နိုင်ငံတစ်နိုင်ငံ အနေနဲ့ ပြောင်းလဲလာတဲ့ နိုင်ငံရေးနဲ့အညီ အချိန် အခါအလိုက် ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် ဥပဒေတွေက အဓိက ကျပါတယ်။ နိုင်ငံရေး အခြေအနေတွေကတော့ ပြောင်းနေတယ်။ ဒါပေမဲ့ အစိုးရ တစ်ခုရဲ့ ပင်မ ယန္တရားတွေဖြစ်တဲ့ ဌာနဆိုင်ရာတွေက ကျင့်သုံး အကောင်အထည် ဖော်ကြရမယ့် ဥပဒေတွေက လိုက်ပါ မပြောင်းလဲဘူး။ ယခင့်ယခင်ကအတိုင်းပဲ ဖြစ်နေဦးမယ် ဆိုရင်လည်း ပိုးသာကုန်လို့ မောင်ပုံ စောင်းမတတ်ပြီ ဆိုသလို ဖြစ်နေမှာ အမှန်ပါပဲ။ ဒါကို ဘာကြောင့် ပြောရသလဲဆိုရင် နိုင်ငံတော် ယန္တရား တစ်ခုလုံး နေ့စဉ်နဲ့အမျှ လည်ပတ်နေကြတာတွေ၊ ဆိုင်ရာ ဝန်ထမ်းတွေက လိုက်ပါ အကောင်အထည် ဖော်ပေးနေကြရတာတွေဟာ ဥပဒေပါ ပြဋ္ဌာန်းချက်တွေ အရသာ သူ့နည်းစနစ်တွေအတိုင်း၊ သူ့လုပ်ထုံး လုပ်နည်းတွေအတိုင်း လိုက်ပါ အကောင်အထည် ဖော်နေကြရလို့သာ ဒီလို ပြောခဲ့ရခြင်းဖြစ်ပါတယ်။ အမှန်တကယ်ဆိုရင် ဥပဒေတွေဆိုတာ အချိန်အခါအရ ပြောင်းလဲလာတဲ့ခေတ် စနစ်တွေ၊ အစိုးရအသစ် တစ်ခု တက်လာစဉ်တိုင်း ယှဉ်တွဲပါလာတတ်တဲ့ မူဝါဒအသစ်တွေ အောက်မှာ လိုက်ပါပြောင်းလဲရေး ဆွဲပြဋ္ဌာန်းလို့ အကောင်အထည် ဖော်ပေးကြရလေ့ ရှိတတ်ကြတာပါ။
ယနေ့အချိန်အထိ နောက်ဆုံး ရရှိတဲ့ အချက်အလက်တွေ အရဆိုရင် ကျွန်တော်တို့ နိုင်ငံမှာ လက်ရှိ ဌာနဆိုင်ရာတွေက ကိုင်တွယ် ကျင့်သုံးနေတဲ့ ဥပဒေပေါင်း ၄ဝဝ ကျော် ရှိနေတယ်လို့ သိခဲ့ရပါတယ်။ ဒါပေမဲ့ ခေတ် အဆက်ဆက်က ပြဋ္ဌာန်းခဲ့တဲ့ ဥပဒေပေါင်းကတော့ ၁ဝဝဝ ကျော် ရှိခဲ့တာပါ။ ဒီ ၄ဝဝ ကျော်ဆိုတာက မလိုတော့တဲ့ ဥပဒေတွေကို ပယ်ဖျက် ရုပ်သိမ်း ပြီးခဲ့ပြီးမှ နောက်ဆုံး ကျန်ရှိတဲ့ အရေအတွက်ပါ။ ဆိုလိုရင်းကတော့ ဥပဒေတွေဆိုတာ သူ့ခေတ်နဲ့ သူ့အခါမှာတော့ ပြဋ္ဌာန်း ခဲ့ကြပေမယ့် ဒီအတိုင်း တစ်သမတ်တည်း ကျင့်သုံးသွားရမယ်လို့ မဆိုလိုထားသလို သူ့ခေတ်နဲ့သူ့အခါ ရောက်ရင် ပြင်ဆင်ရမယ်။ မလိုအပ်တော့တဲ့ ဥပဒေတွေကို ပယ်ဖျက် ပစ်ခဲ့ရမယ်။ ဒီလို ပြင်ဆင်ဖို့ကိုလည်း ဒါကို ကိုင်တွယ် ကျင့်သုံးတဲ့ ဌာနဆိုင်ရာတွေကပဲ ပြန်ပြီး Proposal မူကြမ်း ပြုစုတင်ပြ ပေးကြရမှာ ဖြစ်ပါတယ်။ ဒီလိုပြုစု ပေးပြီးတော့မှ ဆိုင်ရာ ဌာနတွေကနေ တစ်ဆင့် လွှတ်တော်ကို ပေးပို့ကြရမှာ ဖြစ်သလို လွှတ်တော်ဘက်အပိုင်းကလည်း ပြင်ဆင်တာ၊ ဖြည့်စွက်တာတွေကို ပြည်သူတွေရဲ့ အသံတွေကိုပါ ထည့်သွင်းပြီး အမြန်ပြဋ္ဌာန်း ပေးကြရပါမယ်။ ပြီးတဲ့အခါ ဌာနဆိုင်ရာတွေက ဒီအတိုင်း ပြန်လည် အကောင်အထည် ဖော်ကြမှသာ တိုင်းပြည်တစ်ခု၊ နိုင်ငံတစ်နိုင်ငံဟာ ပြောင်းလဲလာတဲ့
ခေတ်စနစ်၊ နိုင်ငံရေး မူဝါဒနဲ့အညီ ဖွံ့ဖြိုး တိုးတက်မှာပါ။ ဒါက အကြမ်းဖျင်းသာ တင်ပြခြင်း ဖြစ်ပါတယ်။
ဒါကို အနီးစပ်ဆုံး ဥပမာအနေနဲ့ တင်ပြရရင် သစ်ပင် တစ်ပင် ဆိုကြပါစို့။ သူကတော့ ကြီးထွား ရှင်သန်ချင်တယ်။ ဒါပေမဲ့ သူ့ကို ရစ်ပတ်ချည်နှောင် ထားတဲ့ကြိုးတွေ ရှိနေမယ်ဆိုရင်လည်း အချိန်သာ ကုန်သွားမယ် မကြီးထွား လာနိုင်ဘူးဆိုတဲ့သဘောကို ပြောလိုရင်းသာ ဖြစ်ပါတယ်။ အစိုးရရဲ့ မူဝါဒတွေက အသစ်၊ ဟစ်ကြွေးခဲ့ကြတာက ပြောင်းလဲချိန် တန်ပြီ၊ ဒါပေမဲ့ အစိုးရရဲ့ ပင်မယန္တရားတွေ ဖြစ်တဲ့ ဌာနဆိုင်ရာတွေ ဖော်ဆောင်နေတာက ယခင့်ယခင် ဥပဒေအထဲက နည်းလမ်း အဟောင်းတွေသာ ဖြစ်နေမယ်ဆိုရင်လည်း အချိန်သာ ကုန်သွားမယ်၊ ရက် ၁ဝဝ သာ ပြည့်သွားမယ်၊ ဒုတိယ ရက်၂ဝဝ ကိုသာ ဆက်သွားမယ်။ ဒါပေမဲ့ ကုန်ဆုံးသွားတဲ့ အချိန်တွေကတော့ အလဟဿပဲ ဖြစ်သွားကြရမယ်လို့ ပြောကြရမယ် ထင်ပါတယ်။
