Tuesday, March 29, 2016

ခေါင်စံနှုန်းသစ် အစိုးရသစ်


၁) ဒေါ်အောင်ဆန်းစုကြည် ပါဝင်သော အရပ်သားအစိုးရဖြစ်ပြီး ဗိုလ်ချုပ်ဟောင်းများ၊ လက်ရှိဗိုလ်ချုပ်များ၊ ကျောင်းဆရာများ၊ ဝန်ထမ်းဟောင်း များနှင့် စုံစုံလင်လင်အစိုးရ ဖြစ်သည်။ လူအများက မျှော်လင့်တကြီး ကြိုဆိုကြသဖြင့် အစိုးရအပေါ် ထားသည့် စံနှုန်းများလည်း မြင့်မားသည်။ အစိုးရသစ် အနေနှင့် ပါတီဘဝကတည်းက စံနှုန်းမြင့်မားသော ပါတီဖြစ်သည့်အတွက် မိမိကိုယ်တိုင်ကို ထိုစံနှုန်းများဖြင့် တိုင်းတာအကဲဖြတ်ခြင်းကို ခံနိုင်မည်ဟု မျှော်လင့်ကြသည်။ ယခုအစိုးရသည် လူတော်လူကောင်းများ ပါဝင်သော၊ ဒီမိုကရေစီနည်းကျ တက်လာသော အရပ်သားအစိုးရဟု အများကသတ်မှတ်သည့် အတွက် ယခင်အစိုးရများ နည်းတူ စွမ်းဆောင်နိုင်ရုံ၊ ယခင်အစိုးရများတွင် ပါဝင်သော ပုဂ္ဂိုလ်များလောက် အရည်အချင်းရှိရုံဖြင့် မရတော့ပါ။၂) ယခင်ဝန်ကြီးဌာန ၃၆ ဌာနနေရာတွင် ဝန်ကြီးဌာန ၂၁ ဌာန ဖြစ်လာသဖြင့် ဝန်ကြီးများ လျော့သွားမည်။ ဝန်ကြီးသာလျော့ပြီး ဝန်ထမ်း လျှော့မည်မဟုတ်သဖြင့် အစိုးရသည် ယခင်အရွယ်အစားအတိုင်း ဆက်ရှိနေဦးမည်။ ပျောက်သွားသော ဝန်ကြီးဌာနများသည် သူတို့နှင့်ပေါင်းလိုက်သော ဝန်ကြီးဌာနများ အောက်တွင် ဌာနများအနေနှင့် ရှိနေမည်။ မြန်မာနိုင်ငံ၏ အစိုးရအရွယ်အစားသည် ကြီးသည်ဟု ဝေဖန်ကြသော်လည်း ကမ္ဘာ့ ထိပ်တန်းတက္ကသိုလ်ကြီး တစ်ခုမှ ပါရဂူဘွဲ့ ရခဲ့ကာ မြန်မာပြည်အကြောင်းလည်း ကောင်းကောင်းသိသည့် နိုင်ငံခြားသား မိတ်ဆွေတစ်ဦးကမူ အရှေ့တောင်အာရှ ဒေသတွင်းရှိ နိုင်ငံများနှင့် ယှဉ်ကြည့်လျှင် မြန်မာ့အုပ်ချုပ်ရေး ယန္တရား၏ အရွယ်အစားသည် မကြီးဟု ပြောဖူးသည်။

၃) ဝန်ကြီးအရေအတွက် လျော့သွားပြီး အစိုးရအရွယ်အစား မသေးသွားသဖြင့် ယခုဝန်ကြီးများသည် ယခင်ဝန်ကြီးများ ထက်ပိုပြီး အလုပ်လုပ်ရ၊ ပိုပြီးလည်း အရည်အချင်းရှိရန် လိုအပ်သည်။ အသစ်ပြင်ဆင် ဖွဲ့စည်းမည့် ဝန်ကြီးဌာနများကို ဦးစီးရမည့် ဝန်ကြီးများသည် ဌာနကို မဦးစီးရမီပင် ဝန်ကြီးဌာနကို အသစ်ပြင်ဆင် ဖွဲ့စည်းရမည် ဖြစ်သည်။ ထို့ပြင် ဝန်ကြီးဌာနက ၂၁ ခုဖြစ်ပြီး ဝန်ကြီးဦးရေက ၁၈ ဦးဖြစ်နေရာ အချို့ဝန်ကြီးများသည် ဌာန တစ်ခုထက် ပိုတာဝန်ယူရမည် ဖြစ်သည်။

