုင်တယ်။ 

ဈေးကွက်ထဲက ရောင်းတမ်းဝင်အရက်၊ ဘီယာ၊ ကော်ဖီမစ်တွေအပြင် လူကို အန္တရာယ်ဖြစ်စေတဲ့ ဆေးဝါးကုန်ကြမ်းများ ထည့်သွင်းသုံးစွဲနေလို့ တရားစွဲဆို ရင်ဆိုင်နေရတဲ့ အချိန်မျိုးမှာ သည်လိုဆေးဝါးအတု ပြဿနာက ပိုပြီး အသက်အန္တရာယ် ဖြစ်စေမှာလည်း ဖြစ်ပါတယ်။ နောင် လူတိုင်းဆင်ခြင်ကြရအောင် စံပြအနေနဲ့ ကြီးလေးတဲ့ ပြစ်ဒဏ်ပေး အရေးယူသင့်ပါကြောင်း စားသုံးသူ အခွင့်အရေးဘက်က တောင်းဆိုလိုက်ပါတယ်။            

ဒေါက်တာထူးပြည့်စုံသျှင်

The Voice

0 comments:

Post a Comment