ဒေါ်အောင်ဆန်းစုကြည် သမ္မတ မဖြစ်နိုင်ပေမယ့်လည်း NLD နှင့် ဒီမိုကရေစီ အင်အားစုများ ရွေးကောက်ပွဲမှာ အသာစီးရနိုင်၊ မရနိုင်ဟူသည့် ကိစ္စမှာလည်း နိုင်ငံတကာ အသိုင်းအဝိုင်းအတွက် စိတ်ဝင်စားစရာ ဖြစ်နေပြန်သည်။ ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာတုန်းကလို မဟုတ်ဘဲ ယခုရွေးကောက်ပွဲကို လွတ်လပ်မျှတစွာ ကျင်းပခွင့်ရမည် ဆိုပါက NLD နှင့် အတိုက်အခံများ အနေနှင့် ၁၉၉၀ ဒီမိုကရေစီ ရွေးကောက်ပွဲအတိုင်း ပြည်လုံးကျွတ်နီးပါး အတိုင်းအတာဖြင့် အနိုင်ရမည်သာ ဖြစ်သည်ဟု အချို့က ဟောကိန်းထုတ်ကြသည်။ လာမည့် နိုဝင်ဘာ ရွေးကောက်ပွဲဖြစ်စဉ် အတွက် လတ်တလော (ယခု ၂၀၁၅ နှစ်ဆန်းမှစ၍) ကာလအတွင်း အစိုးရ၊ ရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီ အသီးသီးတို့ လုပ်ကိုင်ဆောင်ရွက်မှုများနှင့် ထုတ်ပြန်ကြေညာချက်များကို ကြည့်မည်ဆိုပါက လွတ်လပ်မျှတသော ရွေးကောက်ပွဲတစ်ရပ် ဖြစ်နိုင်သည့် အနေအထားမျိုးကို တွေ့ရပါသည်။ လွတ်လပ်မျှတမှု ရှိပါက NLD နှင့် အခြားအတိုက်အခံပါတီမှ ကိုယ်စားလှယ်များ အနိုင်ရလိမ့်မည်ဟု ယေဘုယျ တွက်ဆနိုင်သည်မှာ မှန်သော်လည်း အနိုင်ရရုံမျှဖြင့် အခြေခံဥပဒေ ပြင်ဆင်ရေးမှာ မြန်မာ့တပ်မတော်၏ သစ္စာတော်ခံ တပ်မတော်သား ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းက မီးစိမ်းမပြသေးသရွေ့ ဖြစ်နိုင်ခြေမရှိဟုပင် ဆိုရမည်။
ပြီးခဲ့သည့် ဇွန်လအတွင်း အခြေခံဥပဒေ ပြင်ဆင်ရန် နောက်ဆုံးအကြိမ် ကြိုးပမ်းခဲ့ကြသော်လည်း အောင်မြင်မှု မရရှိခဲ့ပေ။ ဒေါ်အောင်ဆန်းစုကြည် မြန်မာသမ္မတရာထူး ရယူမည့် ကိစ္စကို တပ်မတော် (စစ်တပ်) ဘက်က မည်သို့မျှ လက်မခံနိုင် ဖြစ်နေသည်ဟုပင် ပြည်တွင်း၊ ပြည်ပမှ မြန်မာ့အရေး လေ့လာစောင့်ကြည့်သူများက ယုံကြည်သွားကြသည်။ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်မည့် ကိစ္စသည် မြန်မာစစ်ဗိုလ်ချုပ်ကြီးများအတွက် အနီရောင်အဆင့်ရှိ မျဉ်းတစ်ကြောင်း ဖြစ်သည်ဟု International Labour Organisation မှ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် Richard Horsey က သုံးသပ်လိုက်သည်။