၎) အစိုးရအဖွဲ့သစ် မဖွဲ့မီတွင်ပင် နဂိုဝန်ကြီးဌာန ၃၆ ဌာနကို ဖြုတ်တန်ဖြုတ်၊ ပေါင်းတန်ပေါင်း လုပ်လိုက်ခြင်းသည် Restructuring ခေါ် ပြန်လည် ပြင်ဆင်ဖွဲ့စည်းခြင်းကို ဆောင်ရွက်လိုက်ခြင်း ဖြစ်သဖြင့် Administrative Reform ခေါ် အုပ်ချုပ်ရေးယန္တရား ပြုပြင်ပြောင်းလဲခြင်းကို စကတည်းက ‘ငါးကြင်းခေါင်း ကိုင်လိုက်ခြင်း’ ဖြစ်သည်။ မြန်မာနိုင်ငံတွင် ပုဂ္ဂလိကကဏ္ဍ အားကောင်းလာပြီ ဆိုသော်လည်း ပြုပြင်ပြောင်းလဲရေးတွင် အုပ်ချုပ်ရေး ယန္တရားကိုသာ အားကိုးရမည် ဖြစ်သည့်အတွက် အစိုးရသစ်က အုပ်ချုပ်ရေးယန္တရားကို စစချင်း ပြောင်းလဲခြင်းသည် အရေးကြီးသည်။

၅) ဝန်ကြီးများတွင် ဒေါ်အောင်ဆန်းစုကြည်နာမည်စာရင်း ပါဝင်လာခြင်းမှာ မထူးဆန်းပါ။ နဂိုကတည်းက သမ္မတဖြစ်ချင်သည့်အတွက် သမ္မတ မဖြစ်ရသော်လည်း အစိုးရအဖွဲ့တွင်းသို့ ဝင်မည်သာ။ အစိုးရအဖွဲ့ နာမည်စာရင်း မတင်ခင်ကတည်းက လွှတ်တော်ကို စိတ်ချရသောသူများ ဖြစ်သည့် ဦးဝင်းမြင့်၊ ဦးရွှေမန်းတို့နှင့် လွှဲခြင်း၊ ပါတီကို ပြင်ဆင်ဖွဲ့စည်းပြီး စိတ်ချရသူများနှင့် လွှဲခြင်းတို့ ဆောင်ရွက်ပြီးပြီ။

၆) ဒေါ်အောင်ဆန်းစုကြည်သည် ဝန်ကြီးဌာန လေးခုကိုင်မည်ဟု ကြားသိရရာ ထိုအတိုင်း ဖြစ်လာလျှင် ‘ဌာနများစွာကို ကိုင်သောဝန်ကြီး’ Superminister ဖြစ်လာလိမ့်မည်။ နိုင်ငံခြားရေး၊ ပညာရေး၊ သမ္မတရုံး၊ လျှပ်စစ်နှင့် စွမ်းအင်ဟူသော လေးခုကို ကိုင်မည်ဟု တစ်ပြေးနေသည်။ နိုင်ငံခြားရေးဝန်ကြီး အလုပ်အကိုင်မှာ ယခုလောလောဆယ်တွင်ပင် ဒေါ်အောင်ဆန်းစုကြည် တစ်ဝက်လောက် လုပ်ကိုင်နေပြီး နိုင်ငံခြားရေးမူဝါဒနှင့် သံရုံးများနှင့် ဝန်ကြီးဌာနကို ခန့်ခွဲခြင်းသာ ကျန်သည့်အတွက် မထူးခြားလှ။ သမ္မတရုံးဝန်ကြီးဌာန မှာလည်း ဦးသိန်းစိန်အစိုးရလက်ထက် နမူနာကို ကြည့်လိုက်လျှင် အခြားဝန်ကြီးဌာနများကို ကွပ်ကဲသည့်ဌာနသာ ဖြစ်သည်။

ထို့ကြောင့် ပညာရေးနှင့် စွမ်းအင်ဝန်ကြီးဌာန (လျှပ်စစ်စွမ်းအား နှင့် စွမ်းအင်ဝန်ကြီးဌာနကို ပေါင်းလိုက်သည့်ဌာန) ကို ကိုင်မည်ဆိုခြင်းသာ စိတ်ဝင်စားစရာ ကောင်းသည်။

ပညာရေးသည် ဒေါ်အောင်ဆန်းစုကြည် ပျော်မွေ့သော သဘာဝ အရဌာနဖြစ်သောကြောင့်ဟု မြင်သည်။ စွမ်းအင်မှာမူ စီးပွားရေး၊ အင်ဂျင်နီယာ သဘောသာမက မြစ်ဆုံစီမံကိန်း စသည်တို့ကြောင့် နိုင်ငံခြားရေး၊ ငြိမ်းချမ်းရေး၊ သဘာဝပတ်ဝန်းကျင်ရေး တို့နှင့်ပါ ဆက်စပ်နေသည်။ စွမ်းအင်နှင့် ပညာရေးနယ်ပယ် နှစ်ခုလုံးသည် အင်အားကောင်းသော Interest Group များ၊ ‘အရေးဆိုအဖွဲ့’ Lobby Group များ တည်ရှိနေသော နယ်ပယ်များ ဖြစ်သဖြင့် ကိုင်သလားလည်း တွေးစရာ။