ဒီနေရာမှာ မေးရမယ့်မေးခွန်း တစ်ခုတော့ ရှိနေပါတယ်။ ဒါကတော့ ဒီဥပဒေတွေကို ဘယ်လို သုံးသပ်ပြီး ဘယ်လိုပြင်မလဲ။ ဘယ်သူတွေက ထိုင်ပြီး ရေးဆွဲပေးကြမလဲ၊ ဘယ်သူတွေက အကြံပေးကြမလဲ။ သူနဲ့ဆိုင်တဲ့ လုပ်ထုံးလုပ်နည်း နည်းလမ်းတွေက ဘယ်လိုရှိလဲ ဆိုတဲ့အချက်ပါ။ မှန်ပါတယ်။ ဒီမေးခွန်းအပေါ် ကျွန်တော်တို့ ဆက်ဆွေးနွေးကြရင် ကျွန်တော်တို့နိုင်ငံမှာ ဥပဒေကြမ်း တစ်ခုကိုရေးဆွဲပြီး လွှတ်တော်ကို စတင် တင်သွင်းတဲ့ အပိုင်းကစပြီး နောက်ဆုံး နိုင်ငံတော်သမ္မတ လက်မှတ်ရေးထိုး ထုတ်ပြန်သည်အထိ လုပ်ငန်းစဉ်တွေကို ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ အခန်း(၄)၊ ဥပဒေပြုရေး အခန်းမှာ အကျယ်တဝင့် ဖော်ပြထားရှိသော်လည်း ဥပဒေကြမ်း အဆင့်မှာ ဘယ်လိုတွေ ဆောင်ရွက်ရမယ် ဆိုတဲ့အပိုင်းတွေကိုတော့ ပြဋ္ဌာန်းထားတာ မတွေ့မိဘူး။
ကျွန်တော် ဆိုလိုတာကတော့ ဥပမာ-အုပ်ချုပ်ရေး ဌာနတွေက ကိုင်တွယ် ကျင့်သုံးကြရမယ့် သူတို့ ဌာနတွေရဲ့ စည်းမျဉ်းတွေပါတဲ့ ဥပဒေတွေဆိုရင် သူတို့ ဌာနတွေကသာ အဓိက ရေးဆွဲပြီး လွှတ်တော်ကိုယ်စားလှယ်တွေက ဆွေးနွေးပြီး ပြဋ္ဌာန်းလိုက်လို့ ရနိုင်ပေမယ့် အချို့ အတော်များများသော ဥပဒေတွေဖြစ်တဲ့ ပြည်သူတွေနဲ့ဆိုင်တဲ့ ကျွန်တော့်အထက်က တင်ပြခဲ့တဲ့ ဥပဒေတွေ အတော်များများ ဆိုရင်တော့ ပြည်သူတွေရဲ့ဆန္ဒတွေ အများဆုံး ထင်ဟပ်နေဖို့ လိုလာမှာ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း လက်ရှိ ကျွန်တော်တို့ နိုင်ငံမှာတော့ ဒီဥပဒေပြုတဲ့ ဖြစ်စဉ် (Law Making Process) ကို ပြည်သူတွေနဲ့ မရင်းနှီး မကျွမ်းဝင် သေးတာတော့ အမှန်ပါပဲ။ ဒီအတွက်ဘဲ ဥပဒေတွေ အများစုဟာ ပြည်သူတွေနဲ့ တစ်သားတည်း မကျလှသလို အစိုးရဘက်ကိုသာ သူ့အကြိုက် ဆွဲထားသလို ဖြစ်နေကြရပြီး အမှန်တကယ် မြေပြင်မှာ ကျင့်သုံးကြချိန်မှာတော့ မပြေလည်မှုတွေ၊ အခက်အခဲနဲ့ ကြုံရတာတွေ၊ မြေပြင် အခြေအနေတွေနဲ့ မကိုက်ညီတာတွေ ဖြစ်နေကြရတာပါ။ ဒီလိုတွေ ဖြစ်လာတော့မှ ဒီဥပဒေတွေကို ပြန်ပြင်ရတာ၊ လွှတ်တော်မှာ တင်ပြီး