လက်ရှိ မြန်မာ့နိုင်ငံရေးဖြစ်စဉ်နှင့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တို့မှာ စစ်တပ်၏ လိုက်လျောချက် ဖြင့်ပေါ်ထွက်လာသော အခြေအနေအရပ်ရပ်တို့သာ ဖြစ်ကြပြီး စစ်တပ်၏ ခွင့်ပြုချက်မရဘဲ အခြေခံဥပဒေကို မည်သို့မျှ ပြင်ဆင်နိုင်တော့မည် မဟုတ်ဟူသော အချက်ကိုလည်း ကောင်းစွာ နားလည်သွားကြသည်။ အခြေခံဥပဒေ ပြင်ဆင်ရန် ဇွန်လအတွင်း ကြိုးပမ်းခဲ့မှုကို ကြည့်မည်ဆိုလျှင် စစ်တပ်က ၎င်းတွင် မည်မျှအတိုင်းအတာအထိ အာဏာရှိသည်ကို ထုတ်ပြလိုက်ပြီး ယင်းအာဏာကို ထိခိုက်လျော့ကျစေမည့် မည်သို့သော ပြောင်းလဲမှုများကိုမျှ လက်ခံမည်မဟုတ် ဟူသည့် သဘောမျိုးကိုပါ တစ်ပါတည်း ပြသလိုက်သည်ကို တွေ့ရပါလိမ့်မည်။
ဤတွင် ပြည်ပမှ ပညာရှင်အချို့က လွှတ်တော်ပြင်ပမှနေ၍ အခြေခံဥပဒေ ပြင်ဆင်နိုင်မည့် နည်းလမ်းအချို့ကို ထောက်ပြခဲ့ပြန်သေးသည်။ ပထမနည်းလမ်းမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပါဝင်သည့် ခြောက်ပွင့်ဆိုင် ဆွေးနွေးပွဲကဲ့သို့သော အရေးကြီးသည့် ဒိုင်ယာလော့ခ်များတွင် ပြင်ဆင်ရေးကိစ္စအပေါ် သဘောတူညီမှုရအောင် ပြုလုပ်ရေးဖြစ်ပြီး ဒုတိယနည်းလမ်းမှာမူ လက်ရှိအစိုးရ အသည်းအသန် အကောင်အထည်ဖော်နေသည့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် လက်မှတ်ရေးထိုးပြီးနောက် ပေါ်ထွက်လာမည့် နိုင်ငံရေးဒိုင်ယာလော့ခ်တွင် အခြေခံဥပဒေကိစ္စကို ထည့်သွင်းဆွေးနွေးရေးပင် ဖြစ်သည်။ သို့သော်လည်း အဆိုပါ နည်းလမ်းများအတိုင်း ဤသုံးလတာ ကာလအတွင်း အကောင်အထည်ဖော်နိုင်မည်ဟု မည်သူကမျှ အတိအကျ အာမမခံနိုင်သေးပေ။ ပြီးခဲ့သည့် သီတင်းပတ်အတွင်း ပြုလုပ်ခဲ့သော တိုင်းရင်းသား ခေါင်းဆောင်များနှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှာလည်း ရလဒ်တစ်စုံတစ်ရာ မထုတ်နိုင်ဘဲ အဆုံးသတ်ခဲ့ရသည်။ အကြောင်းမှာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအားလုံး ပါဝင်သင့်၊ မသင့်ကိစ္စနှင့် ပတ်သက်၍ ဆွေးနွေးညှိနှိုင်းနိုင်ခဲ့ခြင်း မရှိသောကြောင့် ဖြစ်သည်။ တိုင်းရင်းသားများဘက်က အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တွင် လက်နက်ကိုင် အဖွဲ့အစည်း ၁၇ ဖွဲ့ ပါဝင်စေလိုသော်လည်း အစိုးရဘက်က အချို့ကိုသာ ပါဝင်စေလိုသောကြောင့် ယင်းကိစ္စညှိနှိုင်း၍ မပြီးပြတ်ဘဲ ဖြစ်ခဲ့ရသည်။