ပညာရေးနှင့် စွမ်းအင်ဝန်ကြီးဌာန နှစ်ခုကို ဒေါ်အောင်ဆန်းစုကြည် ကိုင်ပြီး အသားကျသွားသော အခါမှ အခြားသူများကို လွှဲပေးကောင်းလည်း ပေးနိုင်သည်။

၇) ဝန်ကြီးအချို့၏ ကိုယ်ရေးအကျဉ်းတွင် ပါဝင်သော ပြည်ပဘွဲ့ခိုင်မာမှုနှင့် ပတ်သက်ပြီး NLD ထောက်ခံသူများ အပါအဝင် ပြည်သူများအကြားတွင် အထူး ဂယက်ရိုက်ခဲ့ပြီး နိုင်ငံတကာသို့လည်း သတင်းပျံ့သွားသည်။ အစိုးရအဖွဲ့သစ် ကျမ်းသစ္စာ မကျိန်ရသေးမီ အားလုံး မျှော်လင့်နေကြချိန်တွင် ယင်းကိစ္စ ပေါ်ပေါက်သည့်အတွက် First Impression ကြီးကြီးမားမား သက်ရောက်သည်။ ယခုအစိုးရသည် ယခင်အစိုးရထက် စံသတ်မှတ်ချက်များ ပိုမြင့်မားမည်ဟု ပြည်သူလူထုက တစ်ခဲနက် ယူဆသည့်အတွက် ‘တာဝန်ယူမှု၊ တာဝန်ခံမှု’ အပြည့်ဖြင့် ကိုင်တွယ်မည်ဟု ယူဆပါသည်။ ယင်းကိစ္စပေါ် အစိုးရ အဖွဲ့သစ် ကိုင်တွယ်ပုံသည် နောင်ငါးနှစ် အစိုးရအဖွဲ့သစ်လားရာကို ပြဋ္ဌာန်းလိမ့်မည်။

၈) ဝန်ကြီးများကို အထောက်အကူပြုရန် အကြံပေးအဖွဲ့များ အားကောင်းရန်လိုသည်။ အကြံပေးအဖွဲ့များကို တကယ်တတ်သော၊ သိသော သူများနှင့် ဖွဲ့စည်းရန်လိုသည်။ နိုင်ငံခြားသားများ ခန့်လိုက ခန့်နိုင်သော်လည်း Homegrown Talent များကို အဓိကတည်သင့်သည်။ နိုင်ငံခြားသားများ အပေါ် နိုင်ငံတော်လုံခြုံရေး အရ စိုးရိမ်မှုများရှိသလို သူတို့သည် အချိန်တန်လျှင် အိမ်ပြန်ကြမည်သာ ဖြစ်သည့်အတွက် နိုင်ငံအတွက် လူမွေးသော သဘောလည်းဖြစ်အောင် ခြံပေါက်များကို ဂရုစိုက် ထည့်သွင်းသင့်သည်။

၉) NLD သည် ရွေးကောက်ပွဲနိုင်ရန် ဒေါ်အောင်ဆန်းစုကြည်ကို အဓိက အားကိုးခဲ့ရသကဲ့သို့ အစိုးရအဖွဲ့တွင်လည်း ဒေါ်အောင်ဆန်းစုကြည်ကို အားကိုးမည့် ပုံပေါ်သည်။ သို့သော် ပါတီနှင့် အစိုးရအဖွဲ့ အရွယ်အစားချင်း မတူ၊ လုပ်ငန်းသဘာဝချင်းလည်း ကွဲသည်။ မြန်မာ့ယဉ်ကျေးမှုအရ ကိစ္စများကို မဆုံးဖြတ်ဘဲ ‘အထက်တင်ခြင်း’ ‘Delegating Upward’ များလေ့ရှိရာ ဒေါ်အောင်ဆန်းစုကြည် ဝန်ပိမည်လား စဉ်းစားစရာ။ သူသည် အစိုးရတစ်ခုတည်း သာမက နိုင်ငံတစ်ခုလုံးကိုပါ အပေါ်စီးက ကြည့်မည်ဖြစ်ရာ ‘ဆုံးဖြတ်ချက်များ သူ့ကိုစောင့်နေရသည့် ပုလင်းလည်ပင်းကိစ္စ’ Bottleneck မဖြစ်အောင် ထိန်းသိမ်းနိုင်မည်ဟု မျှော်လင့်ရသည်။