ပြန်ဆွေးနွေးကြရတာ၊ ဒီအပေါ်မှာ သက်ဆိုင်တဲ့ အဖွဲ့အစည်းတွေက မနှစ်သက်လို့ ဆန္ဒ ထုတ်ဖော်ကြတာနဲ့ပဲ အချိန်တွေ ကုန်ပြီး နိုင်ငံတော် တိုးတက်အောင် လုပ်ရမယ အချိန်တွေ ဖြူန်းတီးပစ်ခဲ့ရာ ရောက်နေခဲ့ကြရတာကို ကြည့်တတ်ရင် မြင်နိုင်ကြမှာပါ။
ဒီအတွက်ပဲ ကျွန်တော်တို့ ပြည်သူတွေဟာ အခြားဒီမိုကရေစီနိုင်ငံတွေမှာ ဥပဒေ တစ်ခုကို ဘယ်လို ပြုစု ရေးဆွဲကြတယ်။ ဥပဒေကြမ်း တစ်ခုကို ပြည်သူတွေ ပါဝင်တဲ့ (Public Legislation Departmentess)တွေက စတင်ပြီး ဘယ်လို ရေးဆွဲကြတယ်၊ နောက် NGO တွေဖြစ်တဲ့ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေကပါ စိတ်ဝင်တစားနဲ့ ပြည်သူတွေကြားမှာ ဘယ်လို ပါဝင်ပြီး ပြည်သူ့ အသံတွေကို စစ်တမ်းတွေ ဘယ်လို ကောက်ယူကြတယ်၊ ဒီအပေါ် မီဒီယာတွေကလည်း ဘယ်လို ဝိုင်းဝန်း ပံ့ပိုးပြီး ကျယ်ကျယ်ပြန့်ပြန့် ဖြစ်အောင် လှုံ့ဆော် ပေးကြတယ်။ နောက်ဆုံး မူကြမ်းအဆင့်ကို ပြည်သူအားလုံးက သဘောတူပြီးမှသာ လွှတ်တော်ကို ပေးပို့ကြတယ်။ နောက်ဆုံးအဆင့် ရောက်မှ လွှတ်တော်နဲ့ သမ္မတက ဘယ်လို ဆောင်ရွက် ပေးကြရတယ် ဆိုတာတွေကို ကျယ်ကျယ်ပြန့်ပြန့် သိရှိထားကြဖို့ လိုလာတော့မှာ ဖြစ်ပါတယ်။
ဒါမှသာ ပြောင်းလဲလာတဲ့ ခေတ်အခြေအနေတွေအရ ကျွန်တော်တို့ရဲ့ နိုင်ငံရေးအသိ (Political-mindset) တွေလည်း လိုက်ပါပြောင်းလဲပြီး နောင် ရေးဆွဲပြဋ္ဌာန်း ကြမယ့် ဥပဒေတွေအပေါ် မိမိတို့ ဘယ်အခန်းက ပါဝင်ကြရမလဲဆိုတာကို သိရှိကြပြီး ပါဝင်အကြံပြု ရေးဆွဲတာတွေ ဆောင်ရွက်နိုင်ကြမှသာ ဥပဒေတွေဟာ ပတ်မလုံးစုံ ကောင်းမွန်လို့ ပြည်သူ့ အကျိုး စီးပွားတွေကို ဖော်ဆောင်ပေးနိုင်မယ် ဆိုတာကို ပြောပြချင်တာပါ။ ပြည်သူတွေနဲ့ဆိုင်တဲ့ ဥပဒေ တစ်ခုဆိုတာ အမှန်တကယ်တော့ ပြည်သူတွေက ရေးဆွဲကြရတဲ့ အရာပါ။ လွှတ်တော်ကပဲ ရေးဆွဲပြဋ္ဌာန်းလို့ မရသလို အမှန် ကျင့်သုံးတဲ့ ဝန်ကြီးဌာနတွေကပဲ သူ့သဘောထား တစ်ခုတည်းနဲ့ ရေးဆွဲ ပြဋ္ဌာန်းလို့ မရပါဘူး။
လွှတ်တော်က ဥပဒေတွေ ဆွေးနွေးပြဋ္ဌာန်းနေချိန်မှာ ကျွန်တော်တို့ ပြည်သူတွေက ကိုယ်နဲ့မဆိုင်သလို စိတ်ဝင်စားမှု နည်းနေခဲ့ကြပြီး အချိန်တန်လို့ ပြဋ္ဌာန်းပြီး လက်တွေ့ အကောင်အထည်ဖော်ချိန် ရောက်မှ ကျွန်တော်တို့ မလိုက်နာနိုင်တာတွေ၊ လုပ်ငန်းရှင်တွေဘက်ကိုသာ ဦးစား ပေးထားတာတွေ၊ အုပ်ချုပ်သူတွေဘက်ကိုသာ ဘက်လိုက်ပြဋ္ဌာန်း ပေးထားတာတွေ ဖြစ်နေမယ်ဆိုရင် ဒါဟာ ကျွန်တော်တို့ ပြည်သူတွေရဲ့ တာဝန်သာ ဖြစ်နေဦးမှာ အမှန်ပါပဲ။
ဒီနေရာမှာလည်း ကြားညှပ်ပြောချင်တဲ့ အကြောင်းလေး တစ်ခု ရှိနေပါသေးတယ်။ ဒါကတော့ အခြားနိုင်ငံတွေတိုင်းမှာ ဥပဒေပြုခြင်း ဆိုင်ရာ တက္ကသိုလ်ဆိုတာတွေ ရှိပါတယ်။ ဥပမာအနေနဲ့ ပြောရရင် အိန္ဒိယ နိုင်ငံမှာဆို ဂန္ဒီကြီးလက်ထက်ကတည်းက တည်ထောင်ခဲ့တဲ့ ပြည်သူ့ဥပဒေ ပြုရေးစင်တာတွေ မြို့ရွာတိုင်းမှာ ရှိသလို အမျိုးသား ဥပဒေပြုရေး တက္ကသိုလ်ကြီးဆိုတာလည်း ရှိပါတယ်။ နောက် အမေရိကန်မှာဆိုလည်း ဂျော့ဝါရှင်တန် ဥပဒေပြု တက္ကသိုလ် (နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောခဲ့ရာ တက္ကသိုလ်) ဆိုတာတွေ ရှိပါတယ်။ ဒီလိုပါပဲ အခြားနိုင်ငံတွေမှာလည်း အသီးသီးရှိနေကြပါတယ်။
အဲ့ဒီတက္ကသိုလ်တွေမှာ ဥပဒေ တစ်ခုကို မူကြမ်းအဆင့်မှာ ဘယ်လို အချက်တွေ ပါဝင်ရေးဆွဲ ရမယ်ဆိုတဲ့ နည်းပညာတွေကို စတင် သင်ကြား ကြပါတယ် (ဥပမာ-ခွေးဆိုရင် ခွေးလို့ပဲ တိတိကျကျ ဖော်ပြရမယ်၊ ဝိရောဓိ ဖြစ်အောင်၊ နောင်အခါ လိုသလို ဆွဲယူလို့ မရအောင်၊ ခြုံငုံပြီး တိရစ္ဆာန်လို့ မရေးရဘူးလို ဆိုတာမျိုး၊ နောက် ဥပဒေ တစ်ခုကို အများ နားလည်တဲ့ ဘာသာစကား အသုံးအနှုန်းတွေနဲ့ ရှင်းရှင်းလင်းလင်း ရေးဆွဲရမယ်ဆိုတာမျိုး နောက် ဥပဒေတစ်ခုဟာ သရေကွင်းလို လျော့လို့ တင်းလို့ ရအောင် ရေးဆွဲလို့ မရဘူး။ သူ့ကို စည်းနှောင်အား (Binding Force) ကောင်းအောင် ရေးဆွဲရမယ် ဆိုတာမျိုးတွေကို အခြေခံကစတင် သင်ကြားကြရပါတယ်။