မြန်မာ့နိုင်ငံရေးတွင် သမိုင်းမှတ်တိုင်သစ်တစ်ရပ် အဖြစ် သတ်မှတ်ခံရမည့် ရွေးကောက်ပွဲအတွက် လွန်စွာအခရာကျသော အဆိုပါ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲတွင် ရလဒ်တစ်စုံတစ်ရာ မထုတ်နိုင်ဘဲ ဖြစ်နေခြင်းအပေါ် ပြည်တွင်း၊ ပြည်ပမှ နိုင်ငံရေးလေ့လာသူ အချို့က စိုးရိမ်မကင်းဖြစ်လျက် ရှိသည်။ အကြောင်းမှာ ပြီးခဲ့သည့် ဇူလိုင်လအတွင်း BBC သတင်းဌာနနှင့် တွေ့ဆုံမေးမြန်းခန်းတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ အားလုံးနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်များ မရရှိသေးသရွေ့ ရာနှုန်းပြည့် အရပ်သားအစိုးရတစ်ရပ် ပေါ်ပေါက်ရန် အချိန်စောင့်ဆိုင်းရမည် ဖြစ်ကြောင်း ပြောဆိုခဲ့ခြင်းကြောင့် ဖြစ်သည်။ “ငါးနှစ်၊ ဒါမှမဟုတ် ၁၀ နှစ်လောက် ကြာနိုင်တယ် (အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် မရသေးသရွေ့)၊ ကျွန်တော်လည်း အတိအကျ မပြောနိုင်ပါဘူး” ဟု ၎င်းက ယင်းအင်တာဗျူးတွင် ပြောဆိုခဲ့သည်။
အခြေအနေအရပ်ရပ်ကို ကြည့်မည်ဆိုလျှင် တပ်မတော် (စစ်တပ်) သည် အဓိကကျသည့် နေရာများတွင် ဆက်လက်ပါရှိ၊ တစ်နည်းအားဖြင့် အာဏာဆက်ရှိနေမည် ဖြစ်ပြီး မြန်မာပြည်သူအများစုက လူထုခေါင်းဆောင်ဟု သတ်မှတ်ထားသော ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေးမှာ ငါးနှစ် သို့မဟုတ် ၁၀ နှစ် အနည်းဆုံး ကြာမြင့်မည့်သဘောတွင် ရှိနေပါသည်။ ဤသို့သော အနေအထားမျိုးတွင် ကျင်းပသည့် ရွေးကောက်ပွဲကို ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး၏ သင်္ကေတတစ်ခုအဖြစ် သတ်မှတ်၍ ရနိုင်ပါမည်လောဟု မေးစရာ ဖြစ်လာပြန်သည်။ ၂၀၁၁ ခုနှစ်မှ စတင်ကာ ငါးနှစ်နီးပါး ကြာမြင့်လာသည့် ကာလအတွင်း နိုင်ငံတကာ အသိုင်းအဝိုင်း၏ ချီးမွမ်းခံခဲ့ရရုံမျှမက အထင်ကရ နိုင်ငံကြီးများနှင့် ဆက်ဆံရေးကောင်းများ ထူထောင်နိုင်ခဲ့သော သမ္မတဦးသိန်းစိန် အစိုးရအဖွဲ့ကို ထောက်ခံသူများကတော့ သတင်းမီဒီယာ လွတ်လပ်ခွင့်ပေးခြင်း၊ ပြည်တွင်း၊ ပြည်ပမှ လွတ်လပ်သော ပညာရှင်များနှင့် လေ့လာစောင့်ကြည့်သူများ နိုင်ငံရေးဖြစ်စဉ်တွင် ပါဝင်ပတ်သက်ခွင့်ပြုခြင်း၊ နိုင်ငံရေးစကားဝိုင်းများ ပြုလုပ်ခွင့်ပြုခြင်း၊ နိုင်ငံရေးအကျဉ်းသား များစွာလွှတ်ပေးခြင်း အစရှိသည်တို့ကို ဒီမိုကရေစီ အသွင်ကူးပြောင်းမှု၏ သင်္ကေတများအဖြစ် ထောက်ပြကြပါလိမ့်မည်။ အစိုးရဆန့်ကျင်သော အဖွဲ့အစည်းများက အခြေခံဥပဒေ ပြင်ဆင်ရေး မလိုက်လျောသည့် ကိစ္စ၊ ဆန္ဒပြပြည်သူများနှင့် ကျောင်းသားများကို အင်အားသုံး ဖြိုခွင်းနှိမ်နင်းသည့် ကိစ္စရပ်များ အပါအဝင် သမ္မတဦးသိန်းစိန် အစိုးရလက်ထက် မူဝါဒရေးရာ လွဲချော်မှုအချို့ကို ထောက်ပြကြပြီး စစ်မှန်သည့် ဒီမိုကရေစီ အသွင်ကူးပြောင်းမှု မပေါ်ထွန်းသေးကြောင်း ပြောဆိုကြပေလိမ့်မည်။
ဆိုရလျှင် ဒီမိုကရေစီ စံချိန်စံနှုန်း သို့မဟုတ် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးဟူသည့် စကားဖြင့် ပြောမည်ဆိုပါက အတိုက်အခံ အင်အားစုများဘက်က အသာစီးရနေမည်သာ ဖြစ်သည်။ သို့သော် လွတ်လပ်ဖြေလျှော့ပေးခြင်း (Liberalization) ဟူသည့် စကားဖြင့် ပြောမည်ဆိုပါက သမ္မတဦးသိန်းစိန် အစိုးရဘက်က မျက်နှာပန်းပွင့်မည်မှာ အသေအချာပင် ဖြစ်သည်။ ဆိုလိုသည်မှာ လက်ရှိ မြန်မာ့နိုင်ငံရေး၏ အဓိကကျသော၊ အကဲဆတ်သော အခန်းကဏ္ဍတို့ တွင် စစ်တပ် (တပ်မတော်) ပါဝင်ပတ်သက်နေခြင်းသည် ဒီမိုကရေစီ စံချိန်စံနှုန်းတို့ဖြင့် ကိုက်ညီမှု မရှိပေ။ သို့သော် လွတ်လပ်ခွင့်ပြုခြင်း၊ ချုပ်ကိုင်မှုများ ဖြေလျှော့ပေးခြင်းဟူသည့် စကားဖြင့် ပြောမည်ဆိုပါက မြန်မာနိုင်ငံ၏ အနေအထားသည် ဒီမိုကရေစီ အသွင်ကူးပြောင်းနေသည့် အခြားနိုင်ငံများနှင့် နှိုင်းယှဉ်လျှင် အခြေအနေ အတော်ကောင်းနေပြီး ပြည်ပနိုင်ငံကြီးများ၏ အသိအမှတ်ပြု လက်ခံခြင်း (Appreciation) ရရှိထားပြီ ဖြစ်ပါသည်။ ဒီမိုကရေစီစံနှုန်းများနှင့် ကိုက်ညီမှု မရှိသော်လည်း တစ်ကျောင်းတစ်ဂါထာ အနေအထားမျိုး ဖြစ်နေသည့် မြန်မာနိုင်ငံတွင Liberalization ခေါ် ဖြေလျှော့မှုများ အရှိန်ကောင်းနေခြင်းက ခိုင်မာမှုရှိပြီး အများလက်သင့်ခံသည့် ရွေးကောက်ပွဲမျိုးကို ဦးတည်နိုင်လိမ့်မည်ဟု မျှော်လင့်ရပါသည်။
Ref: The Nation and BBC
ချွန်ထူးဟန်
The Voice Weekly
0 comments:
Post a Comment