၁၀) မြန်မာနိုင်ငံ၏ စီးပွားရေးတက်အောင် မောင်းနှင်မည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း၊ စီမံဘဏ္ဍာ၊ စီးပွားကူးသန်းတို့ကဲ့သို့ စီးပွားရေး ဝန်ကြီးဌာနများနှင့် ဗဟိုဘဏ်သည် အလွန်အရေးကြီးသည် ဖြစ်ရာ စီးပွားရေးသမားများ၊ နိုင်ငံခြားမှ ပါးနပ်လိမ္မာလွန်းသူများနှင့် ခေါင်းချင်းယှဉ် စဉ်းစားနိုင်သည့်သူများကို ခန့်ထားမှသာ တစ်ကွက်ကျော် တွေးနိုင်ပြီး နိုင်ငံ့အကျိုး၊ ဝန်ကြီးဌာနအကျိုးကို ဆောင်နိုင်မည်။ ငွေကြေးမူဝါဒကို ကိုင်မည့်၊ နိုင်ငံခြားဘဏ်များ ပြည်တွင်းဘဏ်များကို စည်းမျဉ်း ထိန်းသိမ်းမည့် ဗဟိုဘဏ်တွင် ခေတ်နှင့်အမီ လိုက်နိုင်သူ၊ နိုင်ငံခြားသားများ လေးစားလောက်သူကို ထားရန်လိုသည်။ ဘဏ္ဍာရေးနယ်ပယ်သည် ဒေါင်ဒေါင်မြည် ဆိုသူများ ကျက်စားရာနေရာ ဖြစ်ရာယင်းတို့နှင့် တန်းတူ စဉ်းစားနိုင်သူမျိုးကို ထားမှ စိတ်အေးရမည်။ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းသည် ယခင်ဝန်ကြီးဌာန နှစ်ခုကို ပေါင်းထားသည့်ပြင် မြန်မာ့လူဦးရေ ၇၀ရာခိုင်နှုန်းနှင့် တိုက်ရိုက်ဆက်စပ်နေရာ အလွန်အရေးကြီးသော ဝန်ကြီးဌာန ဖြစ်သည့်အတွက် ‘တကယ့်ခေါင်’ ဆိုသောသူမျိုးကိုသာ ထားသင့်သည်။ ဦးသိန်းစိန်ကို လယ်ယာစိုက်ပျိုးရေးက သတ်သွားခြင်းကို အစိုးရသစ်အနေဖြင့် သင်ခန်းစာ ယူသင့်သည်။

၁၁) ဒုဝန်ကြီးများ မထားဟု လောလောဆယ် ကြားသိရသည်။ အစိုးရ သစ်လက်ထက်တွင် ပြုပြင်ပြောင်းလဲရေးကို အဟုန်ပြင်းပြင်းဖြင့် သွားမည် ဖြစ်သည့်အတွက် ဒုဝန်ကြီးများ ထားကိုထားသင့်သည်။ ဒုဝန်ကြီးများ ခန့်ထားသဖြင့် လစာများစွာ ကုန်ကျမည်မဟုတ်ဘဲ ဝန်ကြီးဌာနများ၏ စွမ်းဆောင်ရည် များစွာတက်ကာ ပြည်သူ့ဘဏ္ဍာငွေများ အကျိုးရှိရှိ သုံးစွဲနိုင်မည်။ အမြဲတမ်းအတွင်းဝန် ရှိတာပဲဟု ဆိုနိုင်သော်လည်း အမြဲတမ်း အတွင်းဝန်မှာ ပြည်သူ့ဝန်ထမ်း ဖြစ်သဖြင့် အပြင်မှ အရည်အချင်းရှိသော သူကို ခန့်လိုလျှင် ဒုဝန်ကြီးနေရာကိုသာ ခန့်နိုင်သည်။ ဝန်ကြီးဌာနတိုင်း မထားလိုလျှင်ပင် ဝန်ကြီးဌာနများ ပေါင်းထားသည့် ဧရာမဝန်ကြီးဌာနများ၊ အရေးကြီးသည့် စီးပွားရေး ဝန်ကြီးဌာနများတွင် ဒုဝန်ကြီးများ ထားသင့်သည်။

မြန်မာ့အစိုးရသစ်သည် ပြည်သူများ၏ အားကိုးရာဖြစ်သည်။ အရပ်သားအစိုးရသစ် ရှားရှားပါးပါး တက်လာခြင်း ဖြစ်သည့်အတွက် အောင်မြင်စေချင်သည်။ အစိုးရသစ်အပေါ် အကဲဖြတ်သည့် စံသည် ယခင် အစိုးရများအပေါ် ဖြတ်သည့်စံနှင့် မတူညီတော့ (တူလည်းမတူသင့်)သည်ကို သတိပြုစေချင်သည်။

ဇေယျသူ
The Voice Weekly

0 comments:

Post a Comment