ဒါပေမဲ့လည်း ကျွန်တော် ဆိုလိုချင်တာက ကျွန်တော်တို့ နိုင်ငံမှာကျတော့ အခြား ဘာသာရပ်ဆိုင်ရာ တက္ကသိုလ်တွေ အသီးသီး အသက ရှိကြ ပါလျက်နဲ့ ဥပဒေဘာသာရပ်ကို ကောလိပ်အဆင့်တောင် မဖွင့်လှစ်နိုင်ဘဲ တက္ကသိုလ်တွေမှာ ဌာနတစ်ခုအနေနဲ့သာ ထားရှိနေတုန်းပါပဲ။ ပြည်သူ တိုင်း သိထားသင့်တဲ့ ဥပဒေဘာသာရပ်ကိုတော့ အခုအချိန်အထိ ဘာလို့ အကျယ်တဝင့် မဆောင်ရွက်နိုင်ကြတာလဲ ဆိုတာကိုလည်း ဆက်စပ် စဉ်းစားမိလာပါတယ်။
ပါတီစုံ ဒီမိုကရေစီခေတ်၊ လွှတ်တော်နိုင်ငံရေး စနစ်မှာ ပြည်သူတစ်ယောက် အနေနဲ့ အင်ဂျင်နီယာ ဘာသာရပ်၊ ကွန်ပျူတာ ဘာသာရပ်ကို မသိရှိရင် ဘာမှမဖြစ်ပါဘူး။ ဒါပေမဲ့ ဥပဒေ ဘာသာရပ်ကို မသိရှိရင်တော့ သူများ ပြောသမျှ လုပ်သမျှ ခံနေရမယ့်သဘော ရှိနေပါလိမ့်မယ်။ ဘာဖြစ်လို့ ဒီလိုပြောရသလဲ ဆိုတော့ ကျွန်တော်တို့ နေ့စဉ် ရောင်းတာ ဝယ်တာတွေကို အခွန်ဆောင်တာပဲ ဖြစ်ဖြစ်၊ ရရှိတဲ့ဝင်ငွေကို ဝင်ငွေခွန် ဆောင်တာပဲဖြစ်ဖြစ်၊ အိမ်ခြံမြေတွေ ရောင်းတာ၊ ပေါင်နှံတာပဲဖြစ်ဖြစ်၊ အမှုအခင်း တစ်ခုခုနဲ့ ကြုံရတဲ့အခါဖြစ်ဖြစ်၊ အစိုးရဌာနတွေနဲ့ ဆက်စပ် လုပ်ကိုင်ရတာပဲဖြစ်ဖြစ်၊ ယာဉ်တိုက်ခိုက်မှုတွေ ကြုံရတဲ့အခါမှာပဲဖြစ်ဖြစ်၊ လူမှုရေး ကိစ္စတွေ ပြောကြဆိုကြတဲ့ အခါမှာပဲဖြစ်ဖြစ် ဥပဒေအရသာ ဆောင်ရွက်ကြရတာ ဖြစ်တဲ့အတွက် ဒီဥပဒေအကြောင်းတွေကို သိရှိထားမှသာ အဆင်ပြေနိုင်မယ်။ သူများ ပြောသမျှ ချင့်ချိန် ဆုံးဖြတ်နိုင်မယ် ဆိုတာကို ပြောလိုရင်းသာ ဖြစ်ပါတယ်။
လူတစ်ယောက်ရဲ့ လူမှုစီးပွား ဘဝအတွက် နေ့စဉ် လုပ်ကိုင်ဆောင် ရွက်မှုမှန်သမျှဟာ ဥပဒေပါ အကြောင်းအရာတွေနဲ့ လွတ်ကင်းတာ သိပ်မရှိ လှပါဘူး။ ကျွန်တော်တို့ ပြည်သူတွေဟာ ဥပဒေတွေကို သေသေချာချာ မသိကြ မရင်းနှီးကြသေးတော့ သူများ လိမ်တိုင်းလည်း ခံနေရတာပဲ။ ဒီထက် ဆိုးတာကတော့ သူများ လိမ်နေတာကိုတောင် လိမ်လို့ လိမ်နေမှန်း၊ အမှားအမှန်ကို သေသေချာချာ မခွဲခြားနိုင်ကြတဲ့ ဘဝမျိုး ဖြစ်သွားကြပါတယ်။ ဥပမာ- ရဲတစ်ယောက်က မိမိအိမ်ထဲ ဝင်လာပြီး ဟိုရှာဒီရှာ လုပ်ရင်ပဲ ဘာမှ မပြောနိုင်သေးဘဲ ရဲ မြင်တာနဲ့တင် အရင် ကြောက်စိတ်က ဝင်နေကြရတဲ့ ဘဝတွေ ဖြစ်နေတယ်။ အမှန်တော့ ဒီကိစ္စတွေအပေါ် ပြောရရင် အခြေခံ ကျတဲ့ ရာဇဝတ်မှု ဥပဒေနဲ့ လုပ်ထုံးတွေ၊ တရားမမှု ဥပဒေနဲ့ လုပ်ထုံးတွေ၊ ရဲလက်စွဲ ဆိုတာတွေကို အနည်းငယ်မျှသာ သိထားရုံနဲ့ပဲ ကျွန်တော်တို့ဟာ ရဲတစ်ယောက် ကိုယ့်အိမ်အဝန်းအဝိုင်းထဲ ဝင်လာတာနဲ့ သူ့ကို တားပြီး ဘာကိစွနဲ့လာတာလဲ၊ နောက် သူ့မှာ စစ်ဆေးခွင့် အမိန့်ပါသလား၊ ဝရမ်းပါသလား၊ ဆိုင်ရာ လူကြီးတွေကော ပါသလား ဒီလို ပြန်စစ်လို့ ရကြပါတယ်။
အချုပ်အားဖြင့် ကျွန်တော်အထက်မှာ တင်ပြခဲ့သမျှတွေကို ပြန်ပြီး အနှစ်ချုပ်လိုက်ရင် ကျွန်တော်တို့နိုင်ငံကြီး တိုးတက်ဖို့၊ ပြောင်းလဲသင့်တဲ့ အချိန်မှာ ပြောင်းလဲဖို့ဆိုရင် ဥပဒေတွေက အဓိက ကျလှပါတယ်။ အဓိက သော့ချက်ကတော့ တရားဥပဒေတွေကို ခေတ်စနစ်နဲ့ညီအောင် ပြုပြင် ရေးဆွဲပြီး တရားဥပဒေ စိုးမိုးမှု ရှိဖို့ပါ။ ဒါမှသာ အစိုးရဘက်ကရော၊ ပြည်သူတွေဘက်ကပါ နှစ်ဦးနှစ်ဖက်က လိုက်နာလာကြပြီး သာယာဝပြောတဲ့ လူ့အဖွဲ့အစည်း တစ်ခု၊ မကောင်းမှုတွေ ကင်းတဲ့ လူမှုဝန်းကျင် အသစ်တွေနဲ့ ထုံမွှန်းနေတဲ့ ဖွံ့ဖြိုးတိုးတက် ခေတ်မီတဲ့ နိုင်ငံ တစ်နိုင်ငံအဖြစ်ကို ရောက်ရှိလာနိုင်မှာ အမှန်ပင် ဖြစ်ပါကြောင်း ရေးသား တင်ပြလိုက်ရပါတယ်။
သန်းဖြိုးနိုင်(မြန်ပြည်သား)
The Voice
0 comments:
Post a